ရှင့်ဟွှားဥယာဉ်သို့










ရှင့်ဟွှားလင် ( 杏花林 )ဆိုတဲ့နေရာလေးကို စိတ်ပြေလက်ပြောက် သွားခဲ့တယ်။ ထိုင်ပေ တိရစ္ဆာန်ရုံကို သွားတဲ့ လမ်းအတိုင်း သွားရင် ရောက်နိုင်ပါတယ်။ တိရစ္ဆာန်ရုံကို သွားတဲ့လမ်းရဲ့ဘေးနားက တောင်တက်လမ်းလေး အတိုင်းတက်လာရင် တောင်ရဲ့အပေါ်ဆုံးမှာ ရှင့်ဟွားပန်းလေးတွေ ပွင့်နေတဲ့ တောအုပ်ကလေးကိုတွေ့ရမှာပါ။ လမ်းတလျှောက်မှာလည်း မောင်းခုန်း ( 貓空)သို့ ဆိုတဲ့ ကောင်းကင်ကြိုးရထားလုံးဂိတ်ကို ညွန်းတဲ့ ဆိုင်းဘုတ်လေး တွေကို တွေ့ရမှာပါ။ လိပ်စာကတော့ 杏花林休閒農場位於台北市文山區老泉街45巷30號 ဆိုတာလေးပါ။ ထိုင်ပေက သူငယ်ချင်းများ ဓာတ်ပုံရိုက်ချင်ရင်ပဲဖြစ်ဖြစ် လာလည်လို့ရအောင် လိပ်စာလေးပါ ရေးပေးထားပါတယ်။ ဘလော့က သူငယ်ချင်းများကိုလည်း စိတ်ဝင်စားရင် လာလည်ဖို့ ဖိတ်ပါတယ်။ မသွားတတ်ရင်တော့ မွန်တို့ကိုယ်တိုင် လိုက်ပို့ပါမယ်။

တောင်တက်လမ်းလေးက သိပ်မကျယ်လှပေမယ့် ကားနှစ်စီးလောက်တော့ သွားလို့ရနိုင်ပါတယ်။ မိုလေးဖွဲဖွဲမို့ ကားလမ်းတစ်လျှောက်လုံးက စိုစွတ်စွတ် နိုင်လွန်းလှတယ်။ တောင်ပေါ်ရောက်လေလေ ဘယ်က ဝင်လာမှန်းမသိတဲ့ လေအေးတွေက ကားမှန်တွေပိတ်ထားပေမယ့် ကားထဲမှာ ထိုင်နေရင်းနဲ့ကို ချမ်းစိမ့်စိမ့် ဖြစ်လာစေတယ်။ တောင်ရဲ့အပေါ်ကိုရောက်တော့ တိမ်တိုက်လေးတွေတောင် ဘေးနားက ဖြတ်သွားတာကိုတွေ့ရပြန်တော့ တောင်အပ်ါဆုံးကိုရောက်ပြီလို့ ခန့်မှန်းမိလိုက်တယ်။

ကွေ့ကွေ့ကောက်ကောက် တောင်ပတ်လမ်းတစ်လျှောက် တက်လာရင်းက ရှင့်ဟွားလင်ဆိုတဲ့ အနီရောင် ဆိုင်းဘုတ်လေးကို တွေ့လိုက်ရတယ်။ အနီရောင် ဆိုင်ဘုတ်လေးနဲ့ တွဲလျှက်ကတော့ နှစ်ထပ်တိုက် ပုပုလေးတလုံးမှာ ဖွင့်ထားတဲ့ ရေနွေးကြမ်းသောက်လို့ရတဲ့ ဆိုင်ကလေးတစ်ဆိုင် ပါပဲ။ မိသားစု တော်တော်များများ ကားလေးတွေရပ်ပြီး ရေနွေးကြမ်းဆင်းသောက်ကြတာ တွေ့ရပေမယ့် မွန်တို့ သားမိသုံးယောက်ကတော့ သူများတွေ ရေနွေးကြမ်းသောက်နေချိန်မှာ ဗိုက်ဆာသလို ရှိတာကြောင့် ထမင်းမှာစားကြတယ်။ ဝက်သားနဲ့ မုန်လာဥ ပေါင်းထားတဲ့ ဟင်းနဲ့ ရေနွေးကြမ်းလေးတစ်ခွက် အသီးရွက်လေး နဲနဲပါးပါး ပါတဲ့တယောက်စာကို ၂၂၀ ပေးလိုက်ရတယ်။ စားလို့သောက်လို့ ပြီးတဲ့အချိန် မိုးကလည်းရွာနေသေးတယ်။ ပါလာတာကလည်း ထီးတစ်ချောင်းထဲနဲ့ လူက ၃ယောက်ဆိုတော့ မားမားနဲ့ မောင်လေးက ကားပေါ်မှာ စောင့်ရင်း ကျန်ရစ်ခဲ့တယ်။ အားလပ်ရက်တွေဆို တောတောင်ရှူခင်းတွေကို ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ကျွန်မကတော့ ဘယ်သွားသွားပါတက်တဲ့ ကင်မရာလေးနဲ့ မိုးရွာထဲ မြင်သမျှတွေ့သမျှ အကုန်လိုက်ရိုက်မိပါတယ်။

တောင်ပေါ်တလျှောက် ရှင့်ဟွားအပင်လေးတွေရယ်၊ လက်ဘက်စိုက်ခင်းတွေရယ်၊ ချယ်ရီပင်လေးတွေရယ်ကိုတွေ့ရတယ်။ မြို့တော်ထိုင်ပေရဲ့ရှူခင်းလေး
ကိုလည်း အပေါ်ဆီးကနေ ငေးမောမိသေးတယ်။ ဘယ်နေရာကြည့်ကြည့် အုံ့အုံ့ မှိုင်းမှိုင်းတောတောင်တွေ ဝိုင်းရံထားတာကြောင့် လွမ်းမော စရာကောင်းလှပါတယ်။ ကျွန်မသွားတဲ့ အချိန်က မိုးလေးတစ်စွတ်စွတ်နဲ့မို့ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် မိုးစက်လေးတွေ တွဲလွဲခိုနေတဲ့ စိမ်းစိမ်းစိုစို အပင်လေးတွေနဲ့ တောအုပ်လေးတွေကိုပဲ မြင်နေရတာကြောင့် ဆွေးမြေ့မြေ့ ခံစားချက်လေးကို ခံစားမိရတယ်။ မြူခိုးတွေဝေ့နေတဲ့ ဟိုးအဝေးက တောင်ပေါ်ရှုခင်းတွေကိုငေးရင်းနဲ့ တွေးနေမိတာကတော့ ဒီနေရာလေးကို သူနဲ့အတူတူ မကြာခင် နောက်တစ်ခါ ပြန်လာပါအုံးမယ် ဆိုတာပါပဲ။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

Comments

ညီမလေးရဲ့ရှင့်ဟွားဥယာဉ်နဲ့အိမ်သစ်လေးကိုလာ
လည်သွားပါတယ်။
ပျော်ရွင်ချမ်းမြေ့ပါစေ။
ချစ်တဲ့
အမ စိတ်၏ဖြေရာ
အဲဒီလို လှပနေတဲ့ နေရာလေးကို သူဆိုတဲ့ သူနဲ့အတူ မကြာခင် အရောက်သွားနိုင်ပါစေဗျာ...

ခင်တဲ့
ညရဲ့ကောင်းကင်
တောတောင်ရှုခင်းလေးတွေက မှိုင်းမှိုင်းဝေဝေ နဲ့ ကြည်နူးစရာပဲ။ နွေဦးရာသီ ရောက်လာမှပဲ သွားဖြစ်မယ် ထင်တယ်။ ဆိုင်ကယ်နဲ့ သွားလို့ ရလား ဆိုင်ကယ်ပုံတွေမတွေ့ဘူးနော်။ ကားနဲ့သွားတာက လူပိုသက်သာပါတယ်လေ။
အိမ်သစ်လေးအတွက်ပထမဆုံး ကွန်မန့်လေးပါ
အိမ်သစ်လေးမှာ ပျော်ရွှင်ပါစေ....။
sosegado said…
လှပတဲ့ အိမ်အသစ်လေးသို့ လာရောက်ပါတယ်၊ ပန်းကလေးကသိပ်လှတယ်၊ အရေးလေးကကောင်း၊ ရှုခင်းလေးတွေထဲမှာ ကျန်ရစ်ခဲ့တယ်၊
ရေနွေးခရားလုပ်တဲ့ နေရာလေးကို အမှတ်ရစေပါတယ်၊
စားစရာတွေကြည့်ပြီး ဗိုက်ပွတ် မိတယ်။
လင့်ပျောက်နေလို့ ဘယ်ချိန်ပေါ်လာမလဲ စောင့်နေကြတာ။ အားလုံးသိအောင် လိုက်အော်လိုက်အုံး မြတ်မွန်လေးရေ...
ပန်းကလေးတွေက ချစ်စရာလေးတွေနော်.. သွားကြည့်ချင်လိုက်တာ..
ကောင်းကင်ကြိုးတံတားကို စီးချင်လိုက်တာနော်...
မွန်ကပြောတယ် လိပ်စာက ဒိန် ဒိန် ဒိန် (တရုတ်စာမရေးတတ်လို့)း)

ချစ်ခင်လေးစားလျက်
စိုင်း
မွန်ရေ...ပန်းကလေးတွေက ချစ်စရာ...မွန်ရေးထားတာလေးက တကယ်ကောင်းတော့ ကိုယ်ကိုယ်တိုင်ရောက်သွားသလို ခံစားမိတယ်...အင်း..လာလည်ရင် တကယ်လိုက်ပို့ရမှာနော်...

မွန်တွေးသလို သူနဲ့အတူတူ နောက်တစ်ခေါက်ပြန်သွားနိုင်ပါစေ....

ချစ်တဲ့
ဂျင်း
ပုံလေးတွေမြင်ရတာ အေးအေးချမ်းချမ်းလေးနော် .. သွားချင်တယ် ..း)
တူနဲ့ အသူသူ ဆိုလော့ ပိုပီး ကျော်ဖို့ ကောင်းမာပေါ့...

းဝ)
Dream said…
杏花林 လာလည်မယ်လေ.... လိုက်ပို့မှာလား...း))
မြတ်မွန်က ပြောမှမပြောပဲ။ ခုမှပဲ blog လေးနဲ့အတူ ဥယာဉ်လေးကိုပါ လည်လည်ရောက်ခဲ့ပါတယ်နော်။
Violet Noble said…
ညီမလေးလာလည်ရင် လိုက်ပို့ပေးနော်။ ဟိဟိ။ :D
ပုံမှန် said…
ကျွန်တော်လည်းသွားချင်လိုက်တာဗျာ...ပုံလေးတွေ အရမ်းကြိုက်လို့ကူးသွားပါတယ်...ကျေးဇူး...
ပုံမှန် said…
ကျွန်တော်လည်းရောက်ဖူးချင်လိုက်တာနော်။ ပုံလေးတွေကြိုက်လို့ကူးသွားပါတယ်..ကျေးဇူး
သူနဲ့ သွားတဲ့ အခါကျရင်လည်း..ပုံတင်ပေးဦးနော်....
ဘယ်တော့စားရမှာလည်းဗျို့ 
ငယ်ဇော် said…
杏花林 ကို သွားလည်ချင်ပါတယ်
ကိုယ်ပိုင်ကားမရှိပါဘူး
ဘတ်စ်နဲ့ သွားလို့ရပါသလား ?

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား