မွှေးပျံတဲ့ ရနံလေး

အနည်းငယ် ဆူညံနေသော ခန်းမထဲကို ကျွန်မလှမ်းဝင်ကာစမှာပဲ ခေါ်သံတွေ ထွက်ပေါ်လာသည်။

“ ဟေး မြ ဒီကိုလာဟေ့ ”
“ ညီမလေး ဒီမှာလာထိုင် ”
လှမ်းကြည့်တော့ မမျိုးတို့ ဝိုင်းကဖြစ်နေသည်။ ထိုဝိုင်းတွင် ရှိသမျှ လုပ်ဖော်ကိုင်ဖက်များ အားလုံးလိုလို လက်လှမ်းပြ ကြတာကြောင့် ထိုဝိုင်းသို့ ဦးတည်လိုက်သည်။ လူပြည့်နေသော ထိုစားပွဲဝိုင်းတွင် ကျွန်မအတွက် ထိုင်ရန် အချင်းချင်း ဘေးကပ်ကာ နေရာ တစ်နေရာ ဖန်တီးပေးကြသည်။ သူတို့ပေးသော နေရာတွင် ဝင်ထိုင်ပြီး ခန်းမ၏ စင်မြင့်ကို ကြည့်လိုက်ပါသည်။ စင်မြင်ပေါ်တွင်တော့ “ ကုမ္မဏီ၂၅နှစ်ပြည့် အခမ်းအနား” ဟု စာတန်းထိုးထားသည်။ ဒီနေ့က ကုမ္မဏီရဲ့ နှစ်စဉ်ကျင်းပလေ့ရှိသည့် ညစာစားပွဲ ဖြစ်သလို တစ်နှစ်ပတ်လည်လုံး ဝန်ထမ်းများရဲ့ကြိုးစားမှုကို လည်း ချီမြင့်သည့် ဂုဏ်ပြုပွဲ အခန်းအနားလည်း ဖြစ်သည်။

“ မြရေ ဘာနဲ့လာတာလဲ ညီမလေး ”
“ ဆိုင်ကယ်နဲ့ လာတာလား”
တစ်ယောက်တစ်မျိုး လှမ်းမေးလိုက်သည့် မမျိုးနှင့် မသိင်္ဂီကို ပြန်ဖြေရန် သောက်လက်စ ရေခွက်ကို ချလိုက်ရသည်။
“ မဟုတ်ဘူး တက္ကစီငှားလာတာ အမရဲ့ မိုးချုပ်နေတော့ ဆိုင်ကယ် မစီးချင်လို့ပါ ”
“ ဒါဆို အပြန် ငါတို့ကားနဲ့ လိုက်ခဲ့ အိမ်အထိ လိုက်ပို့ပေးမယ် ”
“ ရပါတယ် အမရဲ့ တက္ကစီနဲ့ပဲ ပြန်လိုက်မယ် ”
“ အမလေးဟယ် အားနာစရာမဟုတ်တာကို.. မရဘူး လိုက်ပို့ပေးမယ် ”
“ဟုတ်”

အတင်းအကျပ် မငြင်းဆန်ချင်တာနဲ့ အလွယ်တကူ ခေါင်းညိတ်လိုက်ရသည်။
“ ကောင်မလေး သိပ်လှနေတယ်ပေါ့လေ ဟုတ်လား”
ကျွန်မပါးလေးကို ဆွဲပြီး မေးသည့် အသံကြောင့် မော့ကြည့်လိုက်မိသည်။ ကျွန်မကိုတွေ့တိုင်း ကောင်မလေးဟုသာ ခေါ်လေ့ရှိသော မမဇင် ဖြစ်နေသည်။

“ မမလည်း သိပ်လှတာပဲ ... ဘယ်မှာထိုင်တာလဲ”
“ ဟိုဘက်ဝိုင်းမှာ ”

မမဇင် လှမ်းပြသော ဘေးဝိုင်းကို ကြည့်မိတော့ တခြားလုပ်ဖော်ကိုင်ဖက်များက လက်ပြကြသဖြင့် ပြန်ပြုံးပြလိုက်ပါသည်။
“ စိတ်မကောင်း မဖြစ်နဲ့နော် ကောင်မလေး”
ကျွန်မ၏ လက်ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်အားပေးကာ မမဇင် ခပ်တိုးတိုးဆိုလာသည်။

“ ဟင် .. ညီမ ဘာမှ မဖြစ်ပါဘူး မမရဲ့”
“ အေး .. ကောင်းတယ် ဖြစ်စရာ မလိုဘူး”
မမဇင် နှင့်အတူ သူတို့ဝိုင်းကို ခဏလိုက်သွားသည်။ တခြားလုပ်ဖော်ကိုင်ဖက်များက ဝမ်းသာအားရ နှုတ်ဆက် ကြသည်။ ကျွန်မလက်ကို ဆုပ်ကိုင်ကာ သူတို့က အားပေးစကားများ ပြောကြပါသည်။

“ မြ.. အားမငယ်နဲ့သိလား ငါတို့အားလုံးပေးတဲ့ ဆုကို နင်ပဲ ရတာ”
“ မြ ဘာမှမဖြစ်ပါဘူး အဟုတ်ပြောတာ အဲဒါတွေလည်း မလိုပါဘူး”
“ ယုံတယ် ယုံတယ် တို့ညီမလေးက အရမ်းအေးချမ်းတာ ”

သူတို့အားပေးစကားများကို ကြားမိမှ စိတ်ထဲမှာ ဝမ်းသာဝမ်းနည်း ဖြစ်သွားရသည်။ တကယ်ဆိုရင် ဒီပွဲကို ဝန်ထမ်းတစ်ယောက် အနေထက် မပိုသည့် စိတ်ထားဖြင့် ကျွန်မလာခဲ့ခြင်းပါ။ သူတို့ပြောသလို စိတ်မကောင်းဖြစ် သည့်စိတ်လည်း နဲနဲမှ မရှိသလို နေ့တိုင်းအချိန်တိုင်း စေတနာ အပြည့်ဖြင့် လုပ်ငန်းခွင်မှာ လုပ်ကိုင်ခဲ့ခြင်းကို လုပ်ဖော်ကိုင်ဖက်များ သိနေတာကိုပဲ ကျေနပ်လှပါသည်။ ကျွန်မအတွက် ဆု တစ်ခုထက် ကျွန်မရဲ့ လုပ်ဆောင်ချက်ကြောင့် သူတို့တွေ စိတ်အနှောင့် မဖြစ်စေချင်တာ တစ်ခုထဲကိုပဲ လိုချင်ခဲ့ပါသည်။

~@~

ခန်းမထဲသို့ ဒေါ်ခင်မမ ဝင်လာတာကြောင့် ကျွန်မတို့ဝိုင်းမှ စကားသံ တစ်ချို့တိတ်ဆိတ်သွားကာ အချင်းချင်း လက်ကုတ်ပြီး လှမ်းကြည့်ကြသည်။ ဒေါ်ခင်မမက ဒီနေ့အတွက်တော့ မင်းသမီး ဖြစ်မည်ထင်ပါသည်။ ဟိုဟိုသည်သည် လိုက်ကြည့်ကာ ထိုင်ရန်နေရာ လိုက်ရှာနေသည်။ သို့သော် သူလှမ်းကြည့်သော ဝိုင်းများမှ ဝန်ထမ်းများက မျက်လုံးချင်းမဆိုင်ဘဲ တခြားဘက်သို့ အကြည့်ကို လွှဲနေကြသည်။ ကျွန်မတို့ဝိုင်းကို လှမ်းအကြည့်မှာ မျက်လုံးချင်းဆိုင်မိသဖြင့် ကျွန်မကပဲ အရင် ပြုံးပြလိုက်သည်။ ဒေါ်ခင်မမ မှ ပြန်လည်ပြုံးပြပြီး အလုပ်မှ လူကြီးများ ရှိသော ဝိုင်းတွင် သွားထိုင်လိုက်သည်။

“ အလကားပါဟာ သူ့ကို လူကြည့်အောင် တမင် နောက်ကျပြီးလာတာ ”
“ ဟုတ်တယ်.. ဒင်း အကြောကို နောကျေနေပြီ”
မမျိုးနှင့် မခက်မာတို့ တီးတိုးပြောနေသည်ကို ကြားရသဖြင့် ပြုံးလိုက်မိသည်။ သူတို့တွေ ဒေါ်ခင်မမကို အမြင်မကြည်ကြ။ သူတို့မှ မဟုတ်ပါဘူး အလုပ်တွင်ရှိသော ဝန်ထမ်းတိုင်း ဒေါ်ခင်မမကို သိပ်သဘောမကျတာ အကြိမ်ကြိမ် ပြန်ကြားဖူးသည်။ သဘောမကျဆို ဒေါ်ခင်မမသည် အလုပ်နှင့် ပတ်သက်ရင် လက်အောက် ငယ်သားတွေ အပေါ် ငဲ့ညှာစိတ်မရှိတတ်သော ကြောင့်ဖြစ်သည်။

ဒေါ်ခင်မမဆိုသည်မှာ ကျွန်မနှင့် QC (Quality Control) ဌာနတွင် အတူတွဲလုပ်ရသူ ဖြစ်သည်။ အောက်ခြေဝန်ထမ်းတွေ ထုတ်လုပ်သည့် ဆားကစ်ပစ္စည်းများကို အပြစ်အနာ အဆာနှင့် ချို့ယွင်းချက်များ မပါလာအောင် ဂရုတစိုက် စစ်ဆေးကြရသည်။ သူမတို့ရဲ့ ခွင့်ပြု တံဆိပ်ပါမှ ပစ္စည်းမှာထားသူများထံကို ပို့ပေးခွင့်ရှိသဖြင့် ဖိအားများသော နေရာဖြစ်သည်။ ဆားကစ်ပေါ်မှ သေးငယ်လွန်းသော အမှားများကို ပစ္စည်းထုတ်လုပ်သူများ အရင်ရှာဖွေပြီးမှ သူမတို့ထံ ပို့လိုက်သော်လည်း အမှားများကတော့ ပါလာတတ်မြဲ ဖြစ်သည်။

ကျွန်မတို့ ဌာနအတွက် စည်းကမ်းတစ်ခုမှာ ရှာတွေ့သော ချို့ယွင်းချက်များ အမှားများကို အထက်ကို တင်ပြသတင်းပို့ရခြင်း ဖြစ်သည်။ ကျွန်မတို့ အနေနှင့် အမှားများများ ရှာနိင်လေ အလုပ်က သတ်မှတ်ထားသည့် အမှတ်တိုးလေဖြစ်သည်။ သို့သော် ကျွန်မက အမှားရှာပြီး ရသည့် အမှတ် အနည်းငယ်သာ ရှိနေချိန် ဒေါ်ခင်မမက အမြဲတမ်းလိုလို အမှတ် တိုးနေခဲ့သည်။ ထို အမှတ်များသည် နှစ်ပတ်လည်နေ့တွင် ရသော ဆုငွေများနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ အမှတ်များလေ bonus များလေဖြစ်သည်။

အမှားလုပ်မိသူ ဝန်ထမ်းများကတော့ အမှတ်ဖြတ်ခံရခြင်း၊ ချက်ချင်းလက်ငင်း အထက်လူကြီးများ၏ ဆူပူခံရခြင်းနှင့် နှစ်ကုန် bonus ပေးသည့်အခါတွင်လည်း တခြားသူတွေထက် လျော့ချခံရသည်။ ဝန်ထမ်းများ၏ လခအပြောင်းလဲများသည်လည်း အမှားအရေအတွက်ကို ကြည့်ပြီး ဆုံးဖြတ်လေ့ရှိသည်။ ဝန်ထမ်းတစ်ယောက်စီ၏ အမှတ်များသည် ကျွန်မတို့၏ မှတ်ချက်များနှင့် လုပ်ငန်းခွင်ခေါင်းဆောင်၏ ထောက်ခံချက်များအပေါ် မူတည်လျှက်ရှိပါသည်။

အောက်ခြေဝန်ထမ်း ဘဝမှ တက်လာခဲ့သူ ကျွန်မအတွက် အမှားလုပ်မိချိန်တွင် ဖြစ်ပေါ်ရသော စိတ်နွမ်းနယ်မှုကို မမေ့နိင်သည့်စိတ်ကြောင့် တော်ရုံအမှားများကို အထက်ကို တင်ပြလေ့မရှိ။ ထိုပစ္စည်းကို တာဝန်ယူရသည့် ဝန်ထမ်းကို ခေါ်ကာ သူ၏ အမှားကို ပြန်စစ်ခိုင်းလေ့ရှိသည်။ သူ့အမှားကို သူတွေ့သည့်အခါ ကိုယ်တိုင် ပြန်ပြင်လေ့ရှိပြီး မတွေ့သည့်အခါမှာတော့ ကျွန်မက သူ့အမှားကို ထောက်ပြကာ နောက် မမှားဖို့ သတိပေးတတ်ပါသည်။ အထက်ထိ မရောက်ရသဖြင့် သူတို့ အမှတ်မနှုတ်ခံရ။ ကျွန်မကို လူမုန်း မများစေရန်ထက် အောက်ခြေဝန်ထမ်းဘဝက ခံစားခဲ့ရသည့် အားငယ်စိတ်နှင့် ကိုယ်ချင်းစာသော စိတ်ကြောင့် ထိုသို့ ပြုမူ မိခြင်းဖြစ်ပါသည်။

ဒေါ်ခင်မမကတော့ အမှားတစ်ခု တွေ့ရှိတိုင်း အထက်ကို ချက်ချင်း တင်ပြလေ့ရှိသည်။ တွေ့ရှိသော အမှားကို ဓာတ်ပုံရိုက်ကာ ဓာတ်ပုံနှင့် တကွအထက်သို့ တင်ပြတတ်သည်။ သူမနှင့် အမြင်မကြည်သူ ဖြစ်ပါက ပုံစံတူ ပစ္စည်း အခုတစ်ရာ ဖြစ်လည်း အခုတစ်ရာလုံး စေ့စေ့စပ်စပ် ရှာလေ့ရှိသည်ကို အမြဲလိုလို တွေ့ရလေ့ ရှိသည်။ ထိုကြောင့်လည်း ဝန်ထမ်းများက ကျွန်မနှင့် ဆုံတိုင်း ရင်ဖွင့်လေ့ရှိကြသည်။

“နင်မလာတဲ့နေ့ ဟိုမိန်းမကြီး ပစ္စည်းစစ်ရင် ငါတို့မှာ ရင်တုန်နေရတာ”
“ ငါတို့လည်း အထပ်ထပ်စစ်တာပဲ သူရှာရင် ထပ်ကိုတွေ့တယ်”
“ဒီနှစ်တော့ အမှတ်ဖြတ်ခံထားရတာ များပြီ နှစ်ကုန်bonus တော့ ဘယ်လောက်မှ ရမှာမဟုတ်တော့ပါဘူး စိတ်ညစ်ပါတယ်”

စသည်ဖြင့် ညည်းညူလေ့ရှိကြသည်။ ဒေါ်ခင်မမက အမှားတခုတွေ့သည်နှင့် အထက်ကို ချက်ချင်း တင်ပြတတ် တာကြောင့် သူစစ်သော ပစ္စည်းကို ထုတ်လုပ်သူများ ရင်မနေရကြောင်း အခါခါ ကြားဖူးသည်။ ထို့ကြောင့် ကျွန်မကို အောက်ခြေဝန်ထမ်းများ အားကိုးချစ်ခင်ကြသော်လည်း လူကြီးများကတော့ ကျေနပ်ဟန်မတူ။ ဒီတော့ ဒေါ်ခင်မမလို လူကို လူကြီးများ အလေးပေးကြသည်မှာလည်း အဆန်းတော့မဟုတ်ပါ။ ကုမ္မဏီလူကြီးများ အတွက်တော့ ဒေါ်ခင်မမက ဝန်ထမ်းကောင်း ဖြစ်မည်။ ထို့ကြောင့်လည်း ဒီနှစ်အတွက် အထူးချွန်ဆုံး အကျိုးပြုဆုံး ဝန်ထမ်းကောင်း ဆုကို ဒေါ်ခင်မမ ရရှိသွားခြင်း ဖြစ်သည်။

~@~

အလုပ်မှ အကြီးအကဲများ ဟိုဟိုသည်သည် လျှောက်ကာ ဝန်ထမ်းများကို လိုက်နှုတ်ဆက်နေကြသည်။ ကျွန်မတို့ ဝိုင်းနားရောက်တော့ မန်နေဂျာမှ ကျွန်မကို ကြည့်ပြီး ခပ်ပြုံးပြုံးလုပ်ကာ ခေါင်းညိတ်ပြသဖြင့် ပြန်ပြုံးပြ လိုက်ပါသည်။ သူ့အပြုံးထဲက အဓိပ္ပါယ်တွေကို သူမ မဝေခွဲချင်။

“ မင်းကို ပြောရအုံးမယ် မင်းရဲ့ အလုပ်က သူများ အမှားကို ရှာဖို့။ ဒီလိုပဲ သူတို့ အမှားတွေကို မင်းမဖမ်းပဲ လွတ်ပေးနေရင် မင်းအတွက် ဘာမှ အကျိုးခံစားခွင့် မရနိုင်ဘူး ။ ”

“မဟုတ်ဘူး မန်နေဂျာ ။ ကျွန်မ အမှားတွေကို လွတ်ပေးနေတာ မဟုတ်ပါဘူး။ သူတို့စစ်တာ အခုတစ်ရာမှာ တစ်ခုတလေ မှားနေတာဆို ကျွန်မ အနေနဲ့ သူတို့ကို ပြန်စစ်ခိုင်းတယ်။ နောက်မမှားဖို့ သတိပေးတယ်။ အရမ်းလွန်လာရင်တော့ ကျွန်မ ဖမ်းတာပေါ့။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးကိုတော့ ကျွန်မ အနေနဲ့ အပြစ်မယူစေချင်ဘူး။ ”

“ ဟုတ်ပြီ ။ ဒါဆို အဲဒီအမှားကို မင်း မမြင်လိုက်ဘူးဆိုရင်ရော ။ မင်းဘာပြောမလဲ။ မင်းက အိုကေတယ်ဆိုပြီး လတ်မှတ်ထိုးလိုက်ပြီ။ အဲဒီပစ္စည်းတွေက အော်ဒါမှာတဲ့ ဧည့်သည် လက်ထဲရောက်သွားပြီ။ သူတို့က အဲဒီအမှားကို တွေ့သွားလို့ ငါတို့ ကုမ္မဏီနံမည် ပျက်ရရင် မင်းဘယ်လို တာဝန် ယူမလဲ။ ”

“ ကျွန်မဘက်က အမှားမရှိဖို့ ကျွန်မအားလပ်ချိန်တောင် အပြည့်မယူဘဲ စစ်တာပါ။ သေသေချာချာစစ်ပြီးမှသာ လက်မှတ်ထိုးတာပါ။ ကျွန်မ လုပ်ဆောင်ချက်ကြောင့် ခုထိ ဘာနံမည်ပျက်မှ မရှိသေးသလို ဧည့်သည်တွေဘက်က ပြန်ရောက်လာတဲ့ ပစ္စည်းတွေလဲ ခုချိန်ထိ မရှိသေးပါဘူး။ ”

“ အေး ဘာပဲ ဖြစ်ဖြစ် အမှားပေါ်လာရင် မင်းပဲ တာဝန်ယူ ဖြေရှင်းမှာ ”

အစည်းဝေးခန်းတွင် အထက်လူကြီးရဲ့ တစ်ယောက်ချင်းခေါ်ပြောကာ သတိပေးခဲ့တာတွေကို ပြန်မြင်ယောင်မိသည်။

“ ဘာတွေပြောလိုက်လဲ မြ ။ ညည်း ဆူခံထိပြီ မဟုတ်လား။ ငါ ခဏခဏပြောပါတယ်အေ ညည်းကို အောက်က လူတွေအမှား များများဖမ်း အဲဒါမှ ညည်း ဘောက်ဆူးများများရမှာ။ လခတိုးတာလည်း မြန်တာပေါ့။ ”

“ ကျွန်မ အဲလိုတွေ မလုပ်ချင်ဘူး အမ ။ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ် မမြင်ချင်ဘူး။ ”

“ညည်းက ညည်းကို သူတို့တွေ ဝိုင်းချစ်နေကြတာကို လိုချင်နေတာ မဟုတ်လား။ သူတို့ ချစ်နေလို့ ညည်းအတွက် ဘာတက်လမ်းမှ မရှိဘူး။ အထက်က လူကြီးတွေ မြင်အောင်လုပ် အဲဒါမှ အကျိုးခံစားခွင့်ရှိမှာ နားလည်လား။ ”

“ တက်လမ်းဟုတ်လား။ သူများခေါင်းပေါ်နင်းပြီး တက်သွားတာကိုပြောတာလား အမရဲ့ တကယ် လုပ်ရတာ အောက်က လူတွေပါ။ အောက်က လူတွေ ပင်ပန်းတာကို အမ မသိဘူးလား ”
“ အေး ညည်းကို ဘာမှ မပြောတော့ဘူး။ ငါကတော့ ငါ့တာဝန်အတိုင်း လုပ်ရမှာပဲ ”

ဒေါ်ခင်မမ မကျေမနပ် ဖြစ်နေသည်က ကြာလှပါပြီ။ ကျွန်မရဲ့ လုပ်ဆောင်ချက်တွေကို အမြင်မကြည်လင်သည့် ဒေါ်ခင်မမ အထက်ကို တိုင်လိုက်သည်ဆိုတာ ကျွန်မ သဘောပေါက်လိုက်သည်။ လိုချင်လောဘများဖြင့် ပူလောင်ရသည်ထက် မည်သည့်မက်မောမှုမှ မရှိဘဲ နေထိုင်ရတာ ဘဝရဲ့ သုခတစ်ခုလို့ ကျွန်မယူဆထားသည်။ ထိုကဲ့သို့ စိတ်အနေအထားချင်း မတူသည့်အတွက်လည်း ဒေါ်ခင်ခင်မကို ဒီနှစ်အတွက် ဝန်ထမ်းကောင်း ဆုပေးကြောင်း လွန်ခဲ့သည့် ၂ ရက်ထဲက ရုံးထဲတွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကျွန်မ မလုပ်နိင်သည့် အလုပ်ကို သူပြတ်ပြတ်သားသား လုပ်နိင်တာကြောင့် ဒီဆုအတွက် ကျွန်မ မည်သည့်ဝမ်းနည်းမှုမှ မရှိပါ။ သူတို့ဝိုင်းကို သွားကာ ဒေါ်ခင်မမကို နှုတ်ဆက်လိုက်သည်။

“ အမရေ..ဒီနှစ်ဆုအတွက် ဝမ်းသာပါတယ်။ ”
“အေး အေး မြလည်း မမပြောတာတွေ မမေ့နဲ့ ကိုယ့်အတွက် ကိုယ်လုပ် မြရဲ့။ မမပြောတာ မြအတွက်ပြောနေတာ ”
“ ဟုတ်ကဲ့”
ကျွန်မအတွက်တော့ အကောင်းဆုံးက ဟုတ်ကဲ့လို့ ပြောတာက ပိုသင့်တော်မည် ထင်ပါသည်။

~@~

အခန်းအနားကို စတင်ကာ အားလုံးပျော်ပျော်ပါးပါး စားသောက်ကြသည်။ စင်မြင့်ပေါ်ကနေ ဒီနှစ်အတွက် ဌာနဆိုင်ရာ အကောင်းဆုံး ဝန်ထမ်းများ ဆုကို ကြေငြာကာ သူတို့၏ အကောင်းဆုံး လုပ်ဆောင်ချက်များနှင့် ကိုယ်ရေးအကျဉ်းများကို ပိတ်ကားပေါ်တွင် ပြသ လျှက်ရှိသည်။ သူ့အပိုင်းနှင့်သူ ရရှိသော ဆုများကို ကြော်ငြာ ချိန်တွင် ဆုရရှိသူများနှင့် လုပ်ဖော်ကိုင် ဘက်များက ဝိုင်းအော်ကာ အားပေးကြသည်။ တစ်ယောက်ချင်းစီက အားပေးစကားများ ပြောကာ ဆုရရှိခြင်းအတွက် ထောက်ခံကြသည်။

ထိုနောက် ဒေါ်ခင်မမ၏ အလှည့်ရောက်လာသည်။ အထက်လူကြီးများက လက်ခုတ်တီး အားပေးချိန်တွင် တစ်ခြားဝန်ထမ်းများက ငြိမ်သက် လျှက်ရှိသည်။ ဝန်ထမ်းများ အတွက်တော့ ဒေါ်ခင်မမရရှိသွားသည့် ဆုသည် သူတို့၏ ဆုံးရှုံးမှုများဟု တွေးနေမည် ထင်ပါသည်။ သူမ မျက်နှာသည် အနိုင်ရရှိသွားသော ကစားသမား တစ်ယောက်လို ပြုံးပျော်ရွှင် လျှက်ရှိသည်။

“ ဟင်း ဒေါ်ခင်မမရဲ့ မျက်နှာကို ကြည့်စမ်း ငါတို့ကို မတရား လုပ်တုန်းက မျက်နှာနဲ့ တစ်ခြားစီပဲ”
“ နေပါစေ။ ကိုယ်ချင်း မစာတတ်တဲ့ မိန်းမကြီး သူကို နိုင်တဲ့ သူ ပေါ်လာအုံးမှာပါ”
“ ကြည့်မနေပါနဲ့ဟာ ကိုယ့်ဘာသာ စားစရာရှိတာ စား”

တစ်ယောက် တစ်ခွန်းစီ မကျေနပ်ချက်များ ပေါ်ထွက်လာကြသည်။
“အဲဒီလို မပြောပါနဲ့ မမျိုးရယ် သူလည်း သူ့အလုပ် သူလုပ်သွားတာပါ ”
“မဟုတ်ဘူးမြ တော်ရုံတန်ရုံ အမှားသေးသေးလေးတွေဆို ငါတို့ကို ပြန်ပြောပေါ့ဟာ ချက်ချင်းပြင်လိုက်ရင် အဆင်ပြေသွားမှာ မဟုတ်လား။ ခုဟာက အမှားတွေ့နဲ့ တိုင်မယ် ဆိုတာချည်းပဲ။ တကယ်တော့ အားလုံး လုပ်ဖော်ကိုင်ဘက်တွေပဲဟာ ဖေးမရမှာပေါ့။ ခုဟာက ပြောလိုက်ရင် တာဝန်အရနဲ့ ကိုင်ပေါက်နေတော့တာ လုပ်ဖော်ကိုင်ဘက်ချင်း ရက်စက်ရဖို့ ဝန်မလေးဘူး။ သူ့ကြောင့် အလုပ်ပြုတ်တဲ့ လူလဲ ပြုတ်ကုန်တာပဲ မဟုတ်လား ”

ကျွန်မဘာမှ မပြောသာတော့ပါ။ ဒီလိုပဲ မကျေနပ်ချက်များကို ကြားနေဖန်များလှပါပြီ။ ဒေါ်ခင်မမကို ဝေဖန်လိုက် စားကြ သောက်ကြ ပျော်ကြပါးကြနှင့် ည ၁၁နာရီကျော်လောက်မှ ပြီးဆုံးသွားကြသည်။ ညစာစားပွဲပြီးနောက် အလုပ် ၅ရက်ပိတ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကြသည်။

“ မြရေ အမတို့နဲ့ လိုက်ခဲ့ပါလား”
“မလိုက်တော့ပါဘူး မသဇင်ရယ် တကူးတကကြီး လိုက်ပို့ နေရမယ် အားနာတယ်။ ”
“အမလေး အားနာရမယ့် လူတွေလား”
ထိုအချိန်တွင် ကျွန်မ အနားသို့ လုပ်ဖော်ကိုင်ဘက်များ စုလာကြသည်။ ထို့နောက်မမျိုးက သပ်ရပ်စွာ ထုတ်ပိုးထားသော အထုတ်ကလေး ကိုင်ကာ ကျွန်မကို လှမ်းပေးသည်။

“မမျိုး ဒါက ဘာလဲ”
“မြရေ ဒါက အမတို့ လုပ်ဖော်ကိုင်ဘက်တွေ စုပြီး လက်ဆောင်ပေးတာ”
“ဟင် ဘာဖြစ်လို့လဲ အမ ”

“ဟုတ်တယ် မြ... အမတို့ အားလုံးတိုင်ပင်ပြီး မြအတွက် စီစဉ်လိုက်တာ ။ တစ်နှစ်ပတ်လည်လုံး အမတို့ကို ကူညီစောင့်ရှောက်ခဲ့တဲ့ မြကို ကျေးဇူးတင်တဲ့ အနေနဲ့ ပေးတာပါ။ အကောင်းဆုံး ဝန်ထမ်းဆိုတာကို အမတို့ ဝန်ထမ်းတွေသာ ရွေးချယ်ခွင့်ရှိရင် ငါတို့အားလုံး တစ်သဘောထဲပေးမှာ မြကိုပါပဲ။”

မမျိုးစကားဆုံးတော့ မဇင်က ဝင်ပြောပြန်သည်။
“ဒါက ငါတို့ပေးတဲ့မေတ္တာဆုပါ ကောင်မလေးရယ်။ အမတို့ကြောင့် ကောင်မလေး ပင်ပန်းခဲ့တာကို အမတို့မေတ္တာနဲ့ ပေးတာပါ ”

တလှပ်လှပ်ဖြစ်သော ရင်ခုန်သံဖြင့် မမျိုးရဲ့ လက်ထဲက ပါဆယ်ထုပ်လေးကို လှမ်းယူလိုက်ပါသည်။ အားလုံး ဝိုင်းကာ ဟေး လို့ ထအော်ပြီး လက်ခုပ်များတီးကြသည်။

“ ဘာလေးလဲဟင် ”
“ အခုဖွင့်ကြည့်လိုက်လေ ”
“ ဖွင့်ကြည့်မယ် ”
လက်တထွာ ခန့်ရှိသော ဘူးလေးကို ချည်ထားသော ဖဲကြိုးများကို ကျွန်မ ဂရုတစိုက် ဖြည်လိုက်သည်။ ထို့နောက် ရွှေရောင်စက္ကူပတ်လေးကို ခွာလိုက်သည့် အခါ အနက်ရောင် ဘူးလေး ကို တွေ့လိုက်ရသည်။
အကောင်းစား ရေမွှေးပုလင်း ဖြစ်နေသည်။

“ ရေမွှေးပုလင်းလေး ပါလား”
“ ဟုတ်တယ်။ ဘာဝယ်ပေးမလဲ စဉ်းစားတော့ ညီမလေးနဲ့လိုက်ဖက်အောင် အဓိပ္ပါယ်ရှိတဲ့ လက်ဆောင် ဖြစ်အောင်လို့ ရေမွှေးပုလင်းလေး ဝယ်လိုက်ကြတာ ”
“ လုပ်ဖော်ကိုင်ဖက်တွေအပေါ် စေတနာထား ကူညီပေးတဲ့ ညီမလေးရဲ့ စိတ်ထားလေးက အမတို့အတွက် အမြဲမွှေးပျံ့နေတဲ့ ရနံ့လေး မဟုတ်လား”

“ စိတ်ကောင်းစေတနာ ဆိုတာ ပါတ်ဝန်းကျင်ကို အမြဲမွှေးပျံ့စေတယ်လေ ”

တစ်ယောက်တစ်ခွန်းဖြင့် စေတနာကို အဓိပ္ပါယ် ဖွင့်ဆိုချက်များ ကြားရသဖြင့် ကျွန်မ ဘာကြောင့်မှန်းမသိဘဲ ရင်ခုန်စိတ်လှုပ်ရှားကာ မျက်ရည်များ စို့လို့လာသည်။ တနှစ်တာလုံး ပင်ပန်းခဲ့သမျှ ပြေပျောက်သွားရတော့သည်။ လုပ်ငန်းခွင်မှာ တွေ့ရှိခဲ့သည့် အမှားများကို အထက်ကို မတင်ပြဘဲ အောက်ခြေတွင် ပြီးစီးသွားဖို့အတွက် ကျွန်မ အနေနှင့် ဒေါ်ခင်မမထက် လုပ်အားနှုန်း ပိုခဲ့ရတာကို ကျွန်မထုတ်မပြောပေမယ့် ဝန်ထမ်းများ နားလည်ကြခြင်းကို ပီတိဖြစ်လွန်းလှပါသည်။

ခုတော့ အားလုံးရဲ့ မေတ္တာတရားကို အပြည့်အဝ ရရှိလို့ ကျွန်မ ပင်ပန်းရကျိုးနပ်ခဲ့ပါပြီ။ ကျွန်မရရှိလိုက်တဲ့ ဆုလေးက လုပ်ဖော်ကိုင်ဖက်များပေးသည့် ပီတိဖြစ်စရာ မေတ္တာဆုလေးတစ်ခုပါ ။ အတ္တကင်းစင်သည့် အဖြူရောင် မေတ္တာဆုလေးကို ကျွန်မ ရင်ဝယ်ပိုက်လျှက် အိမ်ပြန်လမ်းက လှပလို့နေသည်။ အပြန်အလှန် မေတ္တာစေတနာများကြောင့် အနာဂတ်လမ်းလေးကတော့ မွှေးပျံ့သောရနံ့များ ထုံသင်းနေမှာ သေချာနေ ပါတော့သည်။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

ရယ်ရယ်မောမော



(၁)နားမလည်သေးပဲကိုး

ဆရာမ။ ။ မောင်ဖြူ မင်းကို ဆရာမ ၉၀ ပေးမယ်။ နောက်၁၀ကို ကျော်ကျော့် ဆီက ချေးလိုက်။ ဒါဆို မင်းမှာ ဘယ်လောက်ဖြစ်သွားပြီလဲ။
မောင်ဖြူ။ ။ ၉၀ပဲ ဆရာမ။
ဆရာမ။ ။ မင်းသင်္ချာ အကြောင်း ကောင်းကောင်းနားမလည်သေးပဲကိုး။
မောင်ဖြူ။ ။ ဆရာမလဲ ကျော်ကျော်အကြောင်း ကောင်းကောင်း နားမလည်သေးပဲကိုး။


(၂ ) ငါးနဲ့ကြက်သား

သားအဖ နှစ်ယောက် ထမင်းစားခန်းတွင် ထမင်းစားနေသည်။
သား။ ။ ဖေဖေက ရေကူးသိပ်တော်တာပဲ။ ဘယ်လိုတတ်တာလဲ။
အဖေ။ ။ အဖေက ငါးများများ စားလို့ပေါ့ သားရဲ့။ သားလည်း ငါးများများစား။
သား။ ။ ဒါဆို ဖေဖေ ကြက်သားစားတယ်လေ။ ကြက်ဥ မဥဘူးလားဟင်။

(၃) လက်ဆင့်ကမ်း

အတွင်းရေးမှူးကောင်မလေး။ ။ သူဌေးကတော်က သူဌေးကို မအားလဲနေပါတဲ့ ဖုန်းထဲက နမ်းမလို့တဲ့။
သူဌေး။ ။ အေး ..အေး..ငါ့မိန်းမ အနမ်း မင်းပဲ ခဏ လက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကို ပြန်ပေး။


(၄) ဒါအချစ်လားကွယ်

ကောင်လေးက သူချစ်ရတဲ့ ကောင်မလေး ဆီက အဖြေတောင်းဖို့ ရှုခင်းကောင်းလှတဲ့ တောင်ပေါ်ကို ခေါ်လာတယ်။ တောင်ပေါ်ရှုခင်းတွေ ကြည့်ရင်း
ကောင်လေး ။ ။ ချမ်းနေလား ။
ကောင်လေးရဲ့ အမေးကို ကောင်မလေးက မခို့တရို့ ပြန်ဖြေတယ်။
ကောင်မလေး။ ။ ဟင့်အင်း မချမ်းပါဘူး။
ကောင်လေး။ ။ ဟင် မချမ်းဘူးလား။ ဒါဆို မင်းအနွေးထည် ကိုယ့်ကို ခဏပေး ။ ကိုယ်အရမ်းချမ်းနေလို့ပါ။

(၅) ဆင်ခြေ

အဝတ်လျှော်ဖို့ လုပ်နေတဲ့ အမေက အမြဲတမ်း ဆင်ခြေ ပေးတက်တဲ့ သားကို ဒေါသ တကြီးနဲ့ လှမ်းပြောတယ်။
အမေ။ ။ ရှောင်မင် ဘောင်ဘီ အိပ်ထဲက ပိုက်ဆံတွေကို ထုတ်ပါလို့ပြောတာ ဘယ်နှခါ ရှိပြီလဲ ။
အမြဲတမ်း ဘောင်ဘီအိပ်ထဲက ပိုက်ဆံတွေ ထွက်ထွက်လာတယ်။
ရှောင်မင် ။ ။ အာ....အမေကလည်း အဲတာ အမေ့ကို အဝတ်လျှော်ခ ပေးတာ ။

(၆)သွားပြီးလို့

အဖေ။ ။ အဖေနဲ့ အမေကို မင်းဘယ်သူ့ပိုချစ်လဲ။
သား။ ။ နှစ်ယောက်လုံး ချစ်တယ်။
သားရဲ့အဖြေကို အဖေက မကျေမနပ် ဖြစ်ကာ
အဖေ။ ။ ကဲ ဒါဆိုကွာ အဖေက ဒစ်စနီ လိုက်ပို့မယ်။ မင်းမေမေက ပြင်သစ်ကို ရှော့ပင်းထွက်မယ်တဲ့။ သားဘယ်သူနဲ့လိုက်မလဲ။
သား။ ။ အမေနဲ့လိုက်မယ် ။ ပြင်သစ်က ပိုလှလို့။
အဖေ။ ။ ဒါဆို အဖေ ပြင်သစ် သွားမယ်ကွာ။ မင်းမေမေက ဒစ်စနီ သွားမယ်တဲ့။
သား။ ။ အမေနဲ့ပဲ လိုက်မယ်။ ပြင်သစ်က ခုဏက သွားပြီးပြီ။

(၇)တော်တော်ငိုခဲ့တာပေါ့

အငိုသန်တဲ့ မြေးမလေးကို အဖွားက စိတ်မရှည်တော့ဘူး။
“မြေးလေးရယ် မငိုနဲ့တိတ်တိတ်။ မိန်းကလေးဆိုတာ မငိုရဘူး။ ငိုလွန်းရင် ရုပ်ဆိုးတတ်တယ်ကွဲ့။”
မြေးမလေးက အငိုတိတ်သွားပြီး သူမအဖွားရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်ကာ ပြောလိုက်တယ်။
“ အဖွား ငယ်ငယ်ကတည်း ခုချိန်ထိ တော်တော်ငိုခဲ့တာပေါ့နော်။”

(၈)ဆေးရုံသွားတဲ့လမ်း

မေး ။ ။ ဆေးရုံကို ဘယ်လို သွားရလဲ ခင်ဗျ ။
ဖြေ ။ ။ ခုမြင်နေရတဲ့ လမ်းအတိုင်းသွားပါ။ လမ်းမ အလယ်ရောက်ရင် ရပ်လိုက်။ နောက် ၁၀မိနစ်လောက် နေရင် ဆေးရုံရောက်ပြီ ခင်ဗျ ။



ရယ်မောခြင်းက အသက်ရှည်စေ၏ ။ ဖတ်ဖူးသည့် တရုတ်ဟာသ ကောင်းနိုးရာရာလေးတွေကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

ချစ်ခင်လေးစားစွာ
မြတ်မွန်

ပျော်ရွှင်ခြင်းဆိုတာ...?


ဟိုတလောက သတင်းစာ တစ်ခုမှာ ထီပေါက်သွားတဲ့ လူတစ်ယောက် ရဲ့ဘဝအကြောင်း ဖတ်လိုက်မိတယ်။ အဲဒီသတင်းဖတ်ပြီးတော့ ထီနဲ့ပါတ်သတ်တဲ့ ကိုယ့်ခံယူချက်လေးကို တွေးမိသွားပါတယ်။ တကယ်တော့ ထီထိုးတာဟာ ကံစမ်းခြင်း တစ်ခုပါ။ ဒါပေမယ့် ကျွန်မ အဲဒီကံကို စမ်းသပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးတာ အမှန်ပါပဲ။ ဘာကြောင့်ဆိုတော့ ကျွန်မ ဘဝမှာ မိဘမုန့်ဖိုးပေးတာကလွဲလို့ ဘာကိုမှ အလကားရတယ် ဆိုတာ မရှိသလောက် ဖြစ်ခဲ့လို့ပါပဲ။ ကိုယ်လိုချင်တာကို ကိုယ်ဘာသာ ကြိုးစားမှ ရတာ ကျွန်မအတွက် ပုံသေနည်းတစ်ခု ဖြစ်နေပါပြီ ။

ကိုယ်ပိုင်ဆိုင်တာမှ ကိုယ့်ဥစ္စာလို့ မှတ်ယူထားတဲ့အတွက် ကျွန်မထီမထိုးဖြစ်ဘူး။ ဒီတော့ ထီပေါက်ရင်ဆိုတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ထီတကယ်ပေါက်လို့ ပျော်ရွှင်ရမယ့် ခံစားချက်တွေက ကျွန်မအတွက်တော့ တွေးရကောင်းမှန်းတောင် မသိတဲ့ ခံစားချက်တွေ ဖြစ်နေခဲ့တယ်။ သူငယ်ချင်းတွေ ထီပေါက်တဲ့အခါ ပျော်ရွှင်နေတာကို ကြည့်ပြီးလည်း ကျွန်မ အားမကျမိပါဘူး။ ငါလည်း ထီပေါက်ချင်လိုက်တာလို့ မတွေးမိတာ ကျွန်မကိုယ်တိုင်ရဲ့ မမက်မောတတ်တဲ့ စိတ်ကြောင့်ပဲ ထင်ပါတယ်။ ကိုယ်ကသာ ပေးချင်ကမ်းချင်တာ သူတစ်ပါးဆီက ရဖို့တော့ မျှော်လင့်ဖို့ဆိုတာ မပြောနဲ့ မိဘရဲ့ ပိုင်ဆိုင်မှုကိုတောင် မက်မောတတ်တဲ့သူ မဟုတ်ပြန်ဘူး။

ကျွန်မကို အတွေးပွားစေတဲ့ ထိုင်ဝမ်ရဲ့ နေ့စဉ်ထုတ် သတင်းစာမှာ ပါတဲ့သတင်းလေးက ထီပေါက်ထားတဲ့ လူတစ်ယောက်က သူ့ဘဝကို ငြီးငွေ့ပြီး အရက်တွေ သောက်ရင်း တစ်နေ့မှာ နှလုံးရောဂါနဲ့ သေဆုံးသွားတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ခုပါ ။ ထီပေါက်ပြီး ပိုက်ဆံတွေ အများကြီးရှိတာ ဘာလို့ ဘဝကို ငြီးငွေ့ရတာလဲလို့ ကျွန်မ စဉ်းစားမိတယ်။ ငွေရှိရင် အရာရာ ပြီးပြည့်စုံတယ် ဆိုရင် ဒီလူက ဘဝကို ငွေနဲ့ ပျော်ရွှင်အောင် မလုပ်နိုင်ဘူးလားလို့ အတွေးတွေ ဝင်လာပါတော့တယ်။

အသက် ၅၈အရွယ် ရှိတဲ့ အင်္ဂလန်က ကောင်းဖူး ဆိုတဲ့ လူတစ်ယောက်က ၂၀၀၅ ခုနှစ်တုန်းက အင်္ဂလန်ပေါင် ၉ သန်း ထီပေါက်ခဲ့တယ်။ သူက ယခင်က ပေါင်မုန့်လုပ်ဆရာ တစ်ဦး ဖြစ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေသူ တစ်ဦးပါ။ ထီပေါက်ပြီး ပိုက်ဆံတွေ ရှိလာတော့ သူ့ဘဝမှာ ဘာမှ လုပ်စရာ မလိုတော့အောင် ချမ်းသာလာတယ်။ ထီပေါက်တဲ့ ပိုက်ဆံနဲ့ BMW ကားအကောင်းစားတစ်စီးကို ဝယ်လိုက်တယ်။ အိမ်ကောင်းကောင်းနဲ့ နေပြီး အခိုင်းအစေတွေကို လခကောင်းကောင်းပေးထားတယ်။ မကြာခဏဆိုသလို မြင်းပြိုင်ပွဲ ဘောလုံးပွဲတွေ လောင်း လုပ်လေ့ရှိပြီး အလောင်းကစားသမားကြီး ဖြစ်လာတော့တယ်။

တကယ်တော့ ငွေကို စနစ်တကျ မသုံးတတ်တာလို့ ထင်မိပေမယ့် ကိုယ်တိုင်ထီပေါက်သူ မဟုတ်တော့ သူ့ရဲ့ ဖြစ်နေမယ့် စိတ်ကို ခန့်မှန်းရခက်ပါတယ်။ သူ့ဘဝမှာ တစ်ခါမှ မရှိဘူးတဲ့ ပိုက်ဆံတွေ အစုလိုက် အပြုံလိုက်ရလိုက်တော့ သူပျော်မယ်ထင်တာတွေ လုပ်ချင်တာတွေကို လုပ်တဲ့သဘောနဲ့တူပါရဲ့။ အလုပ်လုပ်ဖို့အတွက် ရင်းနှီးလိုက်တဲ့ ပေါင် ၇ သိန်းကိုလည်း သူများလိမ်တာ ခံလိုက်ရပြန်တယ်။ အဲဒီအခါမှာ ငွေနဲ့ပါတ်သတ်ပြီး လူတွေကို မယုံကြည်စိတ်တွေ စပြီး ဝင်လာတယ်။ စည်းစိမ်တွေကို ခံစားပြီး နေ့စဉ်နေ့တိုင်း နေလာတာကြာတော့ သူ့ဘဝကို သူ ငြီးငွေ့လာတယ်။ ပိုက်ဆံရှိပေမယ့် နောက်တစ်ကြိမ် ရင်းနှီးမြုပ်နှံဖို့လည်း သူကြောက်နေမိတာ ဖြစ်ကောင်းဖြစ်နိင်ပါတယ်။

ဒီတော့ အလုပ်မရှိတဲ့အခါ စိတ်ကူးတဲ့ရာ ဇိမ်ခံရင်း အရက်တွေသာ ဖိသောက်ရင်း အရက်သမားကြီး ဖြစ်လာတော့တယ်။ ၂၇နှစ် ကြာပေါင်းသင်းလာတဲ့ သူ့ဇနီးနဲ့လည်း ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ပြီး မကြာခင်မှာ လမ်းခွဲလိုက်ကြတယ်။ ယခင်က သူငယ်ချင်းအပေါင်းအသင်းတွေ များခဲ့ပေမယ့် ယခုပိုက်ဆံရှိလာတဲ့အခါကြတော့ ကောင်းတဲ့သူငယ်ချင်းအပေါင်းအသင်းတွေ သူနားမှာ မရှိကြတော့ဘူး။ သူကိုယ်တိုင်ကလည်း လူတွေကို မယုံတော့တာ ပါမှာပေါ့လေ။ သူပိုက်ဆံတွေ ရှိနေပေမယ့် မပျော်မရွှင်ဖြစ်လာတယ်။ ၂၀၁၀. ၃လပိုင်းမှာ သူဟာ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားခဲ့တယ်။ သူမှာ သားသမီး ၂ယောက်ကျန်ခဲ့တယ်။ အင်္ဂလန်ပေါင် ၁.၂၈သန်း အမွေထားခဲ့တယ်။

သူမသေဆုံးခင် ပြောသွားတဲ့ စကားလေးက ဘဝတွေရဲ့ ဆန်းကြယ်တဲ့ သဘောကို ထင်ဟပ်စေတယ် “ ကျုပ် ဘဝက ပိုက်ဆံတွေတော့ရှိပါတယ် ဘာမှ အဓိပ္ပါယ် မရှိတော့သလိုပဲခံစားရတယ်။ အဲတာကြောင့် ကျုပ် ပိုက်ဆံတွေ လျှောက်သုံးနေပေမယ့်လဲ ကျုပ်ဘဝကြီးကို ပျင်းစရာကောင်းလောက်အောင် ငြီးငွေ့လာတယ်လို့ ထင်မိတယ်။ အရင်က ထမင်းစားတဲ့အခါမှ အရက်ကလေး ဘာလေးသောက်တဲ့ အချိန်တုန်းက ကျုပ်မှာ သူငယ်ချင်းအပေါင်းသင်းတွေ များလို့ပေါ့။ ကျုပ် အခု ဘယ့်သူကိုမှ အယုံအကြည် မရှိတော့ဘူး။ အဲဒီတော့ ကျုပ်နားမှာ ဘယ်သူမှ မရှိတော့တာ မဆန်းပါဘူး။အဲတာကြောင့် ခင်ဗျားတို့ကို ပြောချင်တာက ကျုပ်လို မဖြစ်စေနဲ့ ။ ထီမထိုးကြပါနဲ့ ။ ” လို့ ပြောခဲ့တယ်။

ဒီသတင်းလေးကို ဖတ်ပြီး လူတစ်ယောက်မှာ အလုပ်လေးတစ်ခုရှိနေဖို့ အရမ်းအရေးကြီးတယ် ဆိုတဲ့ စိတ်ခံစားမှုလေး ဖြစ်ပေါ်လာတယ် ။ ကိုယ်လုပ်ချင်နေတာတွေ လုပ်နေရတယ်ဆိုရင် ကိုယ့်ဘဝမှာ အေးချမ်းပျော်ရွှင်နေမှာ သေချာပါတယ်။ ငွေတွေ အများကြီးရှိပြီး ပစ္စည်းဥစ္စာကို စိုးရိမ် ပူပန်နေရတဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး ။ ပိုက်ဆံရှိတိုင်းလဲ စိတ်ချမ်းသာမှုမရသလို စိတ်ချမ်းသာမှုဆိုတာလဲ ပိုက်ဆံတွေ အများကြီး ရှိနေမှ မဟုတ်ပါ။ တကယ်တော့ ချမ်းသာခြင်း၊ဆင်းရဲခြင်းဆိုတာ လူတွေရဲ့ တောင့်တမှုနဲ့ သူတို့ရရှိလာတဲ့ ပျော်ရွှင်မှု အချိုးအစားကို တိုင်းရတာ မဟုတ်လား။

ချစ်ခင်လေးစားစွာ
မြတ်မွန်

ဘယ်တော့မှ မမေ့ပါဘူး


ကျွန်မကို နယ်မြို့ကလေးတစ်မြို့မှာမွေးဖွားခဲ့သည်။ ကျွန်မကို မွေးဖွားပြီးသည့်နောက် မေမေကမီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရတာကြောင့် မိတဆိုးလေးဖြစ်ခဲ့ရသည့် ကျွန်မကို ဖေဖေက သူ့ဘဝတစ်ခုလုံး ပုံအောပြီး အချစ်ပိုခဲ့ပါသည်။ ကျွန်မက ဖေဖေ၏ အသဲနှလုံးဖြစ်သလို သူ့ဘဝ သူ့မျှော်လင့်ချက်လို့ ပြောတာကိုလည်း သိတတ်စ အရွယ်ထဲက ခဏခဏ ကြားနေခဲ့ရ၏။ တကယ်လည်း ဖေဖေကျွန်မကို သိပ်ချစ်ခဲ့ပါသည်။ မေမေက ကျွန်မကို မွေးဖွားပြီး ဆုံးပါးသွားတော့တာကြောင့် ဖေဖေ့ အစ်မဖြစ်သော ဒေါ်ကြီး၏ လက်ပေါ်တွင် ကျွန်မ၏ ငယ်ဘဝသည် မောင်နှမသားချင်း မရှိဘဲ ကြီးပြင်းခဲ့ရသည် ။


ထို့ကြောင့် ငယ်စဉ်ကတည်းက ကျွန်မ၏ ကစားဖော် ကစားဖက်မှာ ဖေဖေဖြစ်ခဲ့သည်။ ဖေဖေအလုပ်က ပြန်လာချိန်တိုင်း ကျွန်မ ဆော့ကစားချင်သည့် ကစားနည်းမျိုးစုံကို မငြီးမငြူ အဖော်လုပ်ပေးလေ့ရှိသည်။ အခုချိန်ပြန်တွေးမိမှ ကျွန်မ ဖေဖေ့ကို သနားမိတော့သည်။ ဖေဖေ့ခမျာ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာချိန်မှာတောင် ကျွန်မအလိုကို လိုက်ပြီး မငြီးမငြူ ဆော့ကစားပေးခဲ့ရှာတာကြောင့် သနားစိတ်ဝင်မိခြင်းဖြစ်၏။


ဒီလိုနှင့် ကျွန်မ ကျောင်းနေချိန်ရောက်လာခဲ့သည်။ ပထမဆုံး ကျောင်းတက်သည့် နေ့ကို ဒေါ်ကြီးက မကြာခဏ ပြန်ပြောလေ့ရှိတာကြောင့် ကျွန်မ အလွတ်ရနေသေးသည်။


“ညည်း.. ကျောင်းစတက်တဲ့ နေ့ကတော့လေ ပြောစမှတ်ကို ဖြစ်ရော။ ငါ့မှာတော့ လှလှပပလေးဝတ်စားပေး၊ သနပ်ခါးအဖွေးသားလေးလူးပြီး ကျောင်းလွှတ်ပါတယ်။ ညည်းအဖေက ဘာလုပ်တယ်မှတ်လဲ။ ကျောင်းပေါက်ဝရောက်မှ သူ့သမီးက ငိုလို့တဲ့... အဲ့ဒါ ကလေးကိုပြန်ခေါ်ပြီး စက်ဘီးပေါ်တင် လျှောက်သွားကြတယ်တဲ့လေ။ ငါ့မှာတော့ နေ့ခင်းကျောင်းဆင်းချိန် ညည်းကို လာကြည့်မှပဲ အဖေရော သမီးပါ ပျောက်နေတာ သိရတယ်။ သမီးနဲ့ ကျောင်းအတူ လိုက်ပြေးတဲ့ အဖေတဲ့။ ကြား..ကြားဖူးပေါင်တော်။”


ထိုသို့ပြောတိုင်း ဖေဖေကတော့ ရယ်ကျဲကျဲလုပ်နေလေ့ရှိသည်။ ကျွန်မက ဖေဖေ့လက်မောင်းကို ဆွဲပြီး..


“အဲဒါပြောတာပေါ့ ဖေဖေက သမီးကိုသိပ်ချစ်တာ။ ဒေါ်ကြီးသာ သမီးကို မချစ်တာ။”


ကျွန်မက အဲဒီလို ပြန်ကြည်စယ်လိုက်လျင် ဒေါ်ကြီးက မျက်စောင်းလှမ်းထိုးတော့သည်။


“ အေးပါ..အေးပါ။ ငါက မိန်းမကြမ်းကြီးပါတော်။ ညည်းကို ရိုက်ပုတ်ပြီး ကျောင်းထားခဲ့လို့ ညည်းစာတတ်ခဲ့တာလေးတော့ မမေ့ပါနဲ့အေ။ ညည်းအဖေနဲ့သာ ကျောင်းလွှတ်ရင် နေ့တိုင်း နှစ်ယောက်သား ကျောင်းပြေးနေကြမှာ မြင်ယောင်သေး။ ”


ဖေဖေကျောင်းလိုက်ပို့ပေးတိုင်း ကျွန်မ ကျောင်းဝင်းထဲ မဝင်ချင်တာသိလို့ နောက်ပိုင်း ဒေါ်ကြီးကပဲ ကျွန်မကို ကျောင်းလိုက်ပို့တော့သည်။ ကျွန်မငိုရင်လည်း ဆရာမလက်ထဲ မရရအောင် အပ်ထားခဲ့တာကြောင့် ကြာလာတော့ ကျွန်မလည်း စာသင်ကျောင်းမှာ ပျော်မွေ့သွားတော့၏။ ကျွန်မတို့ နေအိမ်နှင့် စာသင်ကျောင်းက အတော်အသင့် ဝေးလံပါသည်။ စာသင်ကျောင်းကလေးကို ရောက်ဖို့အတွက် စပါးခင်းတွေ ခြံရံထားသည့် တောလမ်း ကွေ့ကွေ့ကောက်ကောက်လေး အတိုင်း သွားရသည်။ ကျောင်းဆင်းချိန် ညနေခင်းတွေမှာ စပါးခင်းတွေ၏ တဖက်ကို နိမ့်ဆင်းသွားသည့် နေလုံးနီနီကြီးနှင့် နေဝင်ချိန်တွေက အခုချိန်ထိ ပြန်တွေးမိတိုင်း လွမ်းမောဖွယ်ရာ ကောင်းနေဆဲဖြစ်သည်။


မနက်ခင်းမှာ ကျွန်မကို ဒေါ်ကြီးက ကျောင်းပို့ပေးပြီး ကျောင်းဆင်းချိန်တွေကိုတော့ ဖေဖေက စက်ဘီးလေးနှင့်လာကြိုလေ့ရှိသည်။ စက်ဘီးကယ်ရီယာ ခုံနောက်မှာ ထိုင်လိုက်ရင်း ဆရာမ သင်ပေးလိုက်သည့် ကဗျာလေးတွေကို ကျွန်မအော်ရွတ်လေ့ရှိ၏။ ကျွန်မစာတွေ ကဗျာတွေရွတ်လို့ ငြိမ်သွားသည့်အခါ “ ငါ့သမီးလေးမောသွားပြီးလား” ဟုဖေဖေက စက်ဘီးနင်းရင်း ကျွန်မခေါင်းလေးကို ပွတ်ပြီးမေးတတ်ပြန်သည်။


ထိုသို့မေးလိုက်လျင် ကျွန်မက အားအင်သစ်လေးတွေ ဝင်လာပြီး နောက်ထပ် ကဗျာတွေ ရွတ်ဆိုပြန်ပါတော့သည်။ ဒီလိုနှင့် ဘကြီးဖြိုးတို့ ကုန်စုံဆိုင်ရှေ့ရောက်လျင်တော့ ဖေဖေက ကျွန်မကို ရေခဲချောင်း ဝယ်ကျွေးလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း ဖေဖေဝယ်ကျွေးသည့် ရေခဲချောင်းရယ်၊ ဖေဖေ့ရဲ့ကျောပြင်လေးရယ်၊ စက်ဘီး ကယ်ရီယာခုံလေးရယ်က အခုလို အသက်အရွယ် ကြီးပြင်းလာချိန်အထိ မမေ့နိင်သည့် ပုံရိပ်လေးတွေဖြစ်နေခဲ့သည်။


ကျောင်းတက်စ ကလေးဘဝက စပြီး အထက်တန်း ရောက်သည်အထိ ဖေဖေက ကျွန်မကို မပျက်မကွက် ကျောင်းလာ ကြိုလေ့ရှိသည်။ ကျွန်မကလည်း စက်ဘီးကယ်ရီယာ ခုံနောက်မှာ ဖေဖေ့ ခါးကိုဖက်ပြီး လိုက်ပါစမြဲဖြစ်၏။ အထက်တန်းအောင်ပြီး မြို့ပေါ်အထိသွား၍ တက္ကသိုလ်တက်ရသည့် အချိန်မှာတော့ ကျောင်းပိတ်ရက်တိုင်း ကျွန်မ အိမ်ကို ပြန်ဖြစ်ခဲ့သည်။ အိမ်မှာက ကျွန်မကို သိပ်လွမ်းနေမည့် ဖေဖေက နေ့တိုင်းမျှော်နေတတ်တာကြောင့်ဖြစ်သည်။။ ကျွန်မ မြို့ပေါ်မှာ ကျောင်းသွားတက်ပြီးသည့် နောက်ပိုင်းမှ ဖေဖေက ဒေါ်ကြီးကို နေ့တွေခဏခဏ မေးတတ်လာသည်ဟု မိသားစု ထမင်းဝိုင်းမှာ ဒေါ်ကြီး ပြန်ပြောပြတတ်သည်။


“အစ်မ..ဒီနေ့...ဗုဒ္ဓဟူးလား... ကြာသာပတေးလား”

“ဗုဒ္ဓဟူးနေ့ပါတော်။ နောက် သုံးရက်နေမှ နင့်သမီးကပြန်လာမှာ။ ”


ဒေါ်ကြီးက ဖေဖေရဲ့ ရည်ရွယ်ရင်းကိုပါ ထိုကဲ့သို့ ပိတ်ပိတ်ပြီး ဖြေလိုက်သည်တဲ့လေ။ စစနောက်နောက်ဖြင့် ကျွန်မပြန်လာချိန် မိသားစု ထမင်းဝိုင်းလေးမှာ စိုပြေလွန်းလှသည်။


ကျောင်းပိတ်၍အိမ်ပြန်ဖြစ်သည့် ရက်တွေရောက်တိုင်း ဖေဖေက ကျွန်မ ပြန်လာမည့် ဘူတာရုံလေးမှာ လာကြိုလေ့ရှိသည်။ နယ်မြို့ကလေးရဲ့ဘူတာရုံရှေ့က သရက်ပင်ကြီး၏ အမြစ်တွေပေါ်တွင် ငုတ်တုတ်လေးထိုင်ရင်း ဘူတာရုံ အပေါက်ဝကို စူးစိုက်ငေးနေတတ်သည့် ဖေဖေ့ကိုမြင်လျင် ကျွန်မကိုယ်တိုင်လည်း အားအင်တွေ စီးဝင်လာမိသည်။ ကျွန်မလွယ်လာသည့် ကျောပိုးအိတ်လေးကို စက်ဘီးရှေ့က ခြင်းလေးထဲမှာထည့်၊ ကျွန်မကို နောက်ခုံကယ်ရီယာမှာ တင်ပြီးအိမ်ပြန်လာကြသည်။


ဒီတခါတော့ ကျွန်မက ငယ်ငယ်ကလို ကဗျာရွတ်မပြဖြစ်တော့။ ဖေဖေစက်ဘီးလေးကို အလွမ်းပြေစီးရင်း မြို့ပေါ်သွားပြီး ကျောင်းတက်ရသည့် အတွေ့အကြုံလေးတွေကို မနားတမ်း ပြောပြဖြစ်သည်။ ဖေဖေ့ကို သတိရကြောင်း ပြောလိုက်ပြီဆိုလျင် ဖေဖေက “ငါ့သမီးလေးကို ဖေဖေက အချိန်တိုင်း လွမ်းနေရတာပါကွယ်” ဆိုပြီး ပြန်ပြောတတ်သည်။ ထိုကဲ့သို့စကား ကြားတိုင်း ကျွန်မရင်ထဲမှာ လှိုက်ခနဲဖြစ်ရသည်အထိ ဝမ်းနည်းမိသည်မှာ ဖေဖေ့ရဲ့ မေတ္တာစစ်မှန်လွန်းတာကြောင့်ဟု ယုံကြည်မိပါသည်။


အိမ်ပြန်လမ်း တစ်လျှောက် စကားတွေ မနားတမ်း ပြောရင်း ဘကြီးဖြိုး၏ ကုန်စုံဆိုင်ရှေ့ရောက်လျင် ဖေဖေက စက်ဘီးရပ်ကာ ငယ်စဉ်ကလို ကျွန်မကို အမောပြေ ရေခဲချောင်း ဝယ်ကျွေးပြန်သည်။ ဖေဖေဝယ်ကျွေးသည့် ရေခဲချောင်းလေး စားရင်း ကျွန်မ ငယ်ဘဝကို သတိရမိတာလည်း အကြိမ်ကြိမ်အခါခါဖြစ်သည်။


ကျောင်းပြီး၍ လုပ်ငန်းခွင် ဝင်ချိန်မှာတော့ ကျွန်မတတ်ထားသည့် ပညာဖြင့် မြို့ပေါ်က လုပ်ငန်းခွင်ကိုပဲ ရွေးချယ်ခဲ့သည်။ တက္ကသိုလ် ကျောင်းသူဘဝကလို အပါတ်စဉ် ကျောင်းပိတ်ရက်တိုင်း အိမ်ပြန်ဖို့ အဆင်မပြေတော့ပါ။ လုပ်ငန်းခွင် ဝင်စကတော့ တစ်လတစ်ခေါက်လောက် အိမ်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ နှစ်လနေ၍မှ တစ်ခေါက်လောက်ပဲ ပြန်ဖြစ်တော့သည်။


ကျွန်မ ပြန်လာတိုင်း ဖေဖေကတော့ ကျောင်းသူဘဝတုန်းကလို ဘူတာရုံလေးမှာ လာစောင့်နေလေ့ရှိသည်။ သူ့စက်ဘီးအိုလေးကို ဘေးမှာရပ်၊ သစ်မြစ်ကြီးပေါ်မှာ ထိုင်ရင်း ကျွန်မကို မပြောင်းမလဲ အရင်လို စောင့်မျှော်နေမြဲဖြစ်သည်။ ပြောင်းလဲလာသည်ကတော့ အသက်အရွယ်ရလာပြီး ဇရာ၏ အမှတ်အသားတွေ ဖြစ်သည့် ဆံပင်တွေ ဖြူလာခြင်းဖြစ်သည်။ အသက်အရွယ် ရလာသည့် ဖေဖေရဲ့ စက်ဘီးနောက်မှာ ကျမ လိုက်မထိုင်ရက်တော့ပါ။


“ဖေဖေပင်ပန်းပါတယ် အိမ်ကပဲ သမီး ပြန်အလာကို စောင့်ပါဖေဖေရယ်”

“ ငါ့သမီးလေး ပြန်လာမှာ သိပေမယ့် မြန်မြန်တွေ့ချင်လို့ပါကွယ်”

ဖေဖေ့ရဲ့ ဝမ်းနည်းဟန်စွက်နေတဲ့ စကားသံအောက်မှာ ကျွန်မ မျက်ရည်ဝဲမိရပြန်သည်။

“ ဖေဖေ အသက်ကြီးပြီလေ။ သမီးကို တင်မနင်းနဲ့တော့နော် ”

“ သမီးလေးအတွက် ဖေဖေ့မှာ အားတွေရှိပါသေးတယ်ကွ။”


ကျွန်မတားသော်လည်း ဖေဖေက စက်ဘီးပေါ်တင်နင်းမြဲပါပဲ။ နှစ်ပေါင်းများစွာ ကြာသည်အထိ ဖေဖေ့၏ ကျွန်မအပေါ် ထားသည့် မေတ္တာနှင့် အကြွင်းမဲ့ ချစ်ခြင်းက မပြောင်းမလဲ ရှိနေအုံးမည်။ ဘယ်အခါမှလည်း ပြောင်းလဲသွားမည်ဟု မထင်ပေ။


ဒီလိုနှင့် လုပ်ငန်းခွင်ရှိသောမြို့ပြနှင့် ဖေဖေမျှော်နေမည့် ကျွန်မ၏ နယ်မြို့ကလေးကို ကူးချည်သန်းချည်လုပ်ရင်း ကျွန်မလည်း လုပ်သက်လေးရခဲ့သည်။ နောက်ပိုင်းမှာတော့ လုပ်ငန်းခွင် အခြေအနေအရရယ် ကျွန်မကိုယ်တိုင် မြို့ပြမှာ ပျော်ဝင်နေမိတာတွေရယ်ကြောင့် နယ်မြို့ကလေးထံ တော်တော်နှင့် မပြန်ဖြစ်ခဲ့။ အိမ်ကိုထည့်သည့် စာတွေမှာလည်း “ဖေဖေရေ ဒီတစ်လတော့ ပြန်မလာဖြစ်ဘူးထင်တယ်။ အလုပ်တွေ များနေလို့။” ဆိုသည့် စာကြောင်းတွေပဲ ထပ်ထပ်လာနေခဲ့၏။ ကျွန်မ၏ မြို့ကလေးထံကို ပြန်မရောက်ဖြစ်သည်မှာ ကြာသွားခဲ့သည်။


ထို့နောက်ပိုင်း ကျွန်မ၏လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်လာတာကြောင့် အလုပ်ကရသည့် ဆုကြေးငွေများနှင့် ကျွန်မစုဆောင်းထားသည့် ငွေလေးကို ပေါင်းစပ်ကာ ကားတပါတ်ရစ်လေးတစ်စီး ဝယ်လိုက်တော့သည်။ အဓိကရည်ရွယ်ချက်ကတော့ အချိန်မရွေး ဖေဖေ့ထံ ပြန်လို့ရအောင်ဖြစ်သည်။ ကားလေးရှိလျင် ဖေဖေလည်း ကျွန်မကို စက်ဘီးနှင့် လာကြိုစရာ မလိုတော့ဘူးဆိုသည့် အတွေးက ရှေ့ဆုံးက ပါဝင်ပါသည်။ ဖေဖေကို ကားပေါ်တင်ပြီး မြို့ကလေးထဲမှာ လိုက်ပတ်မယ်လို့ တွေးထားမိသည်။ မော်တော်ကားလေးကို မြင်လျင် ဖေဖေ ပျော်သွားမည် ထင်ပါသည်။


ကားဝယ်ပြီးသည့်နောက် လူကြုံနှင့် ဒီတပါတ် စနေ အိမ်ပြန်လာခဲ့မယ်လို့ ဖေဖေ့ကိုမှာလိုက်သည်။ ဖေဖေ့စိတ်ကို သိနေတာကြောင့် ဘူတာရုံကို လာမကြိုဖို့ အိမ်ကပဲစောင့်နေဖို့ အထပ်ထပ်အခါခါ မှာလိုက်သေး၏။ စနေနေ့ရောက်တော့ ဝယ်ထားတဲ့ ကားလေးမောင်းပြီး အိမ်ပြန်လာခဲ့တော့သည်။ ကျွန်မပြန်လာနေကျ ဘူတာရုံလေးနားရောက်၍ သတိတရ ကြည့်လိုက်ချိန်မှာ ဖေဖေကို ဘူတာရုံဘေးက အပင်ကြီးရဲ့ အမြစ်တွေပေါ်တွင် ကျွန်မပြန်အလာကို ထိုင်စောင့်နေသည်ကို တွေ့လိုက်ရ၏။ ဘေးတွင်တော့ ငယ်ငယ်ကတည်းက ကျွန်မကို တင်နင်းခဲ့သည့် စက်ဘီအိုလေး ရပ်လျက်သားဖြစ်သည်။


ဆံပင်တွေဖြူနေပြီး မျက်မှန်ကိုင်းအနက်လေးကို တပ်ကာ ရထားဝင်လာချိန်နီး၍ ဘူတာရုံ အပေါက်ဝကို ငေးစိုက်ကြည့်နေသည့် ဖေဖေ့ကို တွေ့ရသဖြင့် ကျွန်မစိတ်မကောင်း ဖြစ်သွားမိသည်။ လာမကြိုဖို့ ပြောထားလျက်နှင့် ဖေဖေ စောင့်နေသည်ကို တွေ့သဖြင့် ကျွန်မဝမ်းနည်းမိ၏။ ယခုလို အသက်အရွယ် ကြီးရင့်နေချိန်မှာတောင် ကျွန်မကို ကလေးတစ်ယောက်လို စက်ဘီးပေါ်တင်ပြီး နင်းချင်နေသေးသည့် ဖေဖေ့မေတ္တာကို ကျွန်မခံစားလိုက်ရသည်။ တကယ်တော့ ဖေဖေအနေနှင့် သူတစ်ယောက်ထဲတောင် စက်ဘီးကြာကြာနင်းဖို့ မသင့်တော့သည့် အရွယ်ရောက်နေခဲ့ပြီ။ ကျွန်မ ချက်ချင်းပဲ ကားပေါ်က ဆင်းကာ ဖေဖေကို ပြေးဖက်လိုက်မိ၏။


“ ဖေဖေ စောင့်နေတာ ကြာပြီလား ”

“ မကြာသေးပါဘူး သမီးရဲ့”


“ ဒါ သမီး ပိုက်ဆံ စုပြီး ဝယ်လိုက်တဲ့ ကားလေ ဖေဖေရဲ့။ လှတယ်မဟုတ်လား။ လာ...ဖေဖေ...လာ ကားပေါ်တက်။ သမီးတို့ ကားကြီးမောင်းပြီး တူတူ ပြန်ကြမယ်။ ”


ကျွန်မက ဝမ်းသာ အားရနှင့် ကားလေး၏ ဘေးတစ်ဖက်ကို ပုတ်ပြရင်း ခပ်မြူးမြူးလေး ပြောလိုက်သည်။


ဖေဖေက ကျွန်မ စီးလာသည့် ကားလေးကို သေသေချာချာ ကြည့်၏။ ကားဘောနပ်လေးကို လက်ကလေးနှင့် ပွတ်၏။ ထို့နောက် စက်ဘီးဒေါက်ကို ဖြုတ်ပြီး


“ သမီး ညည်းကားကြီး မောင်းလိုက်လာခဲ့။ ”


ဖေဖေက ကျွန်မ မောင်းလာသည့် ကားပေါ်ကို မတက်ဘဲ ကျွန်မ ကားရှေ့မှ စက်ဘီးလေးကို ဖြေးဖြေးချင်း နင်းသွားခဲ့သည်။ ပြန်မလာတာ ကြာလို့ ကျွန်မကို ဖေဖေ စိတ်ကောက်နေတာဖြစ်မည်လို့ တွေးမိလိုက်တာကြောင့် ကျွန်မပြုံးလိုက်မိသည်။ အိမ်ရောက်မှပဲ ချော့ရတော့မည်။ ဖေဖေက ကျွန်မ တစ်ခွန်း နှစ်ခွန်း ပြောလိုက်ရုံနဲ့ စိတ်ကောက်ပြေမယ်ဆိုတာ သိနေပါသည်။


အိမ်ပြန်လမ်းမှာ ကျမကားကို ဖေဖေ့ စက်ဘီးလေး၏ အနောက်က တဖြည်းဖြည်း မောင်းပြီး လိုက်လာခဲ့သည်။ အားစိုက်နင်းလိုက်တိုင်း ရှေ့ကို ကုန်းကုန်းသွားသည့် ဖေဖေ့ ကျောပြင်လေးကို ကြည့်ရင်း ဘာကြောင့်မှန်းမသိ ကျွန်မ ဝမ်းနည်းမိလာသည်။ အိုမင်းရင့်ရော်မှုတွေနှင့် ဖေဖေ့ကို မြင်ရသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ လမ်းအနည်းငယ် ကျယ်သည့်နေရာ ရောက်တာကြောင့် ဖေဖေ့ စက်ဘီးဘေးနားကို ယှဉ်ကပ်လိုက်သည်။ ကျွန်မကို ဖေဖေပြုံးလျက် လှည့်ကြည့်၏။ ဖေဖေ့ နဖူးမှာ ချွေးစလေးတွေနှင့် ။ ကျွန်မ အရှေ့ခပ်လှမ်းလှမ်းမှာ ကားရပ်ကာ ဖေဖေ့ကို စောင့်နေလိုက်သည်။


“ ကားပေါ်တက်ပါဖေဖေရယ်။ ဘာလဲ...ဖေဖေက သမီးပြန်မလာတာ ကြာလို့ စိတ်ဆိုးနေတာလား။ ဒါမှမဟုတ် ဖေဖေ့ရဲ့ စီးတော်ယာဉ်ကြီး ပျောက်မှာစိုးလို့လား။ ခဏနေမှ တစ်ယောက်ယောက် လာယူခိုင်းလိုက်မယ်လေ”


ဖေဖေစိတ်ဆိုးပြေစေရန် ကျွန်မက ခပ်မြူးမြူလေး ပြောလိုက်သည်။ ဖေဖေက နဖူးစက ချွေးစက်များကို လက်ခုံဖြင့်သုတ်ရင်း..


“ ငါ့သမီးလေးကို ဖေဖေ စိတ်မဆိုးပါဘူးကွယ်။ စက်ဘီးပျောက်မှာ ကြောက်လို့နင်းနေတာလည်း မဟုတ်ပါဘူး။”


“ဒါဆို ဘာဖြစ်လို့ ကားပေါ်မတက်ဘဲ စက်ဘီးကို အားစိုက်နင်းနေရတာလဲ”


ကျွန်မ မေးခွန်းဆုံးတော့ ဖေဖေက ကျွန်မဘက်ကို ငဲ့ကြည့်သည်။ ထို့နောက် တချက်ပြုံးလိုက်ပြီး


“ ဖေဖေခုလို စက်ဘီးနဲ့ ရှေ့ကနင်းပြီး ပြန်ရတာဘာကြောင့်လဲသိလား”


“ဘာလို့လဲဖေဖေ ”


ဖေဖေက ကျွန်မခေါင်းလေးကို တချက်ပွတ်ရင်း ပြန်ဖြေသည်။


“အိမ်ပြန်လမ်းကို သမီး မေ့နေမှာစိုးလို့ပါ”


ထို့နောက် ဖေဖေ သူ့စက်ဘီးလေးပေါ်တက်ပြီး ရှေ့ကဆက်နင်းသွားသည်။ ဖေဖေ့ စကားသံတွေ အထပ်ထပ် ကြားယောင်ပြီး ကျွန်မ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာတော့၏။ ကျွန်မက မြို့ပြရဲ့ ခေတ်မှီမှုမှာ ပျော်ဝင်နေချိန် ဖေဖေ ကျွန်မကို သိပ်လွမ်းနေခဲ့မှာပဲလေ။ ကျွန်မ အိမ်ရောက်ရင်တော့ ဖေဖေ့ကို လေးလေးနက်နက် ပြောရမည့်စကားတခွန်း ရှိနေခဲ့ပါပြီ။ အဲဒါကတော့....


“ သမီး အိမ်ပြန်လမ်းကို ဘယ်တော့မှ မမေ့ပါဘူးဖေဖေ ”

ချစ်ခင်လေးစားစွာ

မြတ်မွန်

မမက “လမင်း”ဆိုရင်
ညီမလေးက ကြယ်လေးပေါ့။

ဟင့်အင်း
ညီမလေးက “တိမ်”

လမင်းကြီးက
ကြယ်လေးတွေကို ချစ်တယ်လေ ညီမလေးရဲ့။

ထွန်းလင်းတောက်ပနေတဲ့“ကြယ်”
မဖြစ်ချင်ပါဘူး မမရာ။

တိမ်မဖြစ်ချင်စမ်းပါနဲ့ညီမလေးရယ်
လမင်းကို တိမ်က အနှောင့်အယှက်ပေးနေတာ

အမြင်မှားနေတာ မမရဲ့
တိမ်ကလမင်းကို ကာကွယ်ပေးထားတာ။

အို ဘယ်ကလာ
တိမ်ဖုံးပါလို့ လမသာလေ ညီမလေးရဲ့

လူတွေက လမင်းရှိရက်နဲ့တောင်
လရဲ့အလင်းရောင်ကို အရေးမစိုက်ကြဘူးလေ

ဒါပေမယ့် လမင်းက

အလင်းရောင်ပဲ ပေးစွမ်းချင်တာ သူ့စေတနာပေါ့ညီမလေးရယ်

အဲဒီတော့ တိမ်ကကာကွယ်ပေးထားတယ်
လရောင်ပျောက်ဆုံးသွားမှ
လူတွေကတောင့်တကြတာပါ။

ဒါဆိုရင်
ကြယ်လေးတွေကိုချစ်သလို
ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးတဲ့
တိမ်ကလေးကိုလည်းချစ်တာပေါ့

တိမ်တွေ ကာကွယ်ပေးတဲ့နေ့တွေဆို
လမင်းအနားရတာပေါ့နော်။

{ မြတ်မွန် }


တစ်ခါတစ်လေမှာ ကိုယ့်အယူအဆတွေနဲ့ အထင်အမြင်တွေကို ပြောင်းလဲလိုက်မယ်ဆိုရင် အရာရာက ငြိမ်းချမ်းသွားမယ် ထင်တယ်နော်။ ကိုယ် ဘယ်တွေးမလဲ အပေါ်မှာပဲ မူတည်ပါတယ်။

ps; ချစ်ညီမလေး တိမ်ကလေး(ဒီဒီး)နဲ့ စကားပြောရင်း ရလိုက်တဲ့ စိတ်ကူးလေးပါ။ ညီမလေးကို ကျေးဇူးတင်ပါတယ်။


မာနပီတိ



သုံနှစ်သုံးမိုး မကအောင် လွမ်းဆွတ်နေရသည့် အမိမြန်မာပြည်ကို ပြန်ရတော့မည် ဆိုသည့်အသိလေးနှင့်ပင် မပြန်ခင်ကတည်းက ရင်ခုန် စိတ်လှုပ်ရှား နေခဲ့၏။ မတွေ့ရတာ ကြာနေပြီ ဖြစ်သည့် ဖေဖေ မေမေနှင့် မောင်လေး၂ယောက်ကို တွေ့ရတော့မည်။ မပြန်ခင် တစ်ပါတ်လောက်အလိုကတည်း မေမေမှာသည့် ပစ္စည်းလေးတွေရယ်၊ မောင်လေးနှစ်ယောက် ပူဆာတဲ့ ပစ္စည်းလေးတွေကို လိုက်ရှာဖွေဝယ်ရင်း ပျော်ရွှင်ကြည်နူး နေမိပါသည်။ ဖေဖေကြိုက်တတ်သည့် ပစ္စည်းလေးတွေကိုတော့ မေမေဆီက တစ်ဆင့် မေးပြီး လိုက်လံ ရှာဖွေ ဝယ်ခဲ့သည်။ ဖေဖေနှင့် ကျွန်မကတော့ စကားမပြောဖြစ်ကြတာ တော်တော်ကြာနေပြီ။ ဖေဖေကို စကားတွေ တစ်ဝကြီး ပြောချင်နေမိသည်။ မြန်မာပြည်ကို ဖုန်းခေါ်တိုင်း ဖေဖေနှင့် ပြောခွင့် မရခဲ့ပေ။ ကျဆင်းသွားသည့် စီးပွားရေးကြောင့် ကျွန်မရဲ့ ထောက်ပံ့ပေးမှုကို မယူချင်ဘဲ ယူနေရသည့် အတွက် ဖေဖေ မာနဖြင့် စကားတွေ ဖောင်ဖွဲ့ မပြောခဲ့မှန်း ခန့်မှန်းလို့ရခဲ့သည်။ ဖေဖေထံတွင် ယနေ့အထိ လွှင့်ထူထားသည်မှာ သူ့ရဲ့ မာန တရားဖြစ်မည်လို့ ထင်မိသည်။


ပြန်လာခါနီး မေမေနှင့်ဖုန်းပြောတော့

“သမီးဖေဖေက သမီးကို သိပ်တွေ့ချင်နေရှာတာပါ၊ သူ့ကို စိတ်မကွက်နဲ့နော်သမီး တကယ်တော့ ညည်းအဖေက နှလုံးသားကို မာနနဲ့ ဖုံးထားတာလေ။ သမီးပြန်လာမယ်လို့ ပြောတဲ့နေ့ကများ သူ့မှာ တပြုံးပြုံးနဲ့ ”
ထိုစကားကြားတော့ ကျွန်မ ကြည်နူးရသည်။ တစ်ရက် နှစ်ရက်ကိုပင် မစောင့်နိင်လောက်အောင် ပြန်ချင်နေပြီ။

“သမီးလည်း ဖေဖေနဲ့ တွေ့ချင်ပါတယ် မေမေရယ် ဒါပေမယ့် ဖေဖေက သိပ်မာန ကြီးတာပဲ”

မေမေကို ပြောရင်း စိတ်ထဲမှာလည်း တွေးမိသည်။ ဖေဖေမာနတွေ ဘယ်တော့များမှ လျှော့မှာလည်း ငါ အသက်ရှင် လုပ်ကိုင်နိုင်သေး သ၍ ဘယ်သူ့ကိုမှ အားမကိုးဘူးကွ သားသမီးလုပ်စာကို မျှော်ကိုးမဲ့ အဖေ မျိုးမဟုတ်ဘူး လို့ ဟစ်ကြွေးတတ်ခြင်းသည် သားသမီးနှင့် မိဘကြား မထားသင့်တဲ့ မာနလို့ ကျွန်မ မြင်မိသည် ။ ဖေဖေအကြောင်း တွေးမိတိုင်း ကျွန်မ မကြာခဏ ဆိုသလို သက်ပြင်း အကြိမ်ကြိမ်ချမိပါသည်။

ဆယ်တန်းနှစ်က စပြီး ဖေဖေ့ရဲ့ စီးပွါးရေးတွေ အဆင်မပြေ ဖြစ်ခဲ့သည်။ အကြီးဆုံးဖြစ်သည့် ကျွန်မ တစ်ဘက်တစ်လှမ်းက ဖေဖေ့ကို ကူညီချင်ခဲ့သည်။ ဆယ်တန်းအောင်ရင် ကြိုက်တာလုပ်နိုင်တယ် ဆိုတဲ့ ဖေဖေရဲ့ စကားတစ်ခွန်းကို အသုံးချပြီး ကျွန်မ လုပ်ချင်တာကို အစီအစဉ် တကျလုပ်ခဲ့သည်။ ညအိပ်ညနေ ဘယ်အခါမှ မခွဲခဲ့ဘူးတဲ့ ဖေဖေသည် ကျွန်မရဲ့ နိုင်ငံခြားထွက်ရတော့မယ် ဖေဖေလို့ ပြောတဲ့နေ့က ဖေဖေရဲ့ အံအားသင့် သွားတဲ့ မျက်နှာကို ကျွန်မ ယနေ့ထိ အမှတ်ရနေဆဲပင်။ အိမ်ရဲ့စီးပွားရေးအခြေအနေနှင့် ပြန်ပြင်လို့ မရတော့သည့် အစီအစဉ်တွေကြောင့် ဖေဖေ လက်ခံလိုက်ရပေမယ့် “အေးလေ ငါစီးပွားကျနေတော့ နင်လည်း အလွတ်ရုန်းချင်ပြီပေါ့ သွားပါ ပျော်သလိုနေပါ” ဖေဖေရဲ့ ခနဲ့ စကားကို ကြားပြီး မျက်ရည် တောက်တောက် ကျခဲ့ရသည်။ သမီးအကြီးဆုံး ဖြစ်တဲ့ ကျွန်မ အိမ်အတွက် ကူညီချင်စိတ် တခုမှ လွဲ၍ တခြား အရာများ မရှိကြောင်းကို အလုပ်နှင့် သက်သေပြဖို့သာ ဆုံးဖြတ်ခဲ့သည်။

ထိုညက ညစာ ထမင်းဝိုင်းသည် ခြောက်သွေ့စွာ မေမေနှင့် ကျွန်မတို့ မောင်နှမ သုံးယောက်သာ တိတ်တဆိတ် ပြီးဆုံးသွားခဲ့သည်။ တစ်ညလုံး ဝရန်တာလေးမှာ ထိုင်ပြီး အဝေး တစ်နေရာကို ငေးနေသည့် ဖေဖေကို ကျွန်မ အကွယ်လေးကနေ ချောင်းကြည့်ကာ မျက်ရည်ကျခဲ့ရသည်။ မေမေသည် မီးဖိုချောင်လေးထဲမှာ အလုပ်မရှိ အလုပ်ရှာကာ တကုတ်ကုတ်လုပ်နေရင်း ကျိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ကျောပြင်လေးကို ကြည့်ရင်း ကျွန်မ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ဘယ်အချိန် ပြန်တွေးတွေး ထိုမြင်ကွင်းလေးများသည် ကျွန်မရင်ကို ယနေ့တိုင် နှင့်သီးစွာ ခံစားနေရဆဲပင်။


###



ညလေယာဉ်နှင့်မို့ အေးအေးချမ်းချမ်း ရှိလှသည်။ လေးနာရီကြာ စီးရတဲ့ ခရီးလမ်းတစ်လျှောက် ဖေဖေနှင့်တွေ့ရင် ပြောရမည့် စကားတွေကို ကြိုတင် စဉ်စားထားရသည်။ ဖေဖေ ကိုတွေ့တွေ့ခြင်း ဖေဖေရေ မတွေ့တာကြာပြီ ဖေဖေဆိုပြီး ရင်ခွင်ထဲ တိုးဝင်ကာ ချွဲမည်။ မျက်နှာထား တည်တည် နှင့် ဖြစ်နေမည့် ဖေဖေကို လက်ဆောင်လေးတွေ ပြပြီး စိတ်ပြေအောင် ချော့ရမည် ထင်သည်။ သူသိပ်ကြိုက်တဲ့ ဦးထုပ်လေးကိုတော့ နောက်ဆုံးမှ ထုတ်ပေးမည်။ ဦးထုပ် မပါဘူး ထင်ပြီး မျက်နှာထား မလျော့နိင်သေးသော မာနမင်းသာဖေဖေ့ကို ဦးထုပ်တွေနှင့် နောက်ဆုံး ပွဲသိမ်း အနိင်ယူရမည်။ ထိုအခါ တစစပြုံးလာသော ဖေဖေ့ကို ကြည့်ပြီး ကျွန်မတို့ တစ်မိသားစုလုံး ဝိုင်းရယ်ကြမည်။ စိတ်ကူးထဲမှာ ဖေဖေနှင့်တွေ့ရမည့် မြင်ကွင်းလေးကို ကြိုတင်မြင်ယောင်ရင်း ကျွန်မ ပျော်နေမိပါသည်။

လေယာဉ်ဆိုက်မည့် အချိန်က ညဉ့်နက်လှသည်။ ကျွန်မကို ကြီးတော်ကြီးက လာကြိုမည်တဲ့။ ကြီးတော်ကြီးသည် ကျွန်မ ဆယ်တန်းနှစ်တုန်းက ကျောင်းစရိတ် ထောက်ပံပေးသည့် ကျေးဇူးရှင် ဖြစ်သည်။ သူမတွင် သားနှစ်ယောက်သာ ရှိသဖြင့် သမီးရူး ရူးနေတဲ့ ကြီးတော်ကြီးက ကျွန်မ ကိုသမီးလေးတစ်ယောက်လို ချစ်ရှာသည်။ ငယ်ငယ်ကတည်းက ကျွန်မကို ကျွေးမွေး စောင့်လျှောက်လာခဲ့သည့် ကျေးဇူးရှင် ကျွေးမေမေဆိုလည်း ဟုတ်သည် သမီးလေး ပြန်လာရင် ကြီးကြီးမေ လာကြိုမယ်နော်လို့ ဖုန်းပြောတိုင်း တတွတ်တွတ် ပြောရှာသည်။ ပြန်လာမည့် နေ့တွင် လာကြိုဖို့ကိစ္စကို ဖေဖေနှင့် ကြီးကြီးမေမေ စကားများ ကြသည်လို့ မေမေက ပြောတော့ကျွန်မ တစ်ဟားဟား ရယ်မောမိသေးသည်။

“လူတွေအများကြီး လာကြိုပြီး ဘာလုပ်မှာလဲ မေမေရယ်၊ လူတွေနဲ့ အထုပ်တွေနဲ့ ကားလဲဆန့်မှာ မဟုတ်ဘူး။ အိမ်ရောက်ရင် တွေ့ရမှာပဲ ဖေဖေကို လာမကြိုနဲ့လို့ သမီး ကြီးကြီးမေတို့ ကားနဲ့ပဲ ပြန်လာခဲ့မယ်”

ပြောလိုက်ရပေမယ့် ဖေဖေများ အထင်လွဲ သွားမလားလို့ တွေးကြောက်မိသေးသည်။ ငါက ခုအချိန်မှာ နင်တို့ လိုချင်တာကို လုပ်မပေးနိုင်လို့ အထင်မကြီးတာလား။ အေးပေါ့ ငါမရှာနိုင်တော့ အားလုံးက ကလန်ကဆန် လုပ်လာကြပြီ။ ငါ့နားမှာ ဘယ်သူမှ မရှိလဲ ရတယ်။ နင်တို့ အထင်ကြီးတဲ့ လူတွေဆီသွားကြလို့များ သုံးနေကြ စကားတွေနဲ့ ပစ်ပေါက်အုံးမလား။ ဖေဖေ့ စိတ်ကို နားလည်သည့် ကျွန်မတို့ သားအမိတွေကတော့ အားငယ်စိတ်နှင့် မာန ရောကာ ထွက်ပေါ်လာသော စကားတွေမှန်း နားလည်ထားသဖြင့် ဖေဖေ ဘာပြောပြော ခွင့်လွတ်ထားသည်။

မြန်မာပြည်ကို ရောက်တော့ ည ၁နာရီ ခွဲလောက် ရှိနေပြီ။ လေဆိပ်ထဲကိုရောက်တော့ လူတွေ ကြားထဲက လက်ဝှေ့ ရမ်းကာ နှုတ်ဆက်နေသည့် ကြီးကြီးမေကို တွေ့လိုက်ရသည်။ အနည်းငယ် ဝလာတာက လွဲလို့ သိပ်ထူးထူး ခြားခြား မရှိသည့် ကြီးကြီးမေမေကို ဖက်နမ်းကာ နှုတ်ဆက်လိုက်၏။
“အမလေး သမီးရယ် ခုမှပဲ မြင်ရတော့တယ်။ လွမ်းလိုက်တာကွယ်။ သမီးလေး အိမ်တစ်ခါတည်း လိုက်ခဲ့ မနက်မှ ပြန် ကြီးကြီးမေ ကိုယ်တိုင်လိုက်ပို့မယ်”

ကြီးကြီးမေက ကျွန်မကို သူမ အိမ်ကို လိုက်ဖို့ စည်းရုံးသည်။ ကျွန်မ အိမ်ပြန်မှ ဖြစ်မည်။ ဖေဖေက ကျွန်မကို တစ်ညလုံး ထိုင်စောင့်နေမှာ သေခြာသည်။ အိမ်ကို တန်းတန်းမတ်မတ် မပြန်ရင် ဖေဖေက အထင်လွဲ အုံးမည်။ လာကြိုဖို့ စီစဉ်တုန်းကတောင် နင့်ကြီးကြီးမေက ကားရှိပြီး ငါတို့က ကားမရှိလို့ လာမကြိုစေချင်တာလား taxiနဲ့လည်း လာကြိုလို့ ရပါတယ်ကွဟု မေမေမှ တဆင့် ပြောခိုင်းသေးသည်။ ဖေဖေ ကျွန်မကို သိပ်တွေ့ ချင်နေရှာလို့ ပြောသည့် စကားလို့ ကျွန်မ နားလည်ပါသည်။ ဖေဖေသည် ဘယ်တော့မှ ရင်ထဲက ခံစားချက်အမှန်ကို ပြလေ့ ပြထ မရှိသည့် လူတစ်ယောက် ဖြစ်သည်။ သူ့ရဲ့ အချစ်ဆုံး သမီးကို သိပ်တွေ့ချင်နေပေမယ့် ဖေဖေသည် ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ထဲမှာပဲ ကျိတ်ပြီး မျှော်နေလောက်မည်။ အားလုံး ပျော်နေချိန်မှာ ဖေဖေ့မျက်နှာသည် အေးစက် တည်ငြိမ်စွာ ရှိနေမည်။

ရန်ကုန် မြို့ကြီး၏ ည၂နာရီအချိန်က လမ်းမီးများ ကွက်တိကွက်ကြားနှင့် လမ်းပေါ်မှာ လမ်းသွားလမ်းလားများ မရှိသလောက် တစ်စီးစ နှစ်စီးစ ဖြတ်သန်းသွားတဲ့ ကားများပင် ခပ်ရှားရှား။ အကိုမောင်းသည့် ကားကို ကျွန်မတို့ တူကြီး နှစ်ယောက် အလွမ်းသယ်ကာ တွတ်ထိုးရင်း လိုက်ပါသွားကြသည်။

“သားရေ အိမ်ကိုပဲ မောင်းလိုက် သမီးလေးကို အိမ်ကို ခေါ်သွားမယ်။ သမီး မနက်မှ ပြန်နော်။ မနက်စောစော ကြီးကြီးမေ လိုက်ပို့မယ်။”
“ မဖြစ်ဘူးထင်တယ်။ တော်ကြာဖေဖေက..”
“သမီးဖေဖေကို ကြီးကြီးမေမေ အိမ်ပြန်ရောက်ရင် ဖုန်းနဲ့ ရှင်းပြလိုက်မယ် ဟုတ်ပြီလား”
“ကြီးကြီးမေ သမီးကြောက်တယ် ဖေဖေ သမီးကို ဆူလိမ့်မယ်”
“မှောင်နေပြီ သမီးရဲ့ သူတို့အိပ်နေလောက်ပြီပေါ့ သမီးရယ်...။ တစ်ညထဲနဲ့လည်း မထူးသွားပါဘူး သမီးရယ် ”

နောက်ဆုံးတော့ ကျွန်မ အရှုံးပေးလိုက်ရသည်။ ကျေးဇူးရှင် ကြီးကြီးမေကို ကျွန်မ မငြင်းသာတော့။ စိတ်ထဲမှာတော့ ဖေဖေတို့များစောင့်နေမလား။ အိပ်နေပြီလား။ ကျွန်မ စိတ်ထဲမှာ စိုးရိမ်ပူပန်နေမိသည်။ ဒီလောက် ညဉ့်နက်နေရင်တော့ ဖေဖေ အိပ်နေလောက်ပြီ ထင်ပါတယ်လို့ ကျွန်မ စိတ်ကို ဖြေလိုက်ပေမယ့် ကျွန်မ စိတ်တို့က နောက်ဆံတင်းနေသည်။

ကြီးကြီးမေတို့ အိမ်ကိုရောက်တာနှင့် ကျွန်မအိမ်ကို ဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ်သံ တစ်ချက် မြည်သည်နှင့် မေမေ လာကိုင်သည်။

“မေမေ သမီးပြန်ရောက်ပြီ ။ ခုကြီးကြီးမေတို့အိမ်မှာ။ ကြီးကြီးမေက အရမ်းမှောင်နေပြီ မနက်မှ လိုက်ပို့မယ်တဲ့။ မနက် သမီးစောစောလာခဲ့မယ်နော်။”
“သမီးရယ် ညည်းဖေဖေက သမီးကို စောင့်နေတယ်။ မေမေ ဘယ်လိုပြောရမလဲ။ ဒုက္ခပါပဲ။”
“ဘယ်သူလဲ။ သမီးလား။ ခုဘယ်မှာတဲ့လဲ။”

အနောက်ကနေ ဖေဖေ မေးနေသံကို ကြားလိုက်ရသည်။ ကျွန်မ ရင်တွေ တဒိန်းဒိန်း ခုန်လာသည်။ ဖေဖေ စောင့်နေသေးသည်။

“မေမေရေ မေမေကြည့်ပြောလိုက်နော်။”

ကျွန်မ ဖုန်းခွက်ကို မြန်မြန် ချလိုက်သည်။ ဖေဖေကို နားလည်အောင် မေမေ ရှင်းပြပါလိမ့်မည်။ ဖေဖေနှင့် ကျွန်မ စကားများတိုင်း မေမေက ကြားထဲက ရှင်းပြရသည်။ ဖေဖေသည် မည့်သည့် ကိစ္စကိုမဆို ပြောရင် ပြောထားသည့် အတိုင်း လုပ်မှ ကြိုက်သလို သူကိုယ်တိုင်လည်း တိတိကျကျ သမားဖြစ်၏။ တစ်ခုခုများ လွဲချော်မိသော် စကားလုံး လှလှလေးတွေနှင့် ရင်ထဲထိ ရောက်အောင် နောင်မဖြစ်ဖို့ နာကျင်အောင် ပြောတတ်သည်။

“ပြောလိုက်ပြီလား သမီး။ အခု စိတ်အေးသွားပြီ မဟုတ်လား။”
“ကြီးကြီးမေ သမီး ပြန်မှဖြစ်လိမ့်မယ်။ ဖေဖေ သမီးကို စောင့်နေတယ်။ သမီးကြောက်တယ် ကြီးကြီးမေရယ်”
ထိုအချိန်မှာပဲ ဖုန်းသံ တစ်ချက် မြည်လာသည်။
“ မြတ် မွန် ”
ဖေဖေရဲ့ အသံတိုက်ရိုက်ကြားရချိန်သည် ဒီလို ဒေါသသံ မျိုး မဖြစ်ချင်ဆုံးပါပဲ။ ဖေဖေနှင့် ကျွန်မ ပြန်တွေ့ချိန် ဒေါသသံတွေ ပါလိမ့်မည်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ပေ။ ဖေဖေက ကျွန်မကို စိတ်ဆိုး၊ဒေါသထွက်ရင် မြတ်မွန်လို့ အပြည့်စုံ ခေါ်လေ့ရှိ၏။

“ ဖေဖေ.. သမီး....”
“နင်ဘာသဘောလဲ ။ ငါနင့်ကို ဘယ်လောက် အလေးထားလည်း နင်နားမလည်ဘူးလား ။ အေး ငါ့မှာ ဒီလို သမီးမျိုး မရှိဘူး။ နင်နားလည်လား။”
“မဟုတ်ဘူး ဖေဖေ။ ကြီးကြီးမေက မှောင်နေပြီ ဆိုလို့ သမီးလည်း..”
”တော်စမ်းပါ ဆင်ခြေတွေ။ အေး နင် ပြန်မလာချင်ဘူး မဟုတ်လား ငါ့ကို နင်လာတွေ့စရာ မလိုတော့ဘူး။”
ဖေဖေ...ဖေဖေ
ကျွန်မ ဘာမှ ရှင်းပြခွင့် မရလိုက် ။ ဖေဖေ ကျွန်မကို စိတ်ဆိုးသွားပြီ။ ဖုန်းခွက်ကို ကိုင်ပြီး ကျွန်မ ကြီးကြီးမေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကြီးကြီးမေက သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။ ကျွန်မ ဘယ်လို ဖြေရှင်းရပါ့မလဲ။ သေခြာတာ တစ်ခုကတော့ ခုချက်ချင်း အိမ်ပြန်တာ အကောင်းဆုံးဖြစ်မည်။ ဖေဖေရဲ့ဒေါသတွေကို ကျွန်မ ကြောက်သည်။ အိမ်ရောက်ရင် ဖေဖေရဲ့ နာကျင်စရာကောင်းသည့် စကားလုံး လှလှတွေကို အရင်ဆုံး နားထောင်ရမှာ သေခြာနေပါသည်။


###



တိတ်ဆိတ် ငြိမ်သက်လျှက်ရှိသော ညရဲ့ အလင်းရောင် အောက်မှာ လူသားတိုင်း နှစ်ချိုက်စွာ အိပ်မောကျနေချိန်တွင် ထူးခြားစွာ မီးလင်းနေတဲ့ အိမ်တစ်အိမ်ကတော့ ကျွန်မရဲ့ အေးရိပ်ငြိမ်ဆိုသည့် အိမ်ကလေးပင် ဖြစ်သည်။ အိမ်သံတံခါးလေးကို တွန်းလိုက်တော့ အလိုက်သင့်လေး ပွင့်သွားသည်။ ဧည့်ခန်းမှာ တီဗီကြည့်နေသည့် မောင်နှစ်ယောက်က အိမ်ပေါက်ဝတွင် ရပ်နေသော ကျွန်မကို မြင်တော့
“ဟေးးး မမ ပြန်လာပြီကွ”
ဟုအော်ရင်း ကျွန်မ၏ ခရီးဆောင်အိတ်တွေကို လှမ်းယူကြသည်။
“မောင်လေးရေ ကားထဲမှာ အိတ်တွေ ရှိသေးတယ် သွားဝိုင်းသယ်ပေးလိုက်ပါအုံး။”

မောင်လေးတွေ အသံကြားတော့ မေမေ ထမင်းစားခန်းထဲက ပြေးထွက်လာသည်။ မေမေမျက်နှာသည် ဝမ်းသာမှုများနှင့် ပြည့်နှက်နေသည်။
“မေမေ”
“သမီးလေး”

မေမေသည် ကျွန်မကို သူမ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ကျွန်မ မေမေ့လက်ကို ဆွဲပြီး ဧည့်ခန်းထဲက ခုံမှာ ထိုင်လိုက်သည်။
“မေမေ နေကောင်းတယ်နော်”
“ကောင်းတယ် သမီးလေး”

မေမေသည် ကျွန်မကို ဖက်ပြီး မျက်နှာ အနှံကို နမ်းသည်။ မေမေ့ ရင်ခွင်ထဲကနေ ဖေဖေကို လိုက်ရှာမိသည်။ ဖေဖေနှင့်တူသည့် အရိပ်ယောင်တောင် မတွေ့ရ။ ဖေဖေ စိတ်ဆိုးပြီး အိပ်နေလောက်ပါပြီ။ ဒါမှ မဟုတ်ရင်တော့ ဖေဖေသည် အိပ်ခန်းထဲမှာပဲဖြစ်ဖြစ် ထမင်းစားခန်းမှာပဲ ဖြစ်ဖြစ် ကျွန်မတို့ အသံကို ကျိတ်ပြီး နားစွင့်နေလိမ့်ပြီ။ ဝမ်းသာအားရ ထွက်လာပြီိး ကြိုချင်ပေမယ့် သူ့၏ ဒေါသတို့ကို မာနတွေနှင့် ထိန်ထားပေးအုံးမည်။ အချော့ကြိုက်သည့် ဖေဖေက ကျွန်မ အချော့ကို မျက်နှာ ခပ်တည်တည်ကြီးနှင့် စောင့်နေတာဖြစ်မည်။

“သမီးဖေဖေ ထမင်းစားခန်းထဲမှာ ထိုင်နေတယ်။ သွားချော့လိုက်။”
“ကြောက်တယ် မေမေရဲ့။”
“ သမီး ဖေဖေက သမီး ဒီည ပြန်ရောက်မှာ သိလို့ မအိပ်ချင်အောင်လို့တဲ့ ကလေးတွေနဲ့ အငြိမ့်ကြည့် ပြီး စောင့်နေတာ... သမီး ဖုန်းမဆက် လာခင်လေးထိ အငြိမ့်ကြည့်ပြီး ရယ်နေသေးတယ်...။”

ဖေဖေရဲ့ ပျော်ရွှင်နေသည့် စိတ်တွေကို ဒေါသတွေ ဖုံးလွမ်းသွားအောင် ကျွန်မ လုပ်မိသလို ဖြစ်သွားသည်။ အရာအားလုံးက ကြိုတင်မစီစဉ်ထားပါပဲ သူဖြစ်ချင်သလို ဖြစ်လာရတော့ ကျွန်မနှင့် ဖေဖေ မျက်နှာချင်းဆိုင် ပြန်ဆုံးတွေ့ရသည့် အချိန်ကလေးမှာ အဆင်မပြေမှုများက စလာပြီလားလို့ သက်ပြင်းတစ်ချက်ကို တိုးတိုးတိတ်တိတ် ချလိုက်မိ၏။ ဖေဖေအတွက် ဝယ်လာသည့် လက်ဆောင် ပစ္စည်းလေးတွေကို ထုတ်ပြီး ဖေဖေကို သွားတွေ့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို အချိန်တွင် မေမေမှ ကျွန်မကို အသာလက်ကုပ်ကာ ကျွန်မ အရှေ့မှ ကြွေပုဂံ ၊ ဖန်ခွက်များ ထည့်ထားသော မှန်ဘီဒိုကို မျက်ရိပ်ပြလိုက်သဖြင့် ကြည့်လိုက်မိသည်။ မှန်အရိပ်ထဲတွင် ကျွန်မကို စိုက်ကြည့်နေသောဖေဖေ့ကို တွေ့လိုက်ရသည်။ ကျွန်မ မမြင်ဘူး ထင်ပြီး ကြည့်နေခြင်း ဖြစ်မည်။ ဖေဖေ့ကို လှည့်မကြည့်ဘဲ ခရီးဆောင် အိတ်ထဲမှ ဖေဖေ ကြိုက်တတ်သော ဦးထုပ်လေးကို တိတ်တိတ်လေး ထုတ်ကာ ဖေဖေ့ဘက် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
ဖေဖေနှင့် ကျွန်မ မျက်လုံးချင်း ဆုံသွားသည်။ ဖေဖေ့မျက်လုံးတွေသည် ဒေါသရိပ်တွေ ဖုံးလွမ်းမနေတော့ပါ။ ဖေဖေ့ရဲ့ အိုမင်းရင့်ရော်သွားသည့် မျက်နှာပေါ်က ပါးရေတွေသည် အနည်းငယ် ပြုံးနေသယောင် ရှိသည်။ ဖေဖေ့ရဲ့ နှတ်ခမ်းပါးလေးတွေသည် ကျွန်မကို ပြုံးနေသဏ္ဍာန်ထင်မိသည်။ ဖေဖေက ကျွန်မတွေ့သွားတာကို မြင်တော့ တစ်ဘက်သို့ လှည့်သွားကာ မျက်နှာလွဲ သွားသည်။ ဒါလည်း ဖေ့ဖေ့ရဲ့ မာနနှင့်ဟန်ဆောင်နေခြင်း တစ်မျိုးပင် မဟုတ်ပါလား။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်


ps; ပထမဦးဆုံးအကြိမ် မြန်မာပြည်ပြန်စဉ်က အဖြစ်ပျက်လေးတစ်ခုပါရှင်။

နောက်နေ့ပေါင်းများစွာ


ခုတစ်လော လှေခါးအတက်အဆင်း မောပန်းသည့် ဝေဒနာကို ခံစားမိသည်။ အရင်လို ဖျက်လက် တက်ကြွမနေတော့တာ သေခြာသည်။ မျက်စိတွေက တစ်နေ့တစ်ခြား မှုန်ဝါးလာသည်။ မနက်ဘက် အလုပ်သွား ဆိုင်ကယ်စီးရင်တောင် မျက်လုံးတွေက အရှေ့က ဆိုင်ကယ်ကို မမြင်ရတော့ ဆိုင်ကယ်စီးဖို့တောင် ကိုယ်ကိုကိုယ် အန္တာရယ်များလိုက်တာလို့ တွေးမိလိုက်သေးသည်။ ပူလွန်းသည့် နေမင်းက အသားအရေတွေကို မီးနှင့်ထိုးနေသလား ဆိုပြီး အလိုလို ဒေါသ ထွက်လာကာ မဆီမဆိုင် နေမင်းကို အပြစ်တင် ကျိန်ဆဲလိုက်သေးသည် ။ နေပူရှိန်ကြောင့် ဦးနှောင့်တွေက ပူလောင်လာကာ အလုပ်မရောက်ခင် ပင်ပန်းနွမ်းနယ်နေချင်ပြီ။

မနက်ခင်း အလုပ်ရောက်တာနှင့် ကွန်ပြူတာဖွင့် တစ်နေ့တာ လုပ်စရာတွေ မြန်မြန်လေးလုပ်ရင်း ဘလော့လေးကို အချိန်ပေးဖို့ ကြိုးစားကြည့်သည်။ ဟိုတစ်လောက အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို တာဝန် ယူထားရ၏။ NOKIA ပစ္စည်းတဲ့ သေသေခြာခြာ လုပ်ပါ အရေးကြီးသည်လို့ အထက်လူကြီးက မှာထားတော့ အမှားအယွင်း ဖြစ်မှာကို စိုးရိမ်ပြီး ဘလော့ကို လည်း ပစ်ထားလိုက်သည်။ အွန်လိုင်းဆိုတာ ဝေးရော။ ခုတော့ တာဝန်ယူရသည့် ပစ္စည်းတွေ လုပ်တာ ပြီးသွားသလောက် ရှိတော့ စိတ်ပေါ့ပါးသွားရပြန်၏။ အလုပ်ကိစ္စ စိတ်သက်သာ သွားတော့ နောက်ထပ် အလုံးကြီးတစ်ခု ရှိနေပြန်သေး၏။ အဲတာကတော့ ဘလော့လေးပေါ့...။

ခေါင်းထဲမှာ စဉ်းစားထားသည့် ရေးစရာပိုစ့်တွေက ၃ပုဒ်လောက် ရှိ၏။ ဘလော့ကို ပြစ်ထားတာ နှစ်လနီးပါး ရှိတော့မည် ။ ပိုစ့်အသစ်တွေ ဘယ်သူတွေတင်ထားလည်း မိမိဘလော့လေးထဲဝင် တစ်ချက်ကြည့် ။ အားပါး မနည်းပါလား။ ဖတ်စရာအကြွေးတွေ အများကြီး။ ကိုယ်က သွားလည်ပြီး စာလိုက်ဖတ်တော့ ဘလော့ပိုင်ရှင်တွေက ပြန်လာလည်ရင် ဘာအသစ်မှ မတင်သေးရသေးတော့ အားနာလိုက်တာ။ အင်း မဖြစ်သေးဘူး။ စာမဖတ်ဖြစ်သေးမည့် အတူတူ အရင် ခေါင်းထဲက ပိုစ့်တစ်ပုဒ်ကို ရေးချ။ ပြီးမှ ဘလော့ သွားလိုက်လည်မည်လို့ ဆုံးဖြတ်ချက်ကိုချလိုက်၏။

တစ်ခါတစ်လေတော့လည်း ငါ ဘလော့လုပ်မိတာ မှားလား။ ငါ ဘာမှ မရေးနိုင်ပဲ လုပ်ထားတော့ ရှက်စရာကြီး။ သူများတွေ ရေးနေကြတာ လိုက်ဖတ်ရင် အားကျသား။ အရေးအသားလေးတွေက ကောင်းမှ ကောင်းပဲ။ ငါ အလုပ်က ခပ်များများ အချိန်မပေးနိုင်မည့် အတူတူ ပိတ်ထားတာ ကောင်းမလား။ ပိုစ့်မတင်ရတာ ရက်တွေ ကြာလာလေလေ ဖိအားတွေ ပိုများလာလေလေ။
အမလေး ... ကိုယ့်ကိုကိုယ် စာရေးဆရာများ မှတ်ထင်နေလား။ ငါမရေးတော့ရော ဘယ်သူက လာတရားစွဲမတုန်း ။ အပျော်တမ်း ဝါသနာ အရ ရေးကြတာပဲ မဟုတ်လား။ စိတ်တွေ ကယောက်ကယက် ဖြစ်လာ၏။

ဘယ်အကြောင်းအရာကို အရင်စရေးရင်ကောင်းမလဲ။ အလုပ်စားပွဲမှာထိုင် ငူတူတူ ငေးရင်း တွေးနေမိ၏။ သွားရင်း လာရင်း တိုက်ဆိုင်တိုင်း ရေးမည်လို့ စဉ်းစားထားသော်လည်း အကြောင်းအရာများက တကယ့် လက်တွေ့ စရေးမည်ဆိုတော့ အရင်နေ့က စဉ်းစားထားတုန်းကလို ခံစားချက်မျိုး မပါတော့ ။ အရှိန်ယူကာ အစကနေ ပြန်တွေးရင်း စာတစ်ပုဒ်ကို အစပျိုးလိုက်သည်။ ရင်ထဲမှာ တစ်ခုခု ခံစားချက် မပါတော့ ချရေး ဖို့ရန် ရေးလိုက် ပြန်ဖျက်လိုက် အချိန်တွေသာ ကုန်ဆုံးသွားသည် စာတစ်ပိုဒ်က အလိုက်သင့် စီးဆင်းမသွားခဲ့ပေ။ ဆားမပါသည့် ဟင်းတစ်ခွက်လို ပေါ့ပေါ့ပျက်ပျက် ဖြစ်နေပြန်၏။ ကိုယ့်စာကိုယ် ပြန်ဖတ်ရင်း တစ်ခုခု လိုနေသလို မျိုးခံစားမိပြန်သည်။

ဘာသာပြန်လေးတွေ ရေးရင် ရတာပဲ။ ဘာသာပြန်ရေးဖို့ ဆိုတာ စာလိုက်ဖတ်ရမည်။ စာဖတ်ဖို့ နေနေသာသာ ဘလော့က သူငယ်ချင်းတွေဆီတောင် မရောက်တာ။ ဟင်းးးးးးးး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်။ သူများတွေ ဘယ်လို နေကြလည်း မသိ။ ငါမှာတော့ ဘလော့တစ်ခု လုပ်ထားတာ စာအသစ်တစ်ခု မရေးတာ ကြာလာရင် စိတ်တွေ အလိုလို ထိုင်းမှိုင်းလာ၏။ အလုပ်ထဲမှာ ရေးရတာ လည်းမလွတ်လပ်ပါဘူး။ အလုပ်ချိန်မှာ အလုပ်နှင့်ပက်သတ်တာက လွဲလို့ တစ်ခြား အရာတွေ မလုပ်ရဆိုသည့် စည်းကမ်းကလည်း ရှိသေး၏။ အိမ်ပြန်ရောက်မှ အေးအေးဆေးဆေး ပြန်စဉ်းစားပြီး ရေးပါတော့မည်ဆိုပြီး စိတ်ကို ဒုန်းဒုန်းချကာ အလုပ်ထဲမှာ အာရုံနှစ်လိုက်သည်။

အိမ်ပြန်ရောက်တော့ ည၁၀နာရီ။ တစ်နေကုန် အလုပ်မှာ ထိုင်လာသမျှ ခါးလေးတစ်ချက်လောက် ဆန့်ချင်သော်လည်း မိမိ၏ အိပ်ယာလေးကို မကြည့်ရဲ။ ဒီညတော့ မဖြစ်မနေ စာရေးရမည်။ အိပ်လို့ မဖြစ်ဘူး။ ကော်ဖီသောက်ပြီး စာတစ်ပုဒ်လောက်ရေးမည်ဆိုပြီး ကွန်ပြူတာရှေ့မှာထိုင်ကာ အစက ပြန်တွေးနေချိန်မှာပဲ တစ်နေကုန် ပင်ပန်းထားသမျှ ခေါင်းတို့က ငိုက်စိုက် ကျလာကာ ဆန္ဒပြလာတော့သည်။ ကွန်ပြူတာဘေးက အိပ်ယာလေးကို ကြည့်ပြီး စိတ်ကို တင်းထားပေမယ့် ခါးဆန့်ရင်း ပိုစ့်ရေးဖို့ စဉ်းစားလည်း ရတာပဲလေ ဆိုပြီး ခါဆန့်ရင်း ရေးဖို့ အကြောင်းအရာကို ပြန်တွေးနေချိန်မှာပဲ မျက်ခွံက တဖြည်းဖြည်းလေးသထက် လေးလာတော့သည်။ ဒီလိုဆို မဖြစ်သေးပါဘူး ဘဲလ်းပေးပြီး တစ်နာရီလောက် အိပ်ပြီးမှ ထရေးမည် ဆိုပြီး ဖုန်း Alarm သံကို မနက်ခင်း နှိုးနှိုးနေကျ တင်ဇာမော် သီချင်းသံနှင့် မတူအောင် အာဇာနည် သီချင်းသံကို ပေးထားလိုက်သည်။ တစ်ရေးလောက် အိပ်လို့ရရင် လန်းဆန်းလာမှာပါ ဆိုသည့် အတွေးမဆုံးခင် အိပ်စက်ခြင်းထဲ နှစ်မြုပ်သွားတော့သည်။

လန်းဆန်းတက်ကြွစွာ မျက်လုံးဖွင့်လိုက်ချိန် အင်အားတွေ ပြည့်လာသလို ခံစားမှုမျိုးကို ခံစားရသည်။ ခါးကျောကို တစ်ချက်လောက်ဆန့်ရင်း စာထရေးဖို့ တွေးလိုက်ချိန် ပါတ်ဝန်းကျင် တခုလုံး လင်းထင်းနေသည်။
ဟင်... ဘုရားရေ..။
စိတ်ညစ်ပါတယ်ကွာ..။
ဒီနေ့လည်း အိပ်ပျော်သွားပြန်ပြီ......နောက်နေ့ပေါ့ကွာ......။

ဘာလို့ အာဇာနည် သီချင်းသံ မကြားလည်း တွေးမိသဖြင့် ဟန်းဖုန်းကို လိုက်ရှာချိန် ခေါင်းအုံးအောက်ထဲ ရောက်နေတာ တွေ့လိုက်ရသည်။ ဖြစ်နိင်သည်မှာ alarm မြည်ချိန် အသံတိုးသွားစေရန် ခေါင်းအုံးအောက်ထဲ ထည့်ထားလိုက်ပုံရသည်။ ခေါင်းအုံးနှင့် ဖိထားခံရသဖြင့် အာဇာနည် လည်း ငယ်သံပါအောင် အော်ရင်း အသံပျောက်သွားရရှာကြောင်း တွေးမိလိုက်သည်။ နောက်နေ့တွေ ရှိပါသေးတယ်လေ.........ကိုယ့်အဖြစ်ကိုယ်တွေးရင်း ပြုံးမိကာ နေ့စဉ်လည်ပါတ်မှု ဖြစ်တဲ့ လုပ်ငန်းခွင်ကို ထွက်လာခဲ့တော့သည်။
မြတ်မွန်

“ကြူ ”



Q.ဟိုင်း
A.အင်း

Q.နေကောင်းလား
A.အင်း

Q.ဘယ်မှာနေလဲ
A.ကမ္ဘာပေါ်ကတစ်နေရာ

Q.နင်ကချောလား
A.အရေးမကြီးဘူး

Q.အရေးကြီးတာဘာလဲ
A.အများကြီး ကိုယ်ဘာသာစဉ်းစား

Q.ဖုန်းနံပါတ်ရှိလား
A.ရှိတယ် နံပါတ်တွေမှ အများကြီးပဲ

Q.နင်နဲ့စကားပြောချင်တယ်
A.သြော် အင်း အဲ ဟုတ်

Q.ရည်စားဖြစ်ချင်တယ်
A.အသည်းကွဲချင်လို့လား

Q.နင့်မှာရည်စားရှိလား
A.နိုး

Q.ချစ်တယ်
A.ဟုတ်မှာပေါ့

Q.အားလား
A.အားတယ်

Q.ဒါဆိုအပြင်သွားလျှောက်လည်ရအောင်
A.လည်မယ် ဒါပေမယ့်နင်နဲ့တော့မဟုတ်ဘူး

Q.နင့်လိုလူမျိုးကို ဘယ်သူက ကြိုက်မှာလဲ ၊ ဒီလိုလူမျိုး ဘယ်တော့မှ ရည်းစားရမှာ မဟုတ်ဘူး
A.နင်မသိဘူးလား ငါ့မှာအိမ်ထောင်ရှိတာ

Q.တိန်!!!!!!!!!!!!!!


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
photo:google

ဆွံ့အသွားသော ဆည်းလည်းသံ


သောကြာနေ့ ညနေတိုင်း အလုပ်ဆင်းချိန်ရောက်လျင် ကျွန်မတို့သူငယ်ချင်းတွေစုပြီး ညဈေးတစ်ခုခုကို သွားလေ့ရှိသည်။ ဝယ်တာ မဝယ်တာထက် သူငယ်ချင်းတွေ စုပြီး ဈေးပါတ်ရတာကို တပါတ်စာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်နည်း တစ်မျိုးလို့ ခံယူထားကြသည်။ သောကြာ ၊ စနေ ညတွေတိုင်း ညဈေး တွင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတတ်သည်မှာလည်း ကျွန်မ တို့လိုပဲ တခြားသူတွေလည်း ခံယူထားဟန်တူသည်။ အမြဲလိုလို သွားဖြစ်သည့် ညဈေးလေးတစ်ဈေးတစ်ခုတွင် စားနေကျ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် ရှိသည်။
လမ်းဘေးလေးမှာ ကပ်ဖွင့်ထားတဲ့ ဆိုင်လေးမို့ အမြဲလိုလို ဆိုင်အပြင်မှာ လူတွေ ရပ်စောင့် ရတတ်ပေမယ့် တကယ်တော့ ဆိုင်ရှင် လင်မယားက ဖော်ဖော်ရွေရွေ သိပ်မရှိကြသလို ဆက်ဆံရေးလည်း ညံဖျင်းလှသည်။ ဆိုင်ရှင် လင်မယားက စကားကို ချိုချိုသာသာ မပြောတတ်ပေမယ့် ခေါက်ဆွဲ အရသာကတော့ ကောင်းသည်မို့ ဆက်ဆံရေး ညံ့တာကို လျစ်လျူရှု ပြီး ခေါက်ဆွဲ ဆိုင်လေးမှာ လူတွေက စည်ကားနေလေ့ရှိသည်။
အဖေအမေက ဆက်ဆံရေး ညံဖျင်းသလောက် သူတို့မှာ မိန်မိန် ဆိုသည့် ချစ်စရာ သမီးငယ်လေးတစ်ယောက် ရှိသည်။ ဆံပင်ရှည်ရှည် အသားဖြူဖြူ တီတီတာတာ ပြောပြီး ပြေးလွားနေတတ်သည့် ကလေးမလေးကို ချစ်လွန်းသဖြင့် ကျွန်မ သွားစားသည့် အခါတိုင်း သူမနှင့် အတူ ဆော့လေ့ရှိသည်။ ဘယ်နှစ် နှစ် ရှိပြီမေးတိုင်း လက်ကလေး၂ချောင်း ထောင်ပြပြီး ၃နှစ်လို့ ပြောတတ်ပုံကို သဘောကျလွန်းသဖြင့် ထိုမေးခွန်းကို ခဏခဏ မေးပြီး ပြုံးရယ် ဖြစ်သည်။
သူ ကြိုက်သည့် ကာတွန်းကားလေးတွေကို ပြောပြလေ့ရှိတာကြောင့် ကျွန်မ ထိုဆိုင်ရောက်တိုင်း မိန်မိန်မှာ အနားမှ မခွာတမ်း ကပ်နေတတ်သည်။ နောက်ပိုင်း ထိုကလေးမလေးနှင့် ပိုခင်တွယ် လာသဖြင့် သူနေသည့် မူကြိုကျောင်းလေးကို အားလပ်ရက်နှင့် တိုက်ဆိုင်တိုင်း ကျွန်မ လိုက်ပို့ပေးဖြစ်သည်။ သွေးမတော် သားမစပ်ဘဲ ချစ်ခင်တွယ်တာမိတဲ့ ကျွန်မတို့ ၂ယောက်ရဲ့ သံယောဇဉ်ကို မိန်မိန် မိဘနှင့် မူကြိုကျောင်းက ဆရာမတွေပင် အံသြကြောင်း ပြောပြကြသည်။
ခေါက်ဆွဲ စားပြီးလို့ ပိုက်ဆံရှင်းတိုင်း “မမ ပြန်တော့မှာလား ခဏလောက်နေပါအုံးလား” လို့ ပြောတတ်သဖြင့် ကျွန်မ စိတ်မကောင်း ဖြစ်ရမြဲ ဖြစ်သည်။ ကလေးအတွက် ကစားဖော် မရှိသလို စိတ်မရှည်တတ် ဒေါသထွက်လွယ်ကာ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံ တတ်သည့် မိဘတွေကြောင့် သူ့အပေါ် နုနုညံ့ညံ့ ဆက်ဆံပေးသူကို ခင်တွယ်နေမှန်း သတိပြုမိသည်။ သူမအတွက် ဆော့စရာ အဖော် မရှိတော့ လာစားသမျှ သူတွေက သူမအတွက် ဆော့စရာ အဖော်များ ဖြစ်လို့နေသည်။
တနေ့သော သောကြာနေ့ တစ်ည ကျွန်မတို့ သူငယ်ချင်းတွေ အဲဒီဈေးကို ရောက်ရင်း ခေါက်ဆွဲဆိုင်လေးမှာ စားဖြစ်ကြသည်။ ထိုအချိန်တွင် ကလေးရဲ့ မေမေက ကလေးမလေးကို ထမင်းကျွေးနေတာ တွေ့ရသည်။ ငြိမ်ငြိမ်မနေတတ်သည့် အရွယ်မို့ သူမ မေမေက သိပ်စိတ်မရှည်လှ။ ပြေးလွားဆော့ကစားနေတဲ့ မိန်မိန်ကို ဆောင့်ဆွဲလိုက် လက်ကလည်း ရိုက်လိုက် ထမင်းကျွေးလိုက် လုပ်နေတာကို ကြည့်ပြီး ကျွန်မ စိတ်မကောင်း ဖြစ်မိပေမယ့် မသိမသာဘဲ ကြည့်နေရသည်။
အဖေအမေက စီးပွါးရေးက တစ်ဘက်မို့ ကလေးအပေါ်မှာ အာရုံမရှိ စိတ်မရှည်ကြဘူး ထင်ပါရဲ့။ တကြိမ်တွင်တော့ ကလေးမလေးက ထမင်းတစ်လုပ်ကို စားပြီး ဆိုင်ပြင်ကို ရုတ်တရက်ပြေးထွက်သွားသည်။ ဆိုင်ရှေ့လမ်းမပေါ်က မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စင်းက ကလေးမလေး ပြေးထွက်လာတာကို မြင်ပြီး အထိတ်တလန့် ဘရိတ်ကို ဆောင့်အုပ်လိုက်သည်။ ဆိုင်ကယ်သမားလည်း ဟန်ချက်ပျက်ပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကြသွားသည်။ လှုပ်လှုပ်ရှားရှား အခြေအနေနှင့် ဆိုင်ကယ်ရဲ့ ဘရိတ်အုပ်သံကြောင့် အနီးအနားရှိသူတွေ ထိတ်လန့်သွားကြသည်။ ကျွန်မလည်း ကလေးကို တိုက်မိပြီ အထင်နဲ့ မျက်လုံးကို လက်နှစ်ဘက်နဲ့အုပ်ပြီး အော်လိုက်မိသည်။
ကလေးမလေးရဲ့ မေမေလည်း ပါးစပ်က ဆဲဆို ရေရွတ်လိုက်ပြီး ကလေးမလေးကို ပွေ့ချီလိုက်သည်။ ကံကောင်းထောက်မစွာ ဆိုင်ကယ်နှင့် မတိုက်မိပေမယ့် ဆိုင်ကယ်ရှေ့တွင် ချော်လဲသွားသည့် အရှိန်ကြောင့် မိန်မိန်ရဲ့ လက်တွေ ခြေထောက်တွေ အနည်းငယ် ပွန်းပဲ့ သွားခဲ့သည်။ သူ့မေမေလည်း ဒေါသတကြီးနဲ့ ကလေးကို ဆွဲထူပြီး ရိုက်ပါတော့သည်။ ကြုံခဲ့တဲ့ အဖြစ်တွေကြောင့် ကလေးက လန့်သွားဟန်တူသည်။ မျက်ရည်လည်းမကျ ငိုလည်း မငိုတော့ပဲ မျက်လုံးအဝိုင်းသားနဲ့ သူမ မေမေကို ကြည့်နေတော့သည်။ ကျွန်မလည်း မနေနိင်တော့ သဖြင့် “ကလေးက လန့်သွားတယ် ထင်တယ်။ ဖတ်ထားလိုက်ပါ အမကြီးရယ်” လို့ ဝင်ပြောပြီး ကျွန်မလည်း ကလေးကို သနားပြီး ဖတ်ထားလိုက်မိသည်။ ကလေးက မလှုပ်မယှက် ငြိမ်သက်သွားတာကိုတော့ ကျွန်မ ခံစားလိုက်မိသည်။
အဲဒီနေ့နောက်ပိုင်းမှာ ကျမတို့ထပ်ရောက်ဖြစ်ပေမယ့် မိန်မိန်ကတော့ အရင်လို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ပြေးလွှားနေတာမျိုး မရှိတော့ပေ။ ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်နေသည်ကိုသာ တွေ့ရသည်။ ကလေးရဲ့ ထိတ်လန့်သည့်အရှိန် မပြေသေး သည်လို့သာ တွေးလိုက်မိသည်။ အသိဥာဏ်နည်းသေးသည့် ကလေးတစ်ယောက်ရဲ့ အမှားအတွက် အသိဥာဏ် ပိုရှိသည့် မိဘ လုပ်သူရဲ့ မှားယွင်းသော တုန့်ပြန်မှုကြောင့် ဒီလိုဖြစ်သွားမှန်း ခန့်မှန်းမိသည်။ တကယ်ဆိုရင် ကလေး ထိတ်လန့်နေချိန်မှာ ဖေးဖေးမမ ရှိပေးခဲ့လျင် ပုံမှန် ပြန်ဖြစ်သွားနိင်ပေမယ့် ဒေါသတကြီး ရိုက်နှက်ခဲ့သဖြင့် ပိုဆိုးသွားတာဖြစ်မည်။ ကလေးက အရင်နှင့်မတူဘဲ တိတ်ဆိတ်နေပုံကို မိဘဖြစ်သူများကတော့ အလုပ်ရှုပ် ခုမှသက်သာပြီများတွေးနေကြမလား မသိပါ။
အဲဒီနောက်ပိုင်းတော့ ကျွန်မလည်း အလုပ်နေရာ အပြောင်းအရွေ့ကြောင့် သူငယ်ချင်းတွေနှင့် အရင်လို မဆုံတွေ့ရတော့သဖြင့် အဲဒီဈေးလေးကို ထပ်မရောက်ဖြစ်တာ ကြာသွားခဲ့သည်။ ကျောင်းတွေ ဖွင့်ချိန် ကျောပိုးအိတ်လေးတွေ လွယ်ထားတဲ့ ကလေးတွေကို မြင်တိုင်း ခင်တွယ်မိတဲ့ မိန်မိန်ကို အမှတ်တမဲ့ သတိရမိပြန်ပါသည်။ အရင်က ကျောင်းဖွင့်ချိန်ဆိုရင် သူမအတွက် အဝတ်အစားလေးတွေ လက်ဆောင် ဝယ်ပေးဖူးခဲ့သည်။ အခုလည်း ကျောင်းဖွင့်ချိန်တွေမို့ လမ်းမပေါ်က ကလေးလေးတွေကို ကြည့်ပြီး ကိစ္စတခုဖြင့် သွားရင် လမ်းကြုံသည်နှင့် မိန်မိန် ရှိသည့် မူကြိုကျောင်းလေးဘက်ကို ဦးတည်လိုက်သည်။ ကျောင်းဝင်းလေးထဲကို ဝင်ပြီး သူမရဲ့ ဆရာမကို ရှာတွေ့ဖြစ်သည်။

“မတွေ့တာ ကြာပြီနော်။”
“ဟုတ်ကဲ့ မိန်မိန်ကို လာကြည့်တာ။ သူဒီနေ့ကျောင်းတက်လား ဆရာမ။”
“ဟင် ကလေးမလေးက ကျောင်းပြောင်းသွားပြီလေ။ မသိဘူးလား။”
“ဟင့်အင်း မသိလိုက်ဘူး။ သူတို့ ဆိုင်ဘက်ကို မရောက်တာ ကြာနေပြီ
ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းသားလေးတွေ မြင်လို့ သတိရလို့ လိုက်လာတာ။”

“အင်း ထိုင်ပါအုံး။”
“ဟုတ်ကဲ့။”
“ကလေးက စကားတစ်လုံးမှ မပြောတော့လို့။”
“ဟင်...ဘယ်လို ဆရာမ”
“ဟုတ်တယ်။ ကလေးက စကားကို မပြောတော့တာ။ အရင်က ပြေးပြေးလွားလွားဆော့တတ်တဲ့ ကလေးငြိမ်ငြိမ်သက်သက်လေးနဲ့ ချောင်လေးတစ်ချောင်မှာ ထိုင်ပြီးပဲ ဆော့နေတတ်တော့ ကျွန်မလည်း အတော်လေးအံ့သြမိတယ်။ တစ်ပါတ်လောက် တိတိ အဲလို ဖြစ်နေတာ ဒါနဲ့ နောက်ဆုံးတော့ ကျွန်မလည်း သူအဖေအမေကို ခေါ်တွေ့လိုက်တယ်။ ကလေးကို အိမ်မှာ မရိုက်ပါနဲ့ ။ အချိန်ရရင် ကလေးအတွက် အချိန်နဲနဲလေးပေးပြီး အဖော်လုပ်ပေးပါလို့ ခေါ်ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာလည်း ကလေးက ပုံမှန်ပြန်မဖြစ်လာလို့ ကျောင်းပြောင်းလိုက်ရတယ်လေ။”
“ဖြစ်ရလေ ဆရာမရယ်။”
“ဒါက သူပြောင်းသွားတဲ့ ကျောင်းရဲ့ လိပ်စာပါ။”
ဆရာမ လက်ထဲက လိပ်စာကတ်လေးကို ယူပြီး ကျွန်မ ရင်ထဲမှာ စကားလုံးများ ဆွံအ သွားခဲ့ရသည်။ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ကလေးမလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်မြင်ယောင်မိသည်။ မူကြိုဆရာမ ပေးတဲ့ လိပ်စာလေးအတိုင်း ကလေးမလေး ရှိနေမယ့် ကျောင်းလေးကို ကျွန်မ ရောက်သွားခဲ့သည်။ ကျောင်းဝင်းလေးက တိတ်ဆိတ်နေ၏။ ကျောင်းဝင်းထဲကိုဝင်လိုက် သည်နှင့် အေးချမ်းသည့် ခံစားချက်ကို လှိုက်လှဲလှဲ ခံစားမိပါသည်။ ကျွန်မကို တွေ့သည့် ကလေးလူတိုင်းက ခေါင်းကိုငုံ့ပြီး နှုတ်ဆက်သည့် အနေနှင့် ဦးညွတ်ကြပါသည်။ ကျောင်းဝင်းထဲက လမ်းလေးအတိုင်း ဝင်လာရင်းက နက်ပြာရောင် ဝတ်ထားတဲ့ ဆရာမတစ်ယောက်ကို မေးလိုက်မိတော့ ကလေးမလေးရှိမယ့်အဆောင် ဘက်ကို လိုက်ပို့သည်။ ထမင်းစားချိန်မို့ ကလေးများ ပြေးပြေးလွှားလွှား ဆော့ကစားနေတာကို တွေ့ရသည်။ ဒါပေမယ့် ဆူဆူညံညံ မရှိလှ။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ်...။
“ကလေးမလေး ဒီကျောင်းကို ရောက်တာ ကြာပြီလားဆရာမ။”
“၂ လ ကျော်လောက်ရှိပြီ။ သူနဲ့ဘာတော်လဲ”
“အင်း ဘယ်လိုပြောရမလဲ သူနဲ့သူငယ်ချင်းပါ ဆရာမ ”
“ ဟိုမှာ မိန်မိန် က ”
“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာမ။”
“ဒီကလေးက လိမ္မာပါတယ်။ တစ်ယောက်ထဲပဲ အမြဲနေလေ့ရှိတယ်။ သူပေါင်းတာ သူထက်အသက်ကြီးတဲ့ ကောင်ကလေးတစ်ယောက်ကိုပဲ သူပေါင်းတယ်။ ပြီးတော့ သူသွားလေရာ ယူယူသွားတတ်တဲ့ ကြောင်ကလေးတစ်ကောင် ရှိတယ်။ လမ်းမှာ ကောက်ရတာလို့ ပြောတယ်။ ကျောင်းက တိုက်တဲ့ နို့တို့ အချိုရည် တို့ကို အဲဒီ ကြောင်ကလေးကိုပဲ တိုက်တယ်။ အစားအသောက်ဆိုရင်လည်း ကြောင်ကလေးကိုကျွေးပြီး ကျန်တာကိုမှ သူစားတယ်။ တချိန်လုံးလည်း အဲဒီကြောင်ကိုပဲ ပွေ့ပွေ့ပိုက်ပိုက်နဲ့ နေတတ်တယ်”
ဆရာမရဲ့ ညွန်ပြရာကို ကြည့်မိလိုက်သည်။ အနည်းငယ် ပိန်သွယ်သွားဟန် ရှိသည့် မိန်မိန် ကို တွေ့ရသည်။ ကလေးမလေးရဲ့ မျက်နှာလေးက အပြုံးတွေကို မတွေ့ရပေမယ့် အရင်ကထက် ချစ်စရာ ကောင်းနေသလိုပါပဲ။ မိန်မိန် ကတော့ ကျွန်မကို သတိမပြုမိသေးပါ။ စက္ကူဗူးလေးကို ဖောက်ကာ ကြောင်စားသည့် ပန်ကန်လေးထဲ နွားနို့ တွေကို သွန်ထည့်လိုက်ပြီး ကြောင်ကလေးရဲ့ ကျောကို ပွတ်သပ်ပေးနေတာကို တွေ့လိုက်ရသည်။ သူဘေးနားမှာ ရပ်နေတဲ့ သူထက်အသက်ကြီးသည့် ကောင်ကလေးက သူမကို လက်ဟန်ခြေဟန်ဖြင့် စကားတွေ ပြောနေတာကို တွေ့ရသည်။
ကလေးမလေးက လက်သီးလေးနှစ်ဘက်ကိုဆုပ် လက်မလေး နှစ်ချောင်းကို ကွေးပြပြီး ဆွံ့အ နားမကြား သင်္ကေတ ဖြင့် ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်မထိန်းနိင်သဖြင့် ကျွန်မ မျက်နာကို လက်ဝါး နှစ်ဖက်ဖြင့် အုပ်ကာ သည်းသည်း ထန်ထန် ငိုကြွေးလိုက်မိပါတော့သည်။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
photo: google

ရင်ထဲကအမှတ်တရအသင်း


မြန်မာပြည်မှာတုန်းကဆိုရင် မီးပျက်တဲ့နေ့တွေဆို လူတွေက ဖယောင်းတိုင်နဲ့နေပြီး တီဗီကြည့်ဖို့တော့ အင်ဗက်တာ ဝယ်တာ ကျွန်မ ဖေဖေရယ်ပါ။ ဘောလုံးပွဲကို ယောင်္ကျားလေးတွေပဲ အားပေးတယ် ထင်ခဲ့တာ မိန်းမဖြစ်တဲ့ ကျွန်မ မေမေက ထိပ်ဆုံးကပါပဲ။ ဖေဖေနဲ့မေမေရယ် မောင်လေး နှစ်ယောက်ရယ် မိသားစုလေးယောက် တီဗီရှေ့မှာ တစ်ယောက်တစ်ခွန်းနဲ့ အားမလို မအားမရ စကားတွေ အော်ကြီး ဟစ်ကျယ်ပြောကြ ဘောလုံးဂိုးသွားရင်“ ဂိုး ဂိုး ”ဆိုပြီး ထထအော်လိုက်ရင် အိမ်ခန်းထဲမှာ စာဖတ်နေတဲ့ ကျွန်မ လန့်လန့်သွားတဲ့အခါ လူကြီးလူကောင်းလေသံနဲ့ “ဖြေးဖြေးအော်ကြပါ၊ ဘာမှလည်း ကြည့်ကောင်းတာလည်း မဟုတ်ပါပဲ တစ်ခါတည်း ဘာတွေအဲလောက် ပျော်နေကြလဲ မသိဝူး” ဆိုပြီး သွားဟောက်တက်ပါတယ်။ သူတို့အတွက် ဘောလုံးပွဲ လက်ဝှေ့ပွဲ အစရှိတာတွေ ပြောနေချိန် ကျွန်မကတော့ မျက်မှောင်ကုတ်ပြီး ခေါင်းခါနေတတ်ပါတယ်။ ဘာလို့ အဲလောက်တောင် ဘောလုံးကို ကြိုက်ကြလဲမသိဘူးလို့ အကြိမ်ကြိမ် တွေးမိဘူးတယ်။ ကျွန်မ အမြင်မှာတော့ ဘောလုံးလေးတစ်လုံးကို အားလုံးက ဝိုင်းကန်နေကြတယ်။ ဟိုဘက်ကိုရောက်သွားလိုက် ဒီဘက်ကို ပြန်ကန်လာလိုက်နဲ့ ပျင်းစရာ ကောင်းလိုက်တာဆိုပြီး ဘောလုံးပွဲ ကြည့်တိုင်း အိပ်ပျော်သွားတက်ပါတယ်။ လူကလေးတွေ ပြေးလိုက်လွားလိုက်နဲ့ တစ်ခါတစ်လေ ကြည့်ရင်း မျက်လုံးတွေတောင် မှုန်ဝါးလာပါတယ်။ ဘောလုံးအကြောင်းနားမလည်ပဲ ကြည့်နေတဲ့ ကျွန်မ သူတို့ပြောနေတဲ့ ဘောလုံးစကားဝိုင်းထဲမှာ ဝင်မတိုးနိုင်တော့ ကျွန်မအတွက် ဘောလုံးပွဲဆိုတာ ပျင်းစရာကောင်းသော အစီအစဉ် တခုလို ထင်မိတယ်။

ကျွန်မ ဘောလုံးပွဲကို စကြည့်မိတာ အခု 2010ကမ္ဘာဖလားက ဆိုပါတော့။ထူးထူးဆန်းဆန်း တီဗီရှေ့မှာ အားရပါးရ ဘောလုံးပွဲ အားပေးနေတဲ့ ကျွန်မကို အိမ်သားတွေက အထူးအဆန်းလို ဝိုင်းကြည့်နေကြတယ်။ စစချင်း ရင်ထဲကို ရောက်လာတဲ့ အသင်းကတော့ မက်စီပါတဲ့ အာဂျင်တီးနားအသင်းပါပဲ။ ကိုယ်နဲ့ ပတ်သက်သမျှ အရင်းနှီးဆုံး သူတွေက ဘောလုံးပွဲကို မက်မက်မောမော အားပေးနေတာတွေ့တော့ သူတို့နဲ့ အတူလိုက်ကြည့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ စကြည့်မိတဲ့ နေ့က အာဂျင်တီးနားရဲ့ ဘောလုံးကန်တာကို ကြည့်ပြီး အိမ်မက်ထဲထိတောင် စွဲသွားခဲ့တယ်။ အာဂျင်းတီးနား ဘောလုံးကန်တာကို ကြည့်ရတာ လျှင်မြန် ဖျတ်လတ်ပြီး အရမ်းအားတက်ဖို့ ကောင်းပါတယ်။ စိတ်တွေလှုပ်ရှားပြီး ထထအော် မိတယ်။ ဘောလုံးအကြောင်းကို ဘေးနားက ပြောပြတက်တဲ့ သူ့ကြောင့်လည်းပါမယ် ထင်ပါတယ်။ ဘယ်သူက ဘယ်အသင်းမှာ ကြေးစားကန်တာ၊ ဘယ်သူကတော့ ရွှေဖိနပ်ရထားတာ၊ ဘယ်သူက ဘယ်နှစ်မှာ ကမ္ဘာ့အကောင်းဆုံး ရခဲ့ဖူးတာ ၊ဘယ်ဘောလုံးသမားက တစ်နှစ်ဝင်ငွေ ဘယ်လောက် အစရှိတာတွေ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ကျွန်မ ဘောလုံးကို တစ်စတစ်စ စိတ်ဝင်စားလာတော့တယ်။ မက်ဆီ ၊ စီရော်နယ်ဒို၊ ကာကာ၊ ဗီလာ ၊ ဇာဗီ စသည်ဖြင့် သိလာရတော့တယ်။

ဘောလုံးကိုစပြီ စိတ်ဝင်စားတာနဲ့ ညတိုင်း အလုပ်က ပြန်တာနဲ့ ဘောလုံးပွဲ ကြည့်မိတော့တယ်။ တစ်ခါတစ်လေ ကြိုက်တဲ့ပွဲတွေဆိုရင် ညအိပ်ရေးပျက်ခံပြီး ည ၂နာရီခွဲမှ လာတဲ့ ဘောလုံးပွဲကို ထထကြည့်ဖြစ်တယ်။ တစ်ခါတစ်လေ ဘောလုံးပွဲကြည့်ရင်း အားမလို အားမရ ဖြစ်ရင် ဘေးနားက ပစ္စည်းတွေကို ကုတ်ဖဲ့တက်ပြန်တယ်။ အနားမှာ လူရှိရင် အနားက လူကို လိုက်ရိုက်မိတယ်။ အားလုံး တိတ်ဆိတ်စွာ ကြည့်နေချိန်မှာတော့ ကျွန်မတစ်ယောက်ထည်း အသံပေါင်းစုံနဲ့ အားပေးနေပြန်တယ်။ အလုပ်ရောက်ရင် ဘယ်အသင်းနိုင်တယ်၊ ဘယ်သူကတော့ ဘယ်လိုကန်သွားတာ ၊ ဆိုပြီး ဘောလုံးဝါသနာအိုးဖြစ်တဲ့ ကျွန်မရဲ့ သူငယ်ချင်းများနဲ့ ပြောစရာ စကားများ ရှိလာခဲ့တယ်။ လူတစ်ယောက်ကိုတွေ့ရင် ဘောလုံးအကြောင်းတွေ ပြောရင်း တစ်ခါက ထမင်းစားချိန် ထမင်းစားဖို့တောင် မေ့သွားခဲ့တယ်။

အရင်က မုန်းခဲ့တဲ့ ဘောလုံးကို အခု ဆိုရင် ရူးသွပ်စွာ အားပေးနေတတ်ပါတယ်။ ရင်ထဲက စွဲလန်းရတဲ့ အသင်းကတော့ ဒီနေ့ည ဂျာမနီကို ရှုံးသွားတယ်။ အားလုံးက နိင် နိင်လောက်တယ် မျှော်လင့်ထားတဲ့ အသင်းက မလှမပ ရှုံးသွားတာကို ကြည့်ပြီး ဝမ်းနည်းမိတယ်။ ဘာပဲဖြစ်ဖြစ် ဘောလုံးကို စကြိုက်မိတဲ့အချိန်က ရင်ထဲကိုရောက်လာတဲ့ အာဂျင်တီးနား အသင်းကို ဒီနေ့ည ကန်တာညံ့ပေမယ့် ဆက်ပြီး အားပေးနေအုံးမယ်ဆိုတာပါပဲ။


မှတ်ချက်။ ။ ဘောလုံးပွဲတွေ ဆက်တိုက် လာနေတော့ ဘယ်သူ့အိမ်ကိုမှ မရောက်ဖြစ်ဘူး။ စာတွေလည်း လိုက်မဖတ်ဖြစ်ခဲ့ရင် ခွင့်လွတ်ပါ။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

ဘဝအမှောင်ည


{သူမ ကျွန်တော်အပေါ် ကောင်းသလောက် ကျွန်တော် သူမအပေါ် တာဝန်မကျေခဲ့တဲ့ အချက်များစွာရှိခဲ့ပါသည်။ ကျွန်တော်သည် အပေါင်းအသင်းမင်သူတစ်ယောက်ဖြစ်သည်။ ထိုအပေါင်းအသင်မင်မှုနှင့် သူမ အပေါ် အလေးမထား မှုတွေက ကျွန်တော်အတွက် အကြီးမားဆုံး နောင်တ တစ်ခုကို ရစေနိုင်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပါ။ }
~~~~@~~~~


ကျွန်တော်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က မိဘသဘောတူသည့် မိန်းခလေး တစ်ယောက်ကို လက်ထပ်ခဲ့သည်။ ကျွန်တော် ကံကောင်းသည်မှာ သူမရဲ့အလှသည် အေးချမ်းလွန်းလှသလို သူမရဲ့နေပုံထိုင်ပုံက ညင်သာနူးညံ့လွန်းသည်။ သူမသည် ဘာအပြစ်မှ ပြောစရာ မရှိလောက်အောင် အလိုက်တသိဖြင့် မယားဝတ်တရားနှင့် အညီနေတတ်သော မိန်းမတစ်ယောက်လည်းဖြစ်သည်။ ကျွန်တော်အပေါ် တာဝန်ကျေလွန်း၍ သူမကို ချစ်မြတ်နိုး စရာကောင်းသော မိန်းမတစ်ယောက်အဖြစ် သံယောဇဉ်တွေ တဖြည်းဖြည်း တိုးပွါးလာရသည်။

ကျွန်တော်တို့နှစ်ယောက် လက်ထပ်ဖို့ လက်စွပ်လေးတွေ သွားကြည့်စဉ်က သူမသည် လက်စွပ်မယူဘဲ ဖုန်းတစ်လုံးလောက် လိုချင်သည်ဟု ပူဆာခဲ့ဖူးသည်။ လက်ထပ်လက်စွပ်ထက် သူမအတွက် ဟန်းဖုန်းတစ်လုံးက အရေးကြီးသည် ဆိုတာကို အိမ်ထောင်ကျပြီးမှ သိခဲ့ရသည်။ ကျွန်တော် အလုပ်လုပ်နေချိန်၊ ထမင်းစားချိန်၊ အားလပ်အချိန်များတွင် သူမ ဂရုတစိုက် ဖုန်းဆက်လာတတ်ပါသည်။ ကျွန်တော်က ထမင်းစားပြီးကြောင်းနှင့် အလုပ်နားနေချိန်တွေ ဘာလုပ်တယ်ဆိုတာကို ရှင်းပြရသည်။ နေ့စဉ်နှင့်အမျှ ကျွန်တော်ကိုဖုန်း ဆက်ဆက်လာပြီး ကလေးတစ်ယောက်လို ဂရုစိုက်လွန်းသည်။ အကြောင်းကြောင်းကြောင့် ကျွန်တော် ဖုန်းမကိုင်မိတဲ့နေ့တွေ ဆိုရင် အိမ်ပြန်ရောက်တဲ့အခါ သူမ မျက်နှာ မကောင်းပါ။ သူမရဲ့ မျက်လုံး အစ်အစ်လေးတွေကို တွေ့ရမြဲဖြစ်သည်။ ကျွန်တော်က အကျိုးအကြောင်းရှင်းပြရင်တော့ သူမသည် ကြာကြာစိတ်မကောက်တော့ပဲ အမြဲတမ်းပြုံးရယ်ပြတတ်သည်။ သူမမွေးနေ့ ၊ ဗယ်လင်တိုင်းနေ့များတွင် ကျွန်တော်က အမှတ်တရ ဖုန်းလက်ဆောင်လေးတွေ ပေးလေ့ရှိသည်။ သူမသည် ကျွန်တော်ပေးတဲ့ ဖုန်းလေးတွေကို မရိုးအောင် လဲလှယ်ပြီးကိုင်ရင်း အမြဲပျော်ရွှင်နေတတ်သည်။ ကျွန်တော်ပို့ပေးသော ဖုန်းမက်ဆော့လေးတွေကို တွေ့ရင် သူမ ပျော်ရွှင်စွာ ပြုံးရယ်နေတတ်သူလည်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေး တသက်တာလုံး သာယာ တည်ငြိမ်နေမည်ဟု ယုံကြည်ထားချိန်တွင် ကံကြမ္မာဆိုးသည် မဖိတ်ခေါ်ဘဲ ရောက်လာခဲ့သည်။

ထိုနေ့သည် ရာသီဥတု အခြေအနေ ဆိုးဝါးသည့် နေ့တစ်နေ့ ဖြစ်ကာ ရုံးကအပြန် မိုးသည်းထန်စွာ ရွာသွန်းနေသည်။ မိုးလေဝသ သတင်းက မိုးသည်းထန်စွာရွာသွန်းမည်လို့ ကြေငြာထားသောကြောင့် ကားကို ဂရုတစိုက်မောင်းနေရသည်။ လမ်းအခြေအနေ မကောင်းတာကြောင့် မိုးနည်းနည်းစဲမှ အိမ်ပြန်မည်လို့ ဆုံးဖြတ်ပြီး အနီးဆုံး သူငယ်ချင်းတစ်ယောက် အိမ်မှာ ဝင်ပြီးမိုးခိုလိုက်သည်။ သူငယ်ချင်းရဲ့အိမ် အနီးနားမှာ နေကြတဲ့ သူငယ်ချင်း ၃ယောက်ကိုခေါ်ကာ ကျွန်တော်တို့စုပြီး ဖဲထိုင်ကစားဖြစ်ကြသည်။ သူမသည် ထုံးစံအတိုင်း အလုပ်ဆင်းချိန်ရောက်တော့ ဖုန်းဆက်လာသည်။ မိုးတွေ အရမ်းရွာနေလို့ သူငယ်ချင်းတစ်ယောက်အိမ်မှာ မိုးခိုနေရကြောင်း မိုးစဲမှာ အိမ်ပြန်လာမည်လို့ ဖုန်းထဲကနေ သူမကို နှစ်သိမ့်လိုက်သည်။ စိတ်ပူတတ်တဲ့ သူမသည် မကြာခဏ ဆိုသလို ဖုန်းဆက်ဆက်လာသည်။ သူမ ဆက်လာတိုင်းလည်း ကျွန်တော်က မကြာခင် ပြန်လာမည့်ဟုသာ ဖြေနေရသော်လည်း တော်တော် နှင့် ကစားဝိုင်းမှ မထဖြစ်ပေ။ တစ်ဖြေးဖြေးနှင့် ညဉ့်နက်လာသည်။ အိမ်အပြင်မှာတော့ မိုးမစဲတဲ့ အပြင် မိုးက ပို၍ အခြေအနေဆိုးဆိုးလာသည်။ အကြိမ်ပေါင်းများစွာ ဆက်လာသည့် သူမရဲ့ဖုန်းကို ကျွန်တော် စိတ်တိုလာတော့သည်။

တကယ်ဆို ကျွန်တော်ကို ကလေး တစ်ယောက်လို စိတ်ပူပင်နေဖို့ မလိုအပ်ဘူးဟု ထင်မြင်မိသည်။ ထို့ကြောင့် နောက်တစ်ကြိမ် ဖုန်းလာပြီးသည့်နောက်တော့ နာရီဝက်နေရင် ပြန်လာမယ် ဘာမှစိတ်မပူနဲ့လို့ ပြောပြပြီး ကျွန်တော် ဖုန်းပိတ်ထားလိုက်တော့သည်။ ပွဲအစကတည်းက ရှုံးနေသည့် ကျွန်တော် အနိုင်ရဖို့အတွက် ဖဲကို မိုးနှင့်အတူ သည်းကြီးမဲကြီး ကစားနေလိုက်သည်။ အချိန်နာရီတွေကိုတောင် ကြည့်ဖို့ မေ့လျှော့နေမိသည်။ ကျွန်တော်မှာ ပါသမျှ နောက်ဆုံး လက်ကျန်ငွေလေးကို ထုတ်လိုက်ချိန် ကျွန်တော်ရဲ့ လက်ပတ်နာရီလေးကို တစ်ချက်ကြည့်မိလိုက်သည်။ ည ၁၁ နာရီနဲ့ ၄၅ မိနစ်တောင် ရှိနေလေပြီ။ ထိုအချိန်ရောက်မှ စိတ်ပူနေမည့် သူမရဲ့ မျက်နှာလေးကို မြင်ယောင်လာသည်။ ကျွန်တော် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

လမ်းတစ်လျှောက် ကားမှန်တွေက ဝိုဝါးကာ ဘာကိုမှ သည်းကွဲစွာ မမြင်နိုင်အောင် မိုးသည်းထန်းစွာ ရွာသွန်းသောကြောင့် အရှေ့ကကားကိုတောင် သဲသဲကွဲကွဲ မမြင်ရပါ။ ကားကို ဂရုတစ်စိုက် မောင်းနှင်လာရင်း အိမ်ရှေ့နားရောက်တော့ အိမ်ပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အိမ်တစ်ခုလုံး မဲမှောင်နေသည်ကို တွေ့လိုက်ရသဖြင့် ဒီအချိန်ဆိုရင် ကျွန်တော့်ကို စိတ်ကောက်ပြီ သူမ အိပ်နေလောက်ရောပေါ့လို့ တွေးရင် ကားဂိုဒေါင်မှာ ကားကိုရပ်လိုက်သည်။ အိမ်ပေါ်ရောက်တော့ သူမအိပ်နေတဲ့ အခန်းဆီကို တည့်တည့်မက်မက် လျှောက်လာလိုက်သည်။ သူမ အခန်းထဲမှာ ရှိမနေပါ။ သူမ ရှိနေတတ်တဲ့ စာကြည့်ခန်းလေးဘက် လျှောက်လာလိုက်သည်။ သူမကို မတွေ့ရ။ ကျွန်တော် အနည်းငယ် စိတ်ပူလာသည်။ အိမ်တစ်ခုလုံးကို လှည့်ပတ်လျှောက်ရှာလိုက်သည်။ သူမနှင့်တူတဲ့ အရိပ်ယောင်တောင် မတွေ့ရ။ ဒီလောက်မိုးရွာနေတဲ့ ညဉ့်နက်သန်းခေါင်ကြီး သူမ ဘယ်ရောက်သွားပါလိမ့်ဆိုပြီး ကျွန်တော် ခေါင်းတွေချာချာလည်လာသည်။ သူမကို ဆက်သွယ်ဖို့ရန် ဖုန်းတစ်ခုသာ ရှိတော့သည်။ ကျွန်တော်ရဲ့ပိတ်ထားသည့် ဖုန်းကို ဖွင့်လိုက်ချိန်မှာတော့ သူမသည် ကျွန်တော်ကို ဖုန်းအကြိမ်ပေါင်းများစွာခေါ်ထားတာကို တွေ့လိုက်ရသည်။ သူမရဲ့ ကျွန်တော့ဆီပို့ထားတဲ့ မက်ဆော့လေးကို ကျွန်တော် ဖွင့်လိုက်သည်။

“မောင်...အပြင်မှာ မိုးတွေ အရမ်းရွာနေတယ်။ အရမ်းစိုးရိမ်တယ်။ ပြီးတော့ ဒီနေ့က ကျွန်မတို့ရဲ့ နှစ်ပတ်လည် နေ့ဆိုတာ မေ့နေပြီလား ”
ဆိုသည့် မတ်ဆေ့ လေးကို တွေ့လိုက်ရမှ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အိမ်ထောင်သက် နှစ်ပတ်လည်နေ့ဆိုတာကို သတိရမိတော့သည်။ ထို့ကြောင့် သူမ အရင်နေ့တွေထက် ပိုပြီး တချိန်လုံး ဖုန်းဆက်နေခြင်း ဖြစ်ကြောင်း တွေးမိတော့သည်။ ကျွန်တော်ကတော့ မေ့လျော့နေခဲ့ကာ သူငယ်ချင်းတွေနဲ့ ကစားလို့ ကောင်းနေခဲ့သည်။ ဒုတိယမြောက် မတ်ဆေ့ကို ထပ်ဖွင့်လိုက်ချိန်တွင်

“ မောင်ရေ စိတ်မပူနဲ့နော်... မထင်မှတ်ဘဲ ကားချင်းတိုက်မိတယ် ဒဏ်ရာက သိပ်မပြင်းဘူးလို့ထင်ပါတယ် ဘာပဲဖြစ်ဖြစ် စိတ်မပူနဲ့နော် ဖြစ်နိင်ရင်တော့ မောင့်ကို ကျမအနား မြန်မြန်ရောက်လာစေချင်တယ်”

သူမရဲ့ မတ်ဆေ့လေးကို ဖတ်ပြီးချိန်တွင် ကျွန်တော့် ထူပူသွားသည်။ ဒူးတို့ ခွေညွှတ်သွား၏။ ရင်ထဲမှ တဒိုင်းဒိုင်း မြည်သံများသည် အပြင်သို့ပင် လျှံထွက်မတတ်ဖြစ်နေသည်။

စိုးရိမ်ကြီးစွာဖြင့် သူမကိုင်တဲ့ ဖုန်းလေးကို နှိပ်လိုက်သည်။ တစ်ဘက်မှ ငိုသံတစ်ခုကို ကြားလိုက်ရသည်။ ကျွန်တော့် ယောက္ခမရဲ့အသံဖြစ်သည်။

“မင်း ဘယ်တွေ သွားနေတာလဲကွယ်။ သမီးက မင်းကိုစိတ်ပူလို့ မင်းသူငယ်ချင်းတွေအိမ်ကို လိုက်သွားမယ် ဆိုပြီး ထွက်သွားတာတဲ့လေ။ မိုးတွေအရမ်းရွာနေတယ် မသွားပါနဲ့လို့ တားပေမယ့် သူက မင်းကို သွားရှာမယ်ဆိုပြီး ထွက်သွားတာပဲကွယ်...။ အခု လမ်းမှာ အက်စီးဒန့် ဖြစ်ပြီး ငါ့သမီးလေဆုံးပြီ။ သမီးရယ် အဖြစ်ဆိုးလိုက်တာ..။”

ကျွန်တော် ဖုန်းကိုကိုင်ပြီး တစ်ဘက်ကလာတဲ့ စကားသံကြောင့် ကြောင်နေမိသည်။ ဘာတွေဖြစ်ကုန်တာလည်း မယုံနိုင်ကြည်နိုင်အောင်ပါပဲ။ ကျွန်တော် သူမ ရှိနေတဲ့ နေရာကို လိုက်သွားသည်။ ရဲကားတွေနဲ့ ရှုပ်ရှက်ခက်နေတဲ့ ယာဉ်တိုက်မှုနေရာလေးကို ကျွန်တော် ရောက်သွားချိန်တွင် သူမသည် အေးချမ်းလှတဲ့ မိုးရေတွေ ရဲ့အောက်မှာ အရာရာကို စိတ်ချလက်ချ ကျောခိုင်းသွားလေပြီ။ သူမဘေးနားမှာ သူမ မေမေက မိုးရေတွေနဲ့ အတူ ဝမ်းနည်းစွာ ငိုကျွေးနေလေသည်။ မြေပြင်မှာ လဲကျနေတဲ့ သူမကို ကျွန်တော် ပွေ့ဖက်လိုက်၏။ ကျွန်တော်မျက်ရည်များ တားဆီးမရစွာ စီးကျလာသည်။ အရာရာဟာ ကျွန်တော် အမှားဖြစ်သည်။ကျွန်တော်သာ ဖုန်းပိတ်မထားခဲ့လျင် သူမ ဒီလို အဖြစ်ဆိုးမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ အလုပ်ပြီးချိန်တွင် အိမ်သို့တန်းပြန်ခဲ့လျင် (သို့မဟုတ်) အပေါင်းအသင်း မမက်ဘဲ ကိုယ့်ရဲ့ ဇနီးမယား အနားတွင် အတူတူရှိနေခဲ့လျင် ကျွန်တော်တို့ နှစ်ယောက် နှစ်ပါတ်လည် နေ့လေးကို ပျော်ရွှင်စွာ ကျင်းပ နိင်ခဲ့မည်။ ခုတော့ နောင်တများဖြင့် ဘဝ တသက်တာလုံး ပူလောင်ရတော့မည် ထင်သည်။ ကျွန်တော်ရဲ့ အိမ်အပြန်လမ်းမှာ သူမ အိမ်ပြန်ရောက်မလာခဲ့ပါ။ ယခုမှ သတိပြုမိသည်မှာ ဖဲဝိုင်းတွင် ဆုံးရှုံးသွားသော အရာများသည် ငွေကြေးများ မဟုတ်ဘဲ ကျွန်တော့် အနာဂါတ် တစ်ခုလုံးသာ ဖြစ်မှန်း သိလိုက်ရလေပြီ။



forward mailလေးတစ်စောင်ကို ဘာသာပြန်ထားတာပါ။
ချစ်ခင်လေးစားလျှက်
မြတ်မွန်

ရေသန့်ဗူးခွံအတ္တ


ကျွန်မ လုပ်တဲ့ ကုမ္ပဏီအနီးနားမှာ စက်ရုံတွေ ကျောင်းတွေ ရှိတာကြောင့် ထမင်းစားချိန်ဆိုရင် ဆိုင်တိုင်းလိုလို လူများပါတယ်။ ဆိုင်တွေက ပစ်တဲ့ တစ်ခါသုံး ရေသန့်ဗူးတွေ စက္ကူ ပန်းကန်တွေ ခွက်တွေကို ကောက်တဲ့ အသက်ကြီးကြီး အဖိုးအိုတွေ အဖွားအိုတွေကလည်း များသားရယ်။ အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေ စက္ကူဗူးတွေ ရေသန့်ဗူးတွေ လိုက်ကောက်နေရတာ မြင်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ရေဗူးတွေ ခွက်တွေ ပေါတဲ့ နိုင်ငံဆိုတော့ လွှတ်ပစ် ပစ္စည်းတွေကလည်း များပါတယ်။ အိမ်မှာဆိုရင် စက္ကုဗူးတွေကို သေသေခြာခြာခေါက်၊ ရေသန့်ဗူးခွံတွေ အအေးဗူးခွံတွေဆိုရင် ခြေထောက်နဲ့ ပြားနေအောင်တက်နင်း၊ အိတ်တစ်အိတ်ထဲမှာ ထည့်ပြီး လိုက်ကောက်တက်တဲ့ အဖိုးအဖွားတွေ တွေ့ရင် ပေးပါတယ်။

တစ်ချို့ကတော့ အိမ်က သားသမီးတွေက မစောင့်ရှောက်လို့ ကောက်ရတာဖြစ်ပြီး တစ်ချို့ကျတော့ ပိုက်ဆံရှိရဲ့နဲ့ အပိုဝင်ငွေရအောင်ဆိုပြီး ကောက်တာလို့ တစ်ခါ သတင်းထဲမှာ ဖတ်ဖူးလိုက်သေးတယ်။ အမှိုက်ကား အရှေ့မှာ လမ်းလျှောက်ပြီး အိမ်တွေက လွှတ်ပြစ်တဲ့ စက္ကူဗူးတွေ၊ အအေးဗူး၊ ရေသန့်ဗူး အစရှိတဲ့ ရောင်းလို့ ရတာ မှန်သမျှ ရှေ့က ဦးအောင် လိုက်သိမ်းတတ်ကြတယ်။ တစ်ခါတစ်လေ ကောက်တဲ့ လူများတဲ့ အခါ သူထက်ငါ အလုအယက် ကောက်ကြရင်း ရန်ဖြစ်ကြတာကို တွေ့ရပြန်ပါတယ်။ ရေသန့်ဗူးပေါ်မှာ ထားတဲ့ သူတို့တွေရဲ့ အတ္တပေါ့။

လွန်ခဲ့တဲ့တစ်ပါတ်ကျော်လောက်ကပေါ့ ထမင်းဗူးမပါတော့ အပြင်မှာ ထွက်စားပါတယ်။ ခေါက်ဆွဲဆိုင်နား ရောက်တော့ အသက်၃၀လောက် ရှိတဲ့ လူတစ်ယောက် ရေသန့်ဗူးတွေ လိုက်ကောက်တယ် ထင်ပါရဲ့ ဟောင်းဟောင်းနွမ်းနွမ်း စုတ်စုတ်ပြတ်ပြတ်နဲ့ ။ ထိုလူက တုန်တုန်ချိချိနဲ့ အသက်တော်တော်ကြီးပုံရတဲ့ အဖိုးအိုကို လက်သီးတွေနဲ့ ပိတ်ထိုး တစ်ဘုန်းဘုန်း နဲ့ထုရိုက်နေတာကို တွေ့လိုက်ရတယ်။ အဖိုးအိုက ဘာတစ်ခုမှ ပြန်မခုခံတဲ့ အပြင် “ ခွင့်လွတ်ပါကွာ ငါမသိလို့ပါ ” ဆိုပြီး တောင်းပန်နေသေးတယ်။ ခံနေရတဲ့ အဖိုးအိုဘက်က ဝင်ဆွဲမယ့်လူမရှိဘူး။ အင်အား မမျှမှန်းသိပေမယ့် အားလုံးက ဝိုင်းကြည့်နေကြတော့ မိန်းကလေးဖြစ်တဲ့ ကျွန်မက ဘေးနားက ကြည့်ပြီး ဒေါသ ထွက်နေရုံက လွဲပြီး ဘာမှ မတက်နိုင်ခဲ့။

အစအဆုံး မမြင်လိုက်ရတော့ ဘာဖြစ်မှန်းတော့ မသိဘူးပေါ့။ အနီးနားမှာ ကြည့်နေတဲ့ လူတစ်ယောက်ကို မေးကြည့်မိပါတယ်။ အဖိုးအိုက ဘာများ လုပ်မိလို့ ဒီလို အနိုင်ကျင့်ရတာလဲပေါ့။ ဟိုလူကောက်ထားတဲ့ ရေသန့်ဗူး ကို အဖိုးအိုက သွားယူမိလိုက်လို့ တဲ့လေ။ သြော်....ဖြစ်ရလေ ရေသန့်ဗူးခွံလေး တစ်ဗူးနဲ့ အဲလောက်တောင် ရန်ရှာရလား ဆိုပြီး ထိုလူရဲ့ အတ္တစိတ်ကို မြင်မိတယ်။ အဖိုးအိုက မသိလို့ ယူမိတာကို တောင်းပန်နေပေမယ့် ထိုလူရဲ့စိတ်က ငါ့ပစ္စည်းဆိုတဲ့ အတ္တစိတ်ကြောင့် ရန်ရှာပါတော့တယ်။ လူရဲ့အတ္တဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာ။ အသက်ကြီးတာ ငယ်တာ မျက်စိထဲမှာ မမြင်တော့ဘူး။ ငါပစ္စည်းဆိုတဲ့ အတ္တစိတ်က အသိညာဏ်ကို ဖုံးလွမ်းသွားတော့တယ်။ တန်ဖိုးအနည်းအများ ဆိုတာထက် မိမိပစ္စည်းဆိုတဲ့ အတ္တကြောင့် သက်ကြီးရွယ်အို ဆိုတဲ့ အသိပျောက်သွားရတာတော့ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိင်ခြင်း တစ်မျိုးဖြစ်သလို စိတ်ဓါတ်ညံ့ဖျင်းမှု လို့ပဲမှတ်ချက်ချမိလိုက်ပါတော့တယ်။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

နှင်းဆီခင်းရဲ့သူငယ်ချင်း

တစ်နေ့မှာ လမ်းသွားလမ်းလာ ခရီးသည် တစ်ဦးက အလွန်မှမွှေးကြိုင်လှတဲ့ မြေကြီးတွေကို လမ်းသွားရင်း တွေ့လိုက်တယ်။ မွှေးလွန်းလို့ မြေကြီးပုံက မြေကြီးအနည်းငယ်ကို အိမ်သို့ ယူလာခဲ့တယ်။ အချိန်တွေကြာလာပေမယ့် မြေကြီးရဲ့ အမွှေးရနံက ပြောက်ပြယ်သွားတယ် မရှိဘူး။ မြေကြီးဘာလို့ မွှေးရတာလည်း ဆိုတာကို ထိုလူက သိချင်လာတယ်။ ဒါနဲ့ပဲ မြေကြီးကို မေးလိုက်ကြည့်တယ်။

ခရီးသည် ။ ။ ကိုမြေကြီး ခင်ဗျာ ။ ခင်ဗျား မြေကြီးက ဘာလို့မွှေးနေရတာလဲ? မြေကြီးစဖြစ်ကတည်းက မွှေးတာလား? အမွှေးရနံတွေ ဖြန်းထားလို့လားခင်ဗျာ?

မြေကြီး ။ ။ မဟုတ်ပါဘူး ။ကျွန်တော်က ရိုးရိုး မြေကြီးပါပဲ ခင်ဗျာ။

ခရီးသည်။ ။ ဒါဆို ဘာလို့ အမွှေးနံတွေ ရနေတာလဲဗျ။

မြေကြီး ။ ။ သြော် ။ ဒါလား အဲတာ ကျွန်တော့် သူငယ်ချင်း နှင်းဆီပင်တွေကြောင့်ပါ ခင်ဗျာ။ ကျွန်တော်က နှင်းဆီ အခင်း တောကြီးထဲမှာ ကြီးပြင်းလာတာကြောင့်ပါ။

ကိုယ်ပေါင်းသင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပေါင်းတာ ကြာလာလေ ထိုလူရဲ့ အကျင့်စရိုက်က ကိုယ့်ကို အနည်းနဲ့အများတော့ ရိုက်ခက်လာတက်ပါတယ်။ မြေကြီးက နှင်းဆီးအခင်းကြီးထဲမှာ ကြီးပြင်းလာတာ ကြာတော့ နှင်းဆီးတွေရဲ့ ရနံက သူကိုယ်မှာ စွဲကပ်လာခဲ့တယ်။ သူငယ်ချင်းအပေါင်းအသင်း ၊လူ့ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ်ရဲ့ကိုယ်မှာ စွဲကပ်လာမယ့် အမွှေးရနံတွေပါပဲ။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

တုနှိုင်းလို့မမှီ

စိတ်နှလုံးကို ရွှင်ပြုံးစေလို့
လူအပေါင်းအား လူလောကသို့
ပို့ဆောင်ပေးသော အမျိုးသမီး
အမိမည်၏။။

ငယ်စဉ်ဘဝ အစဉ်လမ်းပြ
ပဲ့ကိုင်ဆုံးမ ရှေ့ဆောင်ခဲ့ပေ
အနန္တဂိုဏ်ဝင် ကျေးဇူးရှင်တည်း
အမိဆရာ။

ရင်ဝယ်ပိုက်ထွေး နမ်းရှိုက်မဝ
မုန်းတယ်ဘယ်ခါ မရှိလင့်ကာ
ချစ်ခြင်းတွေတာ အသက်ပမာ
အမိချစ်သား။

ကမ္ဘာမြေကြီး မြင့်မိုရ်တောင်လည်း
ယူဇနာပေါင်း တစ်သန်းနှစ်သောင်း
နှိုင်းယှဉ်မေတ္တာ တုနှိုင်းမသာ
အမိမေတ္တာ။

ဤလောကတွင် ပြောမကုန်နိုင်
အမိကျေးဇူး မြဲစွာမှတ်လေ
ဘယ်အခါခါ ဘယ်ချိန်တမ်းတ
အမေ့ရဲ့ထာဝရမေတ္တာ
တုနှိုင်းလို့မမှီသာ။

နှစ်စဉ်နှစ်တိုင်း ၅လပိုင်းရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိကြတဲ့ အမေတိုင်း ပျော်ရွှင်ကြပါစေ။ နေ့တိုင်းမှာ အမေရဲ့ ကျေးဇူးကို ရင်ထဲမှာ အစဉ်သိနေပေမယ့် ဒီနေ့ကတော့ အမေအတွက် အမှတ်တရနေ့လေး အဖြစ်သတ်မှတ်ထားတာကြောင့် အမေကို ကြည်နူးစေမယ့် အပြုအမူလေးတွေ ခါတိုင်းနေ့လေးတွေလို မတူညီတဲ့ ခံစားချက်လေးတွေဖြစ်အောင် မှတ်မှတ်ရရ တစ်ခုခုပေးရအောင်လား။ အမေကို ဖက်ပြီး “ မေမေ အမြဲတမ်းကျန်းမာ ပျော်ရွှင်ပါစေ။ အစဉ်ထာဝရ လှပနေပါစေ။ မေမေက သားသမီးတွေအတွက် မရှိမဖြစ် အစဉ်ထာဝရ အလိုအပ်ဆုံးသော မေမေပါလို့ ” မေမေကို ပြောပြီး တစ်ချက်လောက် အားရပါးရ နမ်းရှိုက်လိုက်မယ်ဆိုရင် မေမေအတွက် ကြည်နူးဆုံးသော လက်ဆောင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ps:လောကမှာ အမေလို့ ခေါ်စရာရှိနေသေးတာ သိပ်ကို ကံကောင်းသော လတ်ဆောင်တစ်ခု ရရှိသလိုပါပဲ။

ချစ်ခင်လေးစားလျှက်
မြတ်မွန်