အပြာရောင်ရက်မြတ်



“ကလင် ကလင်”
ဝရန်တာက ခေါင်းလောင်း ဆွဲသံကြားလိုက်ရသဖြင့် ကျွန်မ အိပ်ရာပေါ်က အလျှင်မြန် ဆင်းလိုက်ရင်း စောစောစီးစီး ဘယ်သူများ ခေါင်းလောင်းလာဆွဲပါလိမ့်လို့ ပါးစပ်က ဖွဖွလေး ရေရွတ်လိုက်မိသည်။ ဟယ်တော့ ဘုရားရေ.. ဒီကောင်တွေ စောစောစီးစီး ငါ့အိမ်အောက် ရောက်နေပြီ။ မနက်၆နာရီပဲ ရှိသေးချိန်တွင် သူငယ်ချင်းများ ကျွန်မအိမ်အောက် ရောက်လာသည်ကို တွေ့လိုက်ရသည်။ ဘာလာလုပ်ကြတာပါလိမ့်။ အားလုံးက ကျွန်မ အခန်းရှိရာ ဝရန်တာလေးကို မော့ကြည့်နေသည်။ အိပ်ချင်စိတ် မပြေသေးဘဲ ဝရန်တာ အပြင်ဘက် ထွက်လာတဲ့ ကျွန်မကို အားလုံးက မော့ကြည့်ရင်း

"ဟေးမွန်ရေ..ငါတို့ရောက်နေပြီ။ မြန်မြန်ပြင်ဆင်ပြီး ဆင်းလာခဲ့ ဒါပဲ။ "

"ဘာတုန်ဟ စောစောစီးစီး ကျောင်းသွားချိန်ဖြင့် မရောက်သေးပဲ အစောကြီး ဘာလာလုပ်တာလဲ ။ ငါဒီမှာ အိပ်ကောင်းတုန်း ရှိသေးတယ်ဟာ။ "

"ဆင်းမှာသာဆင်းလာပါ။ ကျော်ကြားမုန့်ဟင်းခါးဆိုင်မှာ ထိုင်စောင့်နေမယ်။ မြန်မြန်ဆင်းလာနော်။ "

ပြောပြောဆိုဆိုနှင့် တဟီးဟီး တဟားဟား ရယ်မောကာ အုပ်စုလိုက် ထွက်သွားကြသည်။ လက်ထဲမှာလည်း ကျွတ်ကျွတ်အိတ်လေးတွေ ကိုယ်စီနှင့်ဖြစ်သည်။ ကျွန်မနေသည့် တိုက်ခန်းလေးက နှစ်ထပ်မှာဆိုတော့ အောက်နှင့် အပေါ်လှမ်းပြောလို့ရသည့် အနေအထားမှာ ရှိသည်။ ဒီကောင်တွေ ငါ့ကိုတော့ မတိုင်ပင်ဘဲ မနက်စောစောကြီးရောက်လာတယ် ဘာအကြံစည်များရှိပါလိမ့်လို့ အလိုမကျရေရွတ်ရင်း ရေချိုးခန်းရှိရာသို့ ထွက်လာခဲ့သည်။

ကျော်ကြားဆိုင်လေးရှိရာ ကျွန်မတို့ လမ်းထိပ်ဘက်ကို လျှောက်လာခဲ့သည်။ ကျော်ကြားဆိုင်နား ရောက်တော့ တစ်ယောက်ကို တစ်ယောက် တွန်းရင်းထိုးရင်း တစ်ဝါးဝါးရယ်နေသည့် ကျွန်မရဲ့ မျောက်လောင်း သူငယ်ချင်းတစ်သိုက်ကို တွေ့လိုက်ရသည်။ အလိုမကျသော စူပုပ်ပုပ် မျက်နှာဖြင့် အနားရှိသည့် ထိုင်ခုံ တစ်လုံးကို ဆွဲယူထိုင်လိုက်မိသည်။

"တော်တော်ဆိုးတဲ့ကောင်တွေ။ အစောကြီး လာတာ ဘာအစီအစဉ် ရှိလို့လဲ ငါလည်းဘာမှ မသိရပါလား။ "

" ဒီနေ့အစီစဉ်ပြောပြမလို့ ညကဖုန်းဆက်တာ နင်မှအိမ်မှာ မရှိဘဲ"
ဟုဇင်မိုးက ထပြောသည်။ ကျွန်မ မနေ့ညက ဘယ်သွားနေပါလိမ့်လို့ ပြန်တွေးရင်း အခွေဆိုင် အခွေသွားအပ်တာကို သတိရသွားသည်။

"ဟုတ်ပါပြီ ထားပါတော့။ ကျောင်းကားက ၇နာရီမှ လာမှာလေ။ "

"ဟုတ်တယ် တမင်စောစောလာပြီး မနက်စာ စုပြီး စားတာဟာ နင်သိပ်လျှာရှည်တာပဲ အမေးအမြန်ကလည်းထူပါ့" လို့ သဲမောင်က မသိမသာရေရွတ်လိုက်ပြန်သည်။

" ဒီလိုဟ သင်္ကြန်ရောက်တော့မယ်ဆိုတော့ ကျောင်းပိတ်ပြီလေ။ ဒီနေ့ နောက်ဆုံးမဟုတ်လား နင်လည်းသိပါတယ်။ "

"အင်းသိတယ်လေ" မိုးပြည့်ရဲ့ စကားကို ထောက်ခံလိုက်သည်။ တကယ်တော့ ကျွန်မ ဒီနေ့ ကျောင်းမသွားချင်ပါ။

"အဲတာ ဒီနေ့အတန်းပြီးရင်။ တွေ့သမျှကျောင်းသားတွေကို ကျောင်းထဲမှာ ရေလိုက်လောင်းမလို့ဟ။ ဒီမှာတွေ့လား " မိုးပြည့်ရဲ့ မြှောက်ပြတဲ့ လက်ထဲက ကျွတ်ကျွတ်အိတ်ကို ကြည့်ရင်း ဘာတွေပါလိမ့်လို့ စပ်စုကြည့်လိုက်သည်။ ရေခွက်တွေ ပြီးတော့ သပြေခက်တွေကို တွေ့ရသည်။

" ဒီမှာတွေ့လား" နိုင်ထွန်းက ကျွန်မဘက်ကို သေနတ်သေးသေးလေး တစ်ခုနဲ့ ချိန်ထားသည်။ ကလေးလေးတွေ ဆော့တဲ့ သေနတ်ရေပြွတ်ကလေးကို ကြည့်ရင်း ကျွန်မရယ်ချင်သွားမိသည်။

" ဒန်တန့်တန့် ဟားဟား ငါတို့ကတော့ ဒီလို ပြွတ်မှာ " ဟေမန်ရဲ့ လက်ထဲက အတံကလေးတစ်ချောင်းကို သေသေခြာခြာ ကြည့်လိုက်တော့ ရေပြွတ်သေးသေးလေးတစ်ခု ရေပုံသေးသေးလေးနဲ့ မွေးခါစ ကလေးဆော့တဲ့ ကစားစရာလေးတွေလို ပါပဲ။

" ဟေ့ မွန်။ ငါတော့ ဘာမှ ဝယ်မနေဘူးဟေ့ တွေ့လား ရေသန့်ဗူး။ ဟဲဟဲ အဖုံးမှာ အပေါက်တောင် ဖောက်ထားသေးတယ် ။ " အေးကိုရဲ့ ရေသန့်ဗူးလေးကို ကြည့်ပြီး အိမ်မှာ သစ်ပင်ရေလောင်းရင် သုံးနေကြ ရေသန့်ဗူးကို သွားသတိရမိကာ ရယ်ချင်နေတော့သည်။ အားလုံးရဲ့ ရေဆော့မည့် လက်နက်ကိရိယာလေးတွေကို ကြည့်ပြီး ကိုယ်ကိုကိုယ် သတိရသွားမိသည်။
'' ဟင် ဒါဆို ငါရော..။ ငါက ဘာနဲ့ ဆော့ရမလဲဟ။ "
"ငါယူလာပေးပါတယ်ဟ ဒီမှာလေ" သဲမောင်က ပြောပြောဆိုဆိုဖြင့် ကျွတ်ကျွတ်အိတ်လေး နှစ်လုံးကို ထောင်ပြသည်။

"အဲတာ ဘယ်လို ဆော့မှာလည်းသဲမောင်။ " သဲမောင်က မချိုမချဉ်မျက်နှာနဲ့ တစ်ချက်ပြုံးလိုက်သည်။

" လွယ်ပါတယ်ဟာ အထဲကို ရေထည့် အပေါက်သေးသေးလေး ဖောက်လိုက်ရုံပေါ့ဟာ။ ရော့ နင်တစ်ခု။"

"ဟမ် ငါကျတော့ ရေအိတ်နဲ့ ပက်ရမယ် တော်ပြီ ပြန်တော့မယ်" စိတ်ကောက်သွားသော ကျွန်မကို ဝိုင်းရယ်ရင်း နိင်ထွန်းက

" စတာပါဟာ ဒီသေနတ်က နင့်အတွက်ဟ ရော့ရော့" နိင်ထွန်းလှမ်းပေးသော ရေသေနတ်ကို ကျွန်မ ဆူဆူဆောင့်ဆောင့် လှမ်းယူလိုက်သည်။ သူတို့ ရယ်ကြပြန်လေသည်။

" သွားကြရအောင်လေ ၇နာရီရှိပြီ ကျောင်းကားသွားစောင့်ရအောင်"

နိုင်ထွန်းရဲ့ သတိပေးသံကြောင့် အားလုံး နေရာက ထပြီး ကျောင်းကားရှိရာ ရန်ကင်းဈေးရှေ့ကို ထွက်လာခဲ့သည်။

ဒဂုံတက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသားတွေဆိုတော့ ကျောင်းမှာ ပထမဆုံးကြုံရသည့် အကြိုသင်္ကြန် လည်းဖြစ်သည်။ နေပူကျဲတဲ ဒဂုံကျောင်းကြီးရဲ့ ကားဝင်းထဲကို ရောက်သည်နှင့် ကျွန်မတို့ အုပ်စုလို တစ်ခြားသော ကျောင်းသားတွေက ရေပြွတ်သေနတ်လေးတွေကိုယ်စီနဲ့ ရေလိုက်လောင်းနေကြပြီဖြစ်သည်။ ရေလောင်းတာပျော်ပေမယ့် ကိုယ်ကိုတိုင် ရေစိုမှာကို တော့ကြောက်မိသည်။ ကျွန်မ သူငယ်ချင်းတွေကတော့ သူများတွေ ရေဆော့တာ မြင်ပြီး ရေဖြည့်ရန် ရေသန့်ဗူးတွေ ဝယ်ကြသည်။ ကျွန်မကတော့ ဒီနေ့မှ ရေထိလို့မရတဲ့ အခြေနေကြောင့် ရေစိုမှာကို သိပ်ကြောက်နေမိသည်။

"ဟယ် မွန် မဝယ်ဘူးလား။ "

"မဝယ်တော့ဘူးဟာ ငါရေမဆော့ချင်ဘူး။" ကိုယ်ကိုတိုင် ရေစိုမှာ ဆိုးတာကြောင့် သူများတွေကိုလည်း ရေလောင်းဖို့ စိတ်မပါတော့ပါ။

ကျောင်းကားဝန်းထဲကနေ အတန်းရှိရာ အဆောင်ကို လျှောက်လာတဲ့ လမ်းတစ်လျှောက် ကျွန်မရဲ့ သူငယ်ချင်းများကတော့ ပါလာတဲ့ ပစ္စည်းတွေနဲ့ တွေ့သမျှကျောင်းသားတွေကို ရေလောင်းကြသည်။
"ရေလောင်းမယ်နော်" ဆိုပြီး ပါးစပ်က ခွင့်တောင်းသည်။ သပြေရွက်ပါလာသူက သပြေလေး ရေစွတ် နောက်ကျောလေးကို စိုရုံလေး ဖြန်းသည်။ သေနတ်ပါလာသူကတော့ သေနတ်နဲ့တစ်ပြွတ်၊ ရေပြွတ်သမားကလည်း ရေပြွတ်သေးသေးလေးနဲ့ ဆိုတော့ ရေအနည်းငယ်ထွက်ရုံလေး၊ ကျွတ်ကျွတ်အိပ်သမားတော့ အပေါက်သေးသေးလေး ဖောက်ထားတာကြောင့် စိုရုံလေးသာ ပက်ရင်း ပျော်ရွှင်နေကြသည်။ တစ်ချို့ကျောင်းသားတွေကတော့ ကျွန်မတို့အုပ်စု ရေခွက်တွေ ရေဖလားတွေ ကိုင်ထားတာ တွေ့ပြီး လှည့်ပတ်ရှောင်ပြေးကြသည်။ အဝေးကနေမြင်ပြီး ပြေးသမျှ ကျောင်းသားတွေကို နောက်ကလိုက်ပြေးရင် ကျွန်မရဲ့ သူငယ်ချင်းများကတော့ ကျောင်းထဲမှာ တစ်ဝုန်းဝုန်းနဲ့ ပြေးကြလွှားကြနဲ့ ပျော်ရွှင်စရာ ကောင်းလှပါသည်။ သူတို့ကိုကြည့်ပြီး ကျွန်မကတော့ ရယ်ပဲ ရယ်နေမိသည်။ ဒီနေ့အဖို့ ကျွန်မ အတွက် စိတ်မပါသော နေ့တစ်နေ့ ဖြစ်သည်။

စာသင်ခန်းထဲရောက်တော့ အားလုံးက ကိုယ့်အဖွဲနဲ့ကိုယ် ဆရာမလာသေး၍ အုပ်စုဖွဲ့ပြီး စကားပြောနေကြသည်။ ခွက်တွေ ပလုံးတွေနဲ့ ဝင်လာတဲ့ ကျွန်မတို့ အဖွဲ့ကိုကြည့်ပြီး အားလုံးက စကားပြောရပ်သွားကြသည်။ ကျွန်မတို့အုပ်စုကလည်း စကားပြော ရပ်သွားကြသော အတန်းထဲက သူငယ်ချင်းများကို ကြည့်ရင်း တစ်ခုခု လုပ်ဖို့ ရည်ရွှယ်လိုက်သည်။ သဲမောင်က ဟေ့ စလိုက်ရအောင် ဆိုပြီး တစ်ယောက်ကို တစ်ယောက် မျက်စ ပစ်ပြလိုက်သည်။ သဲမောင်ရဲ့အချက်ပေးချက်ကို နားလည်းသွားဟန်နဲ့ ရေပြွတ်သမားနဲ့ သေနတ်သမားက စတင်ပြီး အားလုံးကို ရေလိုက် ပက်ကြတော့သည်။ အုပ်စုဖွဲ့ပြီး ထိုင်နေတဲ့ သူငယ်ချင်းများက စာအုပ်နဲ့ ကာသူကကာ၊ တစ်ချို့တွေကတော့ သူထက်ငါ အပြိုင်ထပြေးကုန်တော့သည်။ တစ်ချို့တွေကတော့ စိတ်ဆိုးဟန်နဲ့ "နင်တို့တွေနော် လျှောက်မပက်နဲ့ တစ်နေကုန် အတန်းတက်ရအုံးမှာ ရေစိုစိုနဲ့ ဖျားကုန်မယ်ဟဲ့ "
ဆိုပြီး ဒေါသ ထွက်ဟန်ပြကြသည်။

နေ့ခင်းထမင်းစားချိန်ရောက်တော့ ကျွန်မ သူငယ်ချင်းများက ကန်တင်းမှာ ထမင်းစားပြီး ရေလောင်းမည့် အကြောင်း တိုင်ပင်ရင်း အူမြူးနေကြသည်။ ကျွန်မကတော့ မနက်ကတည်းက စိတ်မအီမသာ ရှိလှတာကြောင့် နေ့ခင်း အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
" ဗိုက်အောင့်နေလို့ ငါပြန်တော့မယ်ဟာ။ နင်တို့ နေခဲ့တော့ ။ "
"ဟင် ဘာဖြစ်လို့လဲ မွန်။" နိုင်ထွန်းက စိုးရိမ်စွာ မေးလာတာကြောင့် ဇင်မိုးက သဘောပါက်သွားပုံရသည်။
"နင်တို့ယောင်္ကျားလေးတွေ စပ်စုစရာလား..ဒါမိန်းကလေးကိစ္စ။" ဇင်မိုးရဲ့ စကားကို အားလုံးက နားလည်သွားဟန်နဲ့ ကျွန်မကို ကျောင်းကားဝင်းထဲထိ လိုက်ပို့ကြသည်။ ချောင်ချောင်ချိချိ ရှိတဲ့ ကားတစ်စီးပေါ် တက်ပြီးခုံလွတ်တစ်ခုကို ရှာလိုက်သည်။ ပြတင်းပေါက်နဲ့ အနီးဆုံး တစ်နေရာကိုရွေးပြီး ထိုင်လိုက်သည်။ ထမင်းစားချိန်ဆိုတော့ လမ်းပေါ်မှာ သွားလာနေကြတဲ့ ကျောင်းသူကျောင်းသားများကို ကြည့်ရင်း ကျွန်မ ငေးနေမိသည်။ ကျွန်မတို့ အုပ်စုလိုပဲ ရေလိုက်ပက်နေကြတဲ့ ကျောင်းသူကျောင်းသားများကိုလည်း တွေ့ရသည်။ ဒီနေ့လို နေ့မျိုးမှာမှ မကဲလိုက်ရတာ နာပဲလို့ ကိုယ်ကိုတွေးရင်း မျက်စိကို ခဏပိတ်ကာ ကားပြတင်းပေါက်လေးကို မှီနေလိုက်သည်။

"ရေလောင်းမယ်နော်။" ကျွန်မနောက်ကျောက ပေါ်ထွက်လာတဲ့ အသံတစ်ခု။ အသံနှင့်အတူ လောင်းချလိုက်တဲ့ ရေတွေကြောင့် ကျွန်မ တစ်ကိုယ်လုံး စိုရွှဲသွားသည်။ ရုတ်တရက် မမျှော်လင့်စွာနဲ့ လောင်းချခံလိုက်ရတဲ့ ရေတွေကြောင့် ကျွန်မ ထိုင်ရာမှ ဆက်ကနဲ ထလိုက်မိသည်။

"ဘာလုပ်တာလဲ။ နင်တော်တော်မက်ရိုင်းပါလား။ ငါက လောင်းလို့ နင့်ကို ခွင်ပြုလို့လား။ " ပြောပြောဆိုဆိုနဲ့ သူ့ရင်ဘက်ကို ကျွန်မ တစ်ချက်ဆောင့်တွန်းလိုက်သည်။ သွားပါပြီ။ ကျွန်မ အောက်ပိုင်းတစ်ခုလုံး ဆိုရွှဲကုန်ပါပြီ။ ဒီနေ့မှ ဝတ်ထားတာ ဂျင်းပန် အပြာနုလေး ဖြစ်သည်။ ကျွန်မ ဘယ်လို ထိုင်ရပါ့မလဲ။ အိမ်နဲ့ကျောင်းအပြန်ခရီးက ၁နာရီကျော် ကြာပါသည်။ ကျွန်မ ကားက ထွက်ဖို့ ရှေ့မှာ ၂စီးတောင် စောင့်ရမှာ ဆိုတော့ နောက်၂နာရီ နီးပါး ကျွန်မ မက်တပ်ရပ်နေရတော့မည်။ တွေးရင်းတွေးရင်း ဒေါသ ထွက်လွန်းလို့ အသားများတောင် တစ်ဆက်ဆက် တုန်ရင်နေမိသည်။ ဒေါသနှင့်အတူ ကျွန်မ မျက်ရည်များ စီးကျလာပါတော့သည်။ ရေလောင်းတာလေးနဲ့ ဒီလောက်တောင် ဒေါသ ထွက်ရလားလို့ သူက ကျွန်မကို နားမလည်စွာ ကြည့်နေသည်။

" ဟာ ဘာလို့ ငိုတာတုန်းဟ။ ရေလောင်းတာ အဲလောက်တောင် ဒေါသထွက်ရလား။ ဒုက္ခပါပဲ။ ဒီနေ့တစ်ကျောင်းလုံး အဲလိုပဲ ဆော့နေတာလေဗျာ။ ကျွန်တော် တောင်းပန်ပါတယ်။ ဆော်ရီးပါဗျာ။" သူရဲ့ စကားကို ဂရုမစိုက်နိုင်ပဲ တစ်ယောက်ထဲ အိမ်ပြန်ရတာကြောင့် ဝမ်းနည်လာသလို ခံစားရပြီး ကျွန်မ ငိုပဲ ငိုချင်နေမိသည်။
" ကျော်နန္ဒ ဘာဖြစ်တာလဲကွ။" ခေါ်လိုက်တဲ့ နံမည်တစ်ခုကို သတိထားလိုက်မိသည်။ သူရဲ့ သူငယ်ချင်းတွေ ဖြစ်ဟန်တူသည် ယောင်္ကျားလေး၃ယောက် ကားပေါ်တက်လာသည်။

"မသိဘူး ။ ငါက သူကိုတစ်ယောက်ထဲ ကျောင်းကားပေါ်မှာ ထိုင်နေတာ တွေ့တာနဲ့ နောက်လိုက်မိတာ။ "
"ဟေ့ကောင် ငိုနေပြီကွ။ " သူ့ သူငယ်ချင်းထဲက တစ်ယောက်က ကျွန်မကို သတိထားမိသွားဟန်နဲ့ သူ့အနားကို ကပ်ပြောလိုက်သည်။ ယောင်္ကျားလေးတွေကြီးပဲ ဖြစ်တဲ့ သူတို့ အုပ်စုကို ကျွန်မ အခက်အခဲကို ဘယ်လို ပြောပြရပါ့မလဲ။ နောက်ဆုံး ထွက်ခါနီး ကျောင်းကားကို ပြောင်းစီးဖို့ ကျွန်မ ဆုံးဖြတ်လိုက်သည်။

"ဒီလိုလုပ်ပါလား ခင်ဗျာ။ ခင်ဗျာ မျက်နှာကြီးက ငိုထားတာ နီရဲနေတာပဲ။ ရေတွေလည်း စိုကုန်ပြီဆိုတော့ ကျွန်တော်တို့ ပြန်လိုက်ပို့ပေးမယ် ရမလား ခင်ဗျ။ ကျွန်တော်မှာ ကားပါပါတယ် ခင်ဗျာ။ "
"နေပါ့စေ လိုက်မပို့ပါနဲ့။ " ကျွန်မ ပြောပြောဆိုဆိုဆိုနဲ့ ကားပေါ်က ဆင်းလိုက်သည်။ သူက ကျွန်မ နောက်က လိုက်လာရင်း ကျွန်မကို ပြန်လိုက်ပို့ဖို့ တတွတ်တွတ် ပြောနေသည်။ ငိုထားတဲ့ မျက်နှာနဲ့ အနားက တတွတ်တွတ် လိုက်ပြောနေသည့် သူနဲ့ ကျွန်မရဲ့ပုံက ချစ်သူရည်းစားတွေ စိတ်ကောက်နေပုံနှင့် တူသည်။ ကျွန်မတို့ နှစ်ယောက်ကို သတိထားမိသည့် တစ်ခြားကျောင်းသားများက မသိမသာ လိုက်နောက်ကြသည်။ ထွက်ခါနီးကားနား ရောက်တော့ ပြွတ်သိပ်နေတဲ့ ဘက်စကားပေါ်ကို တိုးတက်လိုက်သည်။ သူက ကျွန်မအတူ လိုက်တက်လာပြီး ကားအတူတူ လိုက်စီးသည်။ လမ်းတစ်လျှောက် သူက ကျွန်မကို ဘာတစ်ခွန်းမှ မပြောသလို ကျွန်မက သူမျက်နှာကို မကြည့်ချင်လောက်အောင် မုန်းတီးနေမိသည်။ ကြားမှတ်တိုင်မှာ ဆင်းလိုက်ပြီး အိမ်ကို လမ်းလျှောက်ပြန်ခဲ့သည်။ သူကျွန်မ နောက်က ပါလားလား မပါလားဆိုတာ ကျွန်မ မသိတော့ပါ။ အိမ်ကို ရောက်ချင်ဇောနဲ့ အမြန်မြန်လျှောက်လာမိတော့သည်။



ဒီနေ့က သင်္ကြန်အကြိုနေ့ ဖြစ်တာကြောင့် တစ်ခြားနေ့တွေလို မဟုတ်ပဲ စိတ်ထဲမှာ ထူးခြားနေသလိုလို ခံစားမိသည် ။ အိပ်ရာနိုးကတည်းက အိမ်ရှေ့ဝရန်တာလေးကို ထွက်ပြီး ပိတောက်ပင်ကြီးကို ကြည့်မိသည်။ ဒီနှစ်မိုးမရွာတော့ ပိတောက်တွေလည်း မပွင့်နိုင်ရှာဘူးလို့တွေးနေမိသည်။ အဖူးတွေလှိုင်လှိုင်နဲ့ မိုးစက်လေးတွေကို မျှော်လင့်နေတဲ့ ပိတောက် ဖူးလေးတွေကို ကြည့်ရင်း မိုးရွာပါစေလို့ စိတ်ထဲက ဆုတောင်းလိုက်မိသည်။ မပွင့်နိုင်ရှာသေးတဲ့ ပိတောက်ဖူးတွေကြည့်ပြီး ပိတောက်ပန်းလေးတွေကို တောင့်တမိသည်။ ဒီနှစ်သင်္ကြန်မှာတော့ မေမေနှင့်မဟာစည်မှာ ဦးပုသ်စောင့်ဖို့ ဆုံးဖြတ်ထားသည်။ မေမေက ဘုန်းကြီးကျောင်းသွားဖို့ မနက်ကတည်းချက်ပြုတ်နေတာကြောင့် ကျွန်မ မေမေကို ကူရင်း စောစောနိုးနေမိသည်။ သင်္ကြန်တွင်း ဦးပုသ်စောင့်တာ ကျွန်မအတွက် ပထမဆုံး သင်္ကြန် ဖြစ်သလို ပထမဆုံးသော ဦးပုသ်စောင့်ချင်းလည်းဖြစ်သည်။

" ဦးပုသ်သည်ဆိုတာ အလှမပြင်ရဘူး သမီးရဲ့။ ပြီးတော့ စိတ်လဲမဆိုးရဘူးနော်လို့ တရားကိုပဲ စိတ်ထဲမှာ မှတ်နေရမယ် သိလား" လို့ မေမေက ကျွန်မကို တတွတ်တွတ် သင်ကြားပေးရင်း မေမေနဲ့ ကျွန်မ မီးဖိုခန်းထဲ အလုပ်ရှုပ်နေသည်။

"ကလင်ကလင် "ဝရန်တာက ခေါင်းလောင်းဆွဲသံ သဲ့သဲ့ကို ကြားလိုက်မိသည်။

" ဒီနှစ်သင်္ကြန် ရေမဆော့ဘူး မေမေနဲ့ ဦးပုသ်ဆောင့်မယ် " လို့ သူငယ်ချင်းတွေကို ပြောထားသည့်အတွက် သူငယ်ချင်းတွေတော့ မဖြစ်နိုင်။ သတင်းစာသမားကလည်း မနက်၉နာရီမှ လာနေကြပါလို့ တွေးရင်း ဝရန်တာကို ထွက်ကြည့်လိုက်သည်။

အောက်ကို ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့ရ။ ဘယ်သူ လက်လာဆော့ပြီး ခေါင်းလောင်းကြိုးကို ဆွဲသွားပါလိမ့်လို့ ရေရွတ်လိုက်သည်။ " အို "လှလိုက်တဲ့ ပိတောက်ပန်းတွေပါလား။ သဲမောင်နှင့် နိုင်ထွန်း တစ်ယောက်ယောက်လာ ချိတ်သွားတာ ဖြစ်မည်ဟု တွေးလိုက်မိသည်။ ခေါင်းလောင်းကြိုးလေးမှာ ချိတ်ဆွဲထားသည့် ပိတောက်တွေကို ကြည့်ပြီး ဝမ်းသာသွားသည်။ ချိတ်ထားတဲ့ ပိတောက်ပန်းတွေကို အပေါ်ကို ဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။ ပိတောက်ပန်းလေးတွေကို ကလစ်ကနေ ဖြုတ်ပြီး အရင်ဦ်ဆုံး နမ်းရှိုက်လိုက်သည်။ ပိတောက်ရဲ့ ရနံက ထူးထူးခြားခြား ရင်ကို အေးမြစေသည်။ စိတ်ကြည်နူးမှုအပြည့်နဲ့ အလိုချင်ဆုံး အရာကို ရရှိသွားရသလို စိတ်ကို ကျေနပ်အားရသွားစေသည်။ ပိတောက်ပန်းတွေကို သေသေခြာခြာ ကြည့်လိုက်မိလိုက်တော့ ပိတောက်ရွက်တွေကို ချွေပြီး အဝါရောင် ပိတောက်ပန်းလေးတွေကိုပဲ အပြာရောင် ဖဲကြိုးလေးနဲ့ စည်းထားသည်။ ပြီးတော့ ပို့စ်ကပ်အပြာရောင်လေးတစ်ခုပါ တွဲရက်တွေ့လိုက်ရသည်။

တစ်နှစ်တစ်ခါ ပွင့်လန်းတဲ့
ပိတောက်ရနံလေးကို
ရှူရှိုက်လိုက်ရတဲ့
ခံစားမှုလေးက
ရင်ကို ကြည်နူးစေတယ်။

အတာသင်္ကြန်ရဲ့
ပက်ဖြန်းလိုက်တဲ့ အတာရေကြောင့်
သန့်ရှင်းခြင်းနှင့်အတူ
အေးမြခြင်းကို
ဆောင်ကျဉ်းပေးတယ်။

တစ်နှစ်မှ တစ်ခါ အထူးခြားဆုံး
နေ့မြတ်တစ်ခု ဖြစ်တဲ့ နှစ်သစ်တစ်ခုမှာ
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ
ငြိမ်းချမ်းခြင်းဆိုတဲ့
အနက်အဓိပ္ပါယ်ကို ပုံဖော်ကြရအောင်လား။
မင်္ဂလာရှိသော ရက်မြတ် ဖြစ်ပါစေ။
(ကျော်နန္ဒ)

ကျော်နန္ဒ ဆိုသည့် နာမည်ကို မြင်လိုက်ရသဖြင့် ကျောင်းသင်္ကြန်နေ့က ကားပေါ်မှ အဖြစ်ကို သတိရသွားမိသည်။ သူ့အပေါ် စိတ်ဆိုးခဲ့သမျှလည်း ပိတောက်ပန်းတွေကြောင့် ပြေပျောက်သွားရတော့သည်။ ကျွန်မတို့ကြား တိုက်ပွဲသေးသေးလေး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ငြိမ်းချမ်းရေး သဝဏ်လွှာကတော့ ကျွန်မအတွက် ရင်ကိုအေးမြစေသည်။ အဝါရောင်ပိတောက်ပန်းလေးတွေကို နှစ်နှစ်ခြိုက်ခြိုက် နမ်းရှိုက်လိုက်သည်။ ပြီးမှ သူ တစ်နေရာရာကများ ကြည့်နေမလား တွေးမိသဖြင့် တိုက်အောက်ဘက် ဝန်းကျင်ကို လိုက်ရှာ မိသည်။

' အိုးးးး '

ခပ်ဝေးဝေးနေရာမှ မော့ကြည့်နေသော သူ့ကို မြင်လိုက်ရသဖြင့် ကျွန်မ ရှက်ရွံ့သွားကာ အခန်းထဲကို ပြေးဝင်လိုက်ရတော့သည်။ ကျွန်မအခန်းရဲ့ ခန်းစီးစကို လှစ်ဟ ကြည့်လိုက် ချိန်တွင် ကျောခိုင်းသွားသော နောက်ကျောလေးကို တွေ့လိုက်ရသည်။ နောက်နေ့တွေမှာလည်း တစ်စုံတစ်ယောက်ရဲ့ ပိတောက်ပန်းလေး တွေ ရောက်လာအုံးမလား ကျွန်မတွေးလိုက်မိတော့သည်။


photo: google


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်



18 comments:

ဏီလင်းညို said...

မြတ်မွှန်ရေ......
ဖတ်ရတာကောင်းလိုက်တာကိုးးးးးး
ရန်ကင်းက ကျော်ကြားမုန့်ဟင်းခါးရော...... နောက်ရန်ကင်းကြေးအိုးရော.......။
ဆယ့်နှစ်လုံးတန်းက အုန်းသီးဖြူးပေးတဲ့ ထောပတ်ဘိန်းမုန့်ရော...။ ဆယ့်နှစ်လုံးတန်း ကားမှတ်တိုင်နောက်က ကုလားဘယာကြော်သုတ်ဆိုင်ရော....၊ သင်္ကြန်ကျရင် စာတိုက်၊ ဆယ့်နှစ်လုံးတန်း၊ ကြားမှတ်တိုင်တွေနားမှာရှိတတ်တဲ့ မဏ္ဍပ်တွေရော... အားလုံးအားလုံး သတိရသွားတယ်.......း))
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ဇာတ်လမ်းလေးက စိတ်ဝင်စားစရာလေးပါလား မွန်ရ ...

နောက်ပိုင်းဘယ်လို ဖြစ်သွားလဲ .. အဟဲ သိနေသလိုပဲနော် ... နောက်ပိုင်းဇာတ်လမ်းကို ...
ဆက်ရန်ကောရှိသေးလား ...

အင်း ... ဒဂုံတက္ကသိုလ်ကိုလည်း သတိရနေမိပါဧ။် ... ကျောင်းသုံးကျောင်းတောင် တက်ခဲ့ဖူးတော့ သတိရစရာတွေက များသား ...း)

ဒီနှစ်သင်္ကြန်မှာလည်း ပျော်ပါစေ မွန် ..

ခင်တဲ့
ညရဲ့ကောင်းကင်

noblemoe said...

စိတ်ဝင်စားသွားပြီးဟီးဟီး
နောက်ပိုင်းလေးဆက်ရေးပါလား "မ"
နှစ်သစ်မှာသာယာချမ်းမြေ့ပြီးပျော်ရွှင်ပါစေနော်
မိုး

မြစ်ကျိုးအင်း said...

ရေးတာ ပီပြင်လွန်းတော့ ကိုယ်တွေ့လို့ ထင်မိတယ်။ နောက်ဆက်တွဲ ဘာတွေ ဖြစ်သေးတယ်ဆိုတာ ထပ်ရေးပါအုံးလား...။

မြစ်ကျိုးအင်း said...

ကျောင်းသင်္ကြန် ၊ ဗိုလ်ချုပ်ဈေး သင်္ကြန်တွေကို သတိရသွားမိပြီ။ အပြင်က လူတွေက အဝတ်တွေ ခြောက်နေပြီး ကျောင်းထဲက ထွက်လာ တဲ့သူတွေက ရေစိုနေတာကိုက တစ်မျိုးအရသာ ပါပဲ။

Anonymous said...

သင်္ကြန်ရောက်တိုင်း အဲ့ဒီလို ပိတောက်ပန်းလေးနဲ့ ကဗျာလက်ဆောင်လေး အမြဲရပါစေ။

ခင်မင်လေးစားလျက်
စိုင်း

sosegado said...

သင်္ကြန်နှင့် ရင်ခုန်တဲ့ အဖြစ်လေးကို တွဲရေးလားတာ လှတယ်၊ ကျောင်းတုန်းက ချစ်စရာ အချိန်လေးတွေ
သင်္ကြန်ကို လွမ်းရင်း ဖတ်သွားပါတယ်

ချိုကျ said...

စိတ်ဝင်းစားဖို့ကောင်းတဲ့ ဇတ်လမ်းလေးပဲဗျ။ ကဗျာလေးကလဲ ကောင်းပါ၏။ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုလဲသိချင်မိပါ၏ :)

SHWE ZIN U said...

ညီမရေ

ဆက်ရေးပေးနော်.. ချစ်စရာဇာတ်လမ်းလေး ကို မျှော်နေမယ်...

ခင်တဲ့
အမရွှေစင်

blackcoffee@sindecafe said...

မမွန်ရေပက်တာ မငိုရဘူးလေ။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်။

စံလင်းထွန်း said...

စာတွေသိပ်မဖတ်နိုင်သေးပေမယ့် ရောက်တယ်ဆိုတာ သိရအောင် ရေးခဲ့တယ်နော့် ...။

အင်ကြင်းသန့် said...

ဟုတ်တယ် မြတ်မွန်...နောက်ဆက်တွဲလေးသိချင်ပါ၏ :))))


ချစ်တဲ့ဂျင်း

rose of sharon said...

အို...ရန်ကင်းကိုလွမ်းလိုက်တာ... မြတ်မွန်ကကျော်ကြားနဲ့နီးတယ်ဆိုတော့ အရှေ့ရန်ကင်းကပေါ့နော်.... အနောက်ရန်ကင်းဈေးရှေ့မှာ ဒဂုံတက္ကသိုလ်သွားဘို့ဖယ်ရီစောင့်စီးချိန်တွေကိုလွမ်းသွားတယ်...

အဖြူရောင်နတ်သမီး said...

မိုက်တယ်ကွာ...
ဇာတ်လမ်းလေးက...အဲ..ပြီးတော့ဘာဆက်ဖြစ်သေးလဲ..
ပြောပြအုံး....းး)))

PhyoPhyo said...

ဖတ်ရတာပျော်စရာလေး ..
နှစ်သစ်မှာအောင်မြင်မှုတွေပိုပို ပြီးရပါစေ ..
လေးစားခင်မင်လျှက်

စိတ်၏ဖြေရာ said...

ကျောင်းသင်္ကြန်ကိုလွမ်းမိတယ်။
ဇတ်လမ်းကတန်းလန်းကြီးပါလား။
ဇတ်ပေါင်းခန်းလေးလုပ်ပါအုန်း။
ခင်တဲ့
အမ စိတ်၏ဖြေရာ

kiki said...

ကိုယ်တွေ့  ဖြစ်ရပ်မှန် ရင်ခုန်ဘွယ်ရာ ဇာတ်လမ်းလေးနဲ့ တူပါရဲ့ ။
ဆက်ရန်ရှိသေးတယ် ဟုတ် ။

မြတ်မွန်လည်း ရန်ကင်းသူပဲထင်တယ် ။ရပ်ဆွေရပ်မျိုးတွေလာတွေ့ နေကြတာကိုး ။ ..
ကျော်ကြား ။ အောင်မိုးဟိန်း ။ဒေါ်ကြည်စိန် မုန့် ဟင်းခါးတွေ ကို သတိရ မိတယ် ။
အမ တို့ ငယ်ငယ်တုန်းက သင်္ကြန်မှာလည်း ရန်ကင်း လမ်းမကြီးတလျှောက် စည်မှ စည် ။ မဏ္ဍာပ်တွေ ဆက်တိုက်ပဲ ။ ရေလည်းကောင်း မီးလည်း မှန်ဆိုတော့ ရေပက်ရတာ ပျော်စရာလေ ။

နှစ်သစ်မင်္ဂလာမှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ နော် ။
ခင်တဲ့ 
မကိ ။

ရွှေပြည်သူ said...

ချစ်စရာ ကြည်နူးစရာ သင်္ကြန်ဇာတ်လမ်းလေးပါပဲ ညီမလေး မြတ်မွန်ရေ... နောက်ရက်တွေကို မှန်းကြည့်တော့ ကြည်နူးစရာတွေ မြင်လိုက်ရတယ်...း)