ခန္ဓာရပ်ချိန်

ဘယ်အရာမဆို
တည်တံခြင်း နဲ့ ပျက်စီးခြင်း
အဆိုးနဲ့အကောင်း ဒွန်တွဲနေတက်တာ..

အချိန်တွေ ကြာလာလေ
အသုံးပြုတာ များလာလေ
ပျက်စီးဖို့ အခွင့်ရေးပိုများလေ..

ဘဝတစ်လျှောက်လုံး
ခွန်အားတွေကို ထုတ်ပိုး
ခရီးပေါင်းများစွာကို ချီတက်နေခဲ့တယ်

လောင်စာတွေကုန်ခမ်း
လောင်မြိုက်ခြင်းတွေ မီးခိုးတိတ်ချိန်
ချုပ်ငြိမ်းခြင်းမှာ အဆုံးသတ်တယ်။



ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်


ps;ဘယ်လောက်ချစ်လှပါတယ်ဆိုတဲ့ လူပဲ ဖြစ်ဖြစ် တစ်နေ့ ကိုယ့်လမ်းကိုလျှောက်ရမှာပါ..။ ဘယ်သူမှ ဆွဲထားလို့ မရနိုင်ပါဘူး။ ထွက်သွားတဲ့ နောက်ဆုံး အချိန်လေးမှာပဲ နောက်ကျောကို ကြည့်ရင်း ဆုတောင်းပေးနေရုံပါပဲလေ..။ အမှန်တကယ် ခန္ဓာချုပ်ငြိမ်းချိန်ကို မရောက်သေးသ၍ သူရဲ့ရှေ့ဆက်ရမယ် နောက်ဘဝဆိုတဲ့ ခရီးပေါင်းများစွာအတွက်..။

ရှင့်ဟွှားဥယာဉ်သို့










ရှင့်ဟွှားလင် ( 杏花林 )ဆိုတဲ့နေရာလေးကို စိတ်ပြေလက်ပြောက် သွားခဲ့တယ်။ ထိုင်ပေ တိရစ္ဆာန်ရုံကို သွားတဲ့ လမ်းအတိုင်း သွားရင် ရောက်နိုင်ပါတယ်။ တိရစ္ဆာန်ရုံကို သွားတဲ့လမ်းရဲ့ဘေးနားက တောင်တက်လမ်းလေး အတိုင်းတက်လာရင် တောင်ရဲ့အပေါ်ဆုံးမှာ ရှင့်ဟွားပန်းလေးတွေ ပွင့်နေတဲ့ တောအုပ်ကလေးကိုတွေ့ရမှာပါ။ လမ်းတလျှောက်မှာလည်း မောင်းခုန်း ( 貓空)သို့ ဆိုတဲ့ ကောင်းကင်ကြိုးရထားလုံးဂိတ်ကို ညွန်းတဲ့ ဆိုင်းဘုတ်လေး တွေကို တွေ့ရမှာပါ။ လိပ်စာကတော့ 杏花林休閒農場位於台北市文山區老泉街45巷30號 ဆိုတာလေးပါ။ ထိုင်ပေက သူငယ်ချင်းများ ဓာတ်ပုံရိုက်ချင်ရင်ပဲဖြစ်ဖြစ် လာလည်လို့ရအောင် လိပ်စာလေးပါ ရေးပေးထားပါတယ်။ ဘလော့က သူငယ်ချင်းများကိုလည်း စိတ်ဝင်စားရင် လာလည်ဖို့ ဖိတ်ပါတယ်။ မသွားတတ်ရင်တော့ မွန်တို့ကိုယ်တိုင် လိုက်ပို့ပါမယ်။

တောင်တက်လမ်းလေးက သိပ်မကျယ်လှပေမယ့် ကားနှစ်စီးလောက်တော့ သွားလို့ရနိုင်ပါတယ်။ မိုလေးဖွဲဖွဲမို့ ကားလမ်းတစ်လျှောက်လုံးက စိုစွတ်စွတ် နိုင်လွန်းလှတယ်။ တောင်ပေါ်ရောက်လေလေ ဘယ်က ဝင်လာမှန်းမသိတဲ့ လေအေးတွေက ကားမှန်တွေပိတ်ထားပေမယ့် ကားထဲမှာ ထိုင်နေရင်းနဲ့ကို ချမ်းစိမ့်စိမ့် ဖြစ်လာစေတယ်။ တောင်ရဲ့အပေါ်ကိုရောက်တော့ တိမ်တိုက်လေးတွေတောင် ဘေးနားက ဖြတ်သွားတာကိုတွေ့ရပြန်တော့ တောင်အပ်ါဆုံးကိုရောက်ပြီလို့ ခန့်မှန်းမိလိုက်တယ်။

ကွေ့ကွေ့ကောက်ကောက် တောင်ပတ်လမ်းတစ်လျှောက် တက်လာရင်းက ရှင့်ဟွားလင်ဆိုတဲ့ အနီရောင် ဆိုင်းဘုတ်လေးကို တွေ့လိုက်ရတယ်။ အနီရောင် ဆိုင်ဘုတ်လေးနဲ့ တွဲလျှက်ကတော့ နှစ်ထပ်တိုက် ပုပုလေးတလုံးမှာ ဖွင့်ထားတဲ့ ရေနွေးကြမ်းသောက်လို့ရတဲ့ ဆိုင်ကလေးတစ်ဆိုင် ပါပဲ။ မိသားစု တော်တော်များများ ကားလေးတွေရပ်ပြီး ရေနွေးကြမ်းဆင်းသောက်ကြတာ တွေ့ရပေမယ့် မွန်တို့ သားမိသုံးယောက်ကတော့ သူများတွေ ရေနွေးကြမ်းသောက်နေချိန်မှာ ဗိုက်ဆာသလို ရှိတာကြောင့် ထမင်းမှာစားကြတယ်။ ဝက်သားနဲ့ မုန်လာဥ ပေါင်းထားတဲ့ ဟင်းနဲ့ ရေနွေးကြမ်းလေးတစ်ခွက် အသီးရွက်လေး နဲနဲပါးပါး ပါတဲ့တယောက်စာကို ၂၂၀ ပေးလိုက်ရတယ်။ စားလို့သောက်လို့ ပြီးတဲ့အချိန် မိုးကလည်းရွာနေသေးတယ်။ ပါလာတာကလည်း ထီးတစ်ချောင်းထဲနဲ့ လူက ၃ယောက်ဆိုတော့ မားမားနဲ့ မောင်လေးက ကားပေါ်မှာ စောင့်ရင်း ကျန်ရစ်ခဲ့တယ်။ အားလပ်ရက်တွေဆို တောတောင်ရှူခင်းတွေကို ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ကျွန်မကတော့ ဘယ်သွားသွားပါတက်တဲ့ ကင်မရာလေးနဲ့ မိုးရွာထဲ မြင်သမျှတွေ့သမျှ အကုန်လိုက်ရိုက်မိပါတယ်။

တောင်ပေါ်တလျှောက် ရှင့်ဟွားအပင်လေးတွေရယ်၊ လက်ဘက်စိုက်ခင်းတွေရယ်၊ ချယ်ရီပင်လေးတွေရယ်ကိုတွေ့ရတယ်။ မြို့တော်ထိုင်ပေရဲ့ရှူခင်းလေး
ကိုလည်း အပေါ်ဆီးကနေ ငေးမောမိသေးတယ်။ ဘယ်နေရာကြည့်ကြည့် အုံ့အုံ့ မှိုင်းမှိုင်းတောတောင်တွေ ဝိုင်းရံထားတာကြောင့် လွမ်းမော စရာကောင်းလှပါတယ်။ ကျွန်မသွားတဲ့ အချိန်က မိုးလေးတစ်စွတ်စွတ်နဲ့မို့ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် မိုးစက်လေးတွေ တွဲလွဲခိုနေတဲ့ စိမ်းစိမ်းစိုစို အပင်လေးတွေနဲ့ တောအုပ်လေးတွေကိုပဲ မြင်နေရတာကြောင့် ဆွေးမြေ့မြေ့ ခံစားချက်လေးကို ခံစားမိရတယ်။ မြူခိုးတွေဝေ့နေတဲ့ ဟိုးအဝေးက တောင်ပေါ်ရှုခင်းတွေကိုငေးရင်းနဲ့ တွေးနေမိတာကတော့ ဒီနေရာလေးကို သူနဲ့အတူတူ မကြာခင် နောက်တစ်ခါ ပြန်လာပါအုံးမယ် ဆိုတာပါပဲ။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

wake up honey


လေလှိုင်းလေးတွေကို ဖြတ်သန်း
ချိုအီစေတဲ့ အသံလှိုင်းလေး တစ်ခုရယ်
အေးစက်တဲ့ နံနက်ခင်းလည်း
သင့်ကြောင့်....နွေးထွေးသွားစေခဲ့ပြီ

သာယာငြိမ့်ဝဲတဲ့ လေစီးကြောင်းလေးထဲ
နံနက်ခင်းတိုင်း ရောက်ရောက်လာတက်တယ်
ခန်းစီးတွေအမှောင်ချထားလည်း
အခန်းထဲမှာ တောက်ပသွားခဲ့တယ်

ပျော်ရွှင်ခြင်းတွေ လင်းပ
ကြည်လင်စွာပဲ နိုးထ ခဲ့တယ်
ဒါဟာ.....တကယ်တော့
သင်ဖန်ဆင်းတဲ့
ချိုမြိန်တဲ့ မနက်ခင်းလေးပေါ့..။

မြတ်မွန်

ဝယ်ချင်တဲ့လက်ဆောင်တစ်ခု


အဖေ ရဲ့အလုပ်ဆင်းချိန်က နောက်ကျလွန်းတယ်။ ကလေးက အဖေပြန်လာချိန်လေးကို တံခါးဝလေးနား မှီရင်း စောင့်လေ့ရှိတယ်။ အဖေ ပြန်လာတာကို တွေ့လိုက်တော့ အားရဝမ်းသာ ဆီးကြိုလိုက်တယ်။
"အဖေ သားတစ်ခုလောက် မေးလို့ ရမလား။ "
"ရတာပေါ့ မေးလေ"
" အဖေ အလုပ်လုပ်တာ တစ်နာရီကို ပိုက်ဆံ ဘယ်လောက်ရလဲ "
"အဲတာ မင်းနဲ့ ဘာဆိုင်လဲ မေးပြီး ဘာလုပ်မလို့လဲ"
ကလေးလေးက အဖေကို တောင်းတောင်းပန်ပန်နဲ့ ထပ်မေးရှာတယ်။
"ဘာမှ မဟုတ်ပါဘူး အဖေ။ အဖေရဲ့ တစ်နာရီ လုပ်အားခကို သိချင်လို့ ပြောပြပါလား"
"အဲလောက်သိချင်နေတာဆိုတော့ အေး ပြောပြမယ်ကွာ ။ တစ်နာရီကို ၂၀ ရတယ်ကွာ"
"သြော်...."
"အဖေ သားကို တစ်ဆယ်လောက် ချေးပါလား"
အဖေက ဒေါသ ထွက်ပြီး
"မင်း ငါ့ကို ဟိုမေး ဒီမေး မေးပြီး အရုပ် ဝယ်ဖို့ ပိုက်ဆံ လာတောင်းနေတာဆိုရင် ကိုယ့်အခန်း ကိုယ်ပြန်။ သွားအိပ်တော့ ။ အလုပ်က ပြန်လာတာ ပင်ပန်းရတဲ့ အထဲ မင်းနဲ့ ဆော့ဖို့ အချိန် မရှိဘူး။ သွား သွားအိပ်တော့။"
ကလေးလေးက အဖေ စိတ်ဆိုး သွားမှန်း သိတော့ သူအခန်းလေးထဲ ပြန်ဝင်လာပြီး ကုတင်ပေါ် တက်ပြီး အိပ်နေလိုက်တယ်။
အဖေကတော့ စိတ်ဆိုးဆိုးနဲ့ ဆိုဖာပေါ် ခြေပြစ် လက်ပြစ် ထိုင်ချလိုက်တယ်။ ကလေးလေး ဘာကြောင့် ပိုက်ဆံလို ချင်တာလဲ တွေးနေတယ်။ သူ ကလေးအပေါ် ဒေါသ ကြီးသွားတာကို တွေးမိရင်း နောင်တရလာတယ်။ သူရှာတဲ့ ပိုက်ဆံက ကလေးလေး အတွက်ပဲ မဟုတ်ပါလား။ တစ်နာရီလောက် ကြာတော့ စိတ်ပြေ သွားတယ်။ ကလေးရှိတဲ့ အခန်းလေး ဘက်လျှောက်လာရင်း ကလေးအခန်းတံခါးလေးကို ဖွင့်ဝင်လိုက်တယ်။
"သား အိပ်ပြီလား"
"အိပ်သေးပါဘူး အဖေ။ "
"အဖေ အခုဏက သားအပေါ် ဒေါသ ကြီးသွားတယ်ကွာ။ရော့ ဒါ မင်းလိုချင်တဲ့ ပိုက်ဆံ တစ်ဆယ်။"
"ဟေးးးးးးပျော်တယ် ။ ဒါမှ ဖေကြီးကွ။ ကျေးဇူးတင်ပါတယ် အဖေ။"
ကလေးက ဝမ်းသာ အားရ အဖေကို သိုင်းဖတ်လိုက်တယ်။ ပြီးတော့ သူရဲ့ ခေါင်းအုံး အောက်လေးက ပလပ်စတစ် အိပ်လေးနဲ့ ထုပ်ထားတဲ့ အကြွေစေ့လေးတွေ တစ်ဆယ်ကို ကုတင်ပေါ် တင်လိုက်တယ်။ အဖေ ပေးတဲ့ တစ်ဆယ်နဲ့ ပေါင်းလိုက်တော့ ၂၀ ဖြစ်သွားတယ်။
"အဖေ သားမှာ ၁၀ ဆယ်ပဲ ရှိလို့ မလောက်လို့ အဖေဆီက တောင်းတာပါ။"
"အေးပါကွာ အခု မင်းလိုချင်တဲ့ ၂၀ ရပြီ မဟုတ်လား။"
"ဟုတ်ကဲ့ အဖေ။ သားမှာ ၂၀ ရှိသွားပြီ။ အဖေရဲ့ အချိန်တစ်နာရီကို သားဝယ်လို့ ရပြီလား။
မနက်ဖြန်စောစော ပြန်လာပါလား အဖေ။ သား အဖေနဲ့ ထမင်းတူတူ စားချင်လို့ပါ။"

ps; ဘယ်လောက်ပဲ အလုပ်တွေ များနေအုံးတော့ ကိုယ့်နဲ့ အရင်းနှီးဆုံးသော မိသားစု အတွက် အချိန်ဆိုတာ ရှိသင့်တယ်လို့ ထင်ပါတယ်။

photo: yahoo
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်