ဘဝအမှောင်ည


{သူမ ကျွန်တော်အပေါ် ကောင်းသလောက် ကျွန်တော် သူမအပေါ် တာဝန်မကျေခဲ့တဲ့ အချက်များစွာရှိခဲ့ပါသည်။ ကျွန်တော်သည် အပေါင်းအသင်းမင်သူတစ်ယောက်ဖြစ်သည်။ ထိုအပေါင်းအသင်မင်မှုနှင့် သူမ အပေါ် အလေးမထား မှုတွေက ကျွန်တော်အတွက် အကြီးမားဆုံး နောင်တ တစ်ခုကို ရစေနိုင်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပါ။ }
~~~~@~~~~


ကျွန်တော်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က မိဘသဘောတူသည့် မိန်းခလေး တစ်ယောက်ကို လက်ထပ်ခဲ့သည်။ ကျွန်တော် ကံကောင်းသည်မှာ သူမရဲ့အလှသည် အေးချမ်းလွန်းလှသလို သူမရဲ့နေပုံထိုင်ပုံက ညင်သာနူးညံ့လွန်းသည်။ သူမသည် ဘာအပြစ်မှ ပြောစရာ မရှိလောက်အောင် အလိုက်တသိဖြင့် မယားဝတ်တရားနှင့် အညီနေတတ်သော မိန်းမတစ်ယောက်လည်းဖြစ်သည်။ ကျွန်တော်အပေါ် တာဝန်ကျေလွန်း၍ သူမကို ချစ်မြတ်နိုး စရာကောင်းသော မိန်းမတစ်ယောက်အဖြစ် သံယောဇဉ်တွေ တဖြည်းဖြည်း တိုးပွါးလာရသည်။

ကျွန်တော်တို့နှစ်ယောက် လက်ထပ်ဖို့ လက်စွပ်လေးတွေ သွားကြည့်စဉ်က သူမသည် လက်စွပ်မယူဘဲ ဖုန်းတစ်လုံးလောက် လိုချင်သည်ဟု ပူဆာခဲ့ဖူးသည်။ လက်ထပ်လက်စွပ်ထက် သူမအတွက် ဟန်းဖုန်းတစ်လုံးက အရေးကြီးသည် ဆိုတာကို အိမ်ထောင်ကျပြီးမှ သိခဲ့ရသည်။ ကျွန်တော် အလုပ်လုပ်နေချိန်၊ ထမင်းစားချိန်၊ အားလပ်အချိန်များတွင် သူမ ဂရုတစိုက် ဖုန်းဆက်လာတတ်ပါသည်။ ကျွန်တော်က ထမင်းစားပြီးကြောင်းနှင့် အလုပ်နားနေချိန်တွေ ဘာလုပ်တယ်ဆိုတာကို ရှင်းပြရသည်။ နေ့စဉ်နှင့်အမျှ ကျွန်တော်ကိုဖုန်း ဆက်ဆက်လာပြီး ကလေးတစ်ယောက်လို ဂရုစိုက်လွန်းသည်။ အကြောင်းကြောင်းကြောင့် ကျွန်တော် ဖုန်းမကိုင်မိတဲ့နေ့တွေ ဆိုရင် အိမ်ပြန်ရောက်တဲ့အခါ သူမ မျက်နှာ မကောင်းပါ။ သူမရဲ့ မျက်လုံး အစ်အစ်လေးတွေကို တွေ့ရမြဲဖြစ်သည်။ ကျွန်တော်က အကျိုးအကြောင်းရှင်းပြရင်တော့ သူမသည် ကြာကြာစိတ်မကောက်တော့ပဲ အမြဲတမ်းပြုံးရယ်ပြတတ်သည်။ သူမမွေးနေ့ ၊ ဗယ်လင်တိုင်းနေ့များတွင် ကျွန်တော်က အမှတ်တရ ဖုန်းလက်ဆောင်လေးတွေ ပေးလေ့ရှိသည်။ သူမသည် ကျွန်တော်ပေးတဲ့ ဖုန်းလေးတွေကို မရိုးအောင် လဲလှယ်ပြီးကိုင်ရင်း အမြဲပျော်ရွှင်နေတတ်သည်။ ကျွန်တော်ပို့ပေးသော ဖုန်းမက်ဆော့လေးတွေကို တွေ့ရင် သူမ ပျော်ရွှင်စွာ ပြုံးရယ်နေတတ်သူလည်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေး တသက်တာလုံး သာယာ တည်ငြိမ်နေမည်ဟု ယုံကြည်ထားချိန်တွင် ကံကြမ္မာဆိုးသည် မဖိတ်ခေါ်ဘဲ ရောက်လာခဲ့သည်။

ထိုနေ့သည် ရာသီဥတု အခြေအနေ ဆိုးဝါးသည့် နေ့တစ်နေ့ ဖြစ်ကာ ရုံးကအပြန် မိုးသည်းထန်စွာ ရွာသွန်းနေသည်။ မိုးလေဝသ သတင်းက မိုးသည်းထန်စွာရွာသွန်းမည်လို့ ကြေငြာထားသောကြောင့် ကားကို ဂရုတစိုက်မောင်းနေရသည်။ လမ်းအခြေအနေ မကောင်းတာကြောင့် မိုးနည်းနည်းစဲမှ အိမ်ပြန်မည်လို့ ဆုံးဖြတ်ပြီး အနီးဆုံး သူငယ်ချင်းတစ်ယောက် အိမ်မှာ ဝင်ပြီးမိုးခိုလိုက်သည်။ သူငယ်ချင်းရဲ့အိမ် အနီးနားမှာ နေကြတဲ့ သူငယ်ချင်း ၃ယောက်ကိုခေါ်ကာ ကျွန်တော်တို့စုပြီး ဖဲထိုင်ကစားဖြစ်ကြသည်။ သူမသည် ထုံးစံအတိုင်း အလုပ်ဆင်းချိန်ရောက်တော့ ဖုန်းဆက်လာသည်။ မိုးတွေ အရမ်းရွာနေလို့ သူငယ်ချင်းတစ်ယောက်အိမ်မှာ မိုးခိုနေရကြောင်း မိုးစဲမှာ အိမ်ပြန်လာမည်လို့ ဖုန်းထဲကနေ သူမကို နှစ်သိမ့်လိုက်သည်။ စိတ်ပူတတ်တဲ့ သူမသည် မကြာခဏ ဆိုသလို ဖုန်းဆက်ဆက်လာသည်။ သူမ ဆက်လာတိုင်းလည်း ကျွန်တော်က မကြာခင် ပြန်လာမည့်ဟုသာ ဖြေနေရသော်လည်း တော်တော် နှင့် ကစားဝိုင်းမှ မထဖြစ်ပေ။ တစ်ဖြေးဖြေးနှင့် ညဉ့်နက်လာသည်။ အိမ်အပြင်မှာတော့ မိုးမစဲတဲ့ အပြင် မိုးက ပို၍ အခြေအနေဆိုးဆိုးလာသည်။ အကြိမ်ပေါင်းများစွာ ဆက်လာသည့် သူမရဲ့ဖုန်းကို ကျွန်တော် စိတ်တိုလာတော့သည်။

တကယ်ဆို ကျွန်တော်ကို ကလေး တစ်ယောက်လို စိတ်ပူပင်နေဖို့ မလိုအပ်ဘူးဟု ထင်မြင်မိသည်။ ထို့ကြောင့် နောက်တစ်ကြိမ် ဖုန်းလာပြီးသည့်နောက်တော့ နာရီဝက်နေရင် ပြန်လာမယ် ဘာမှစိတ်မပူနဲ့လို့ ပြောပြပြီး ကျွန်တော် ဖုန်းပိတ်ထားလိုက်တော့သည်။ ပွဲအစကတည်းက ရှုံးနေသည့် ကျွန်တော် အနိုင်ရဖို့အတွက် ဖဲကို မိုးနှင့်အတူ သည်းကြီးမဲကြီး ကစားနေလိုက်သည်။ အချိန်နာရီတွေကိုတောင် ကြည့်ဖို့ မေ့လျှော့နေမိသည်။ ကျွန်တော်မှာ ပါသမျှ နောက်ဆုံး လက်ကျန်ငွေလေးကို ထုတ်လိုက်ချိန် ကျွန်တော်ရဲ့ လက်ပတ်နာရီလေးကို တစ်ချက်ကြည့်မိလိုက်သည်။ ည ၁၁ နာရီနဲ့ ၄၅ မိနစ်တောင် ရှိနေလေပြီ။ ထိုအချိန်ရောက်မှ စိတ်ပူနေမည့် သူမရဲ့ မျက်နှာလေးကို မြင်ယောင်လာသည်။ ကျွန်တော် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

လမ်းတစ်လျှောက် ကားမှန်တွေက ဝိုဝါးကာ ဘာကိုမှ သည်းကွဲစွာ မမြင်နိုင်အောင် မိုးသည်းထန်းစွာ ရွာသွန်းသောကြောင့် အရှေ့ကကားကိုတောင် သဲသဲကွဲကွဲ မမြင်ရပါ။ ကားကို ဂရုတစ်စိုက် မောင်းနှင်လာရင်း အိမ်ရှေ့နားရောက်တော့ အိမ်ပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အိမ်တစ်ခုလုံး မဲမှောင်နေသည်ကို တွေ့လိုက်ရသဖြင့် ဒီအချိန်ဆိုရင် ကျွန်တော့်ကို စိတ်ကောက်ပြီ သူမ အိပ်နေလောက်ရောပေါ့လို့ တွေးရင် ကားဂိုဒေါင်မှာ ကားကိုရပ်လိုက်သည်။ အိမ်ပေါ်ရောက်တော့ သူမအိပ်နေတဲ့ အခန်းဆီကို တည့်တည့်မက်မက် လျှောက်လာလိုက်သည်။ သူမ အခန်းထဲမှာ ရှိမနေပါ။ သူမ ရှိနေတတ်တဲ့ စာကြည့်ခန်းလေးဘက် လျှောက်လာလိုက်သည်။ သူမကို မတွေ့ရ။ ကျွန်တော် အနည်းငယ် စိတ်ပူလာသည်။ အိမ်တစ်ခုလုံးကို လှည့်ပတ်လျှောက်ရှာလိုက်သည်။ သူမနှင့်တူတဲ့ အရိပ်ယောင်တောင် မတွေ့ရ။ ဒီလောက်မိုးရွာနေတဲ့ ညဉ့်နက်သန်းခေါင်ကြီး သူမ ဘယ်ရောက်သွားပါလိမ့်ဆိုပြီး ကျွန်တော် ခေါင်းတွေချာချာလည်လာသည်။ သူမကို ဆက်သွယ်ဖို့ရန် ဖုန်းတစ်ခုသာ ရှိတော့သည်။ ကျွန်တော်ရဲ့ပိတ်ထားသည့် ဖုန်းကို ဖွင့်လိုက်ချိန်မှာတော့ သူမသည် ကျွန်တော်ကို ဖုန်းအကြိမ်ပေါင်းများစွာခေါ်ထားတာကို တွေ့လိုက်ရသည်။ သူမရဲ့ ကျွန်တော့ဆီပို့ထားတဲ့ မက်ဆော့လေးကို ကျွန်တော် ဖွင့်လိုက်သည်။

“မောင်...အပြင်မှာ မိုးတွေ အရမ်းရွာနေတယ်။ အရမ်းစိုးရိမ်တယ်။ ပြီးတော့ ဒီနေ့က ကျွန်မတို့ရဲ့ နှစ်ပတ်လည် နေ့ဆိုတာ မေ့နေပြီလား ”
ဆိုသည့် မတ်ဆေ့ လေးကို တွေ့လိုက်ရမှ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အိမ်ထောင်သက် နှစ်ပတ်လည်နေ့ဆိုတာကို သတိရမိတော့သည်။ ထို့ကြောင့် သူမ အရင်နေ့တွေထက် ပိုပြီး တချိန်လုံး ဖုန်းဆက်နေခြင်း ဖြစ်ကြောင်း တွေးမိတော့သည်။ ကျွန်တော်ကတော့ မေ့လျော့နေခဲ့ကာ သူငယ်ချင်းတွေနဲ့ ကစားလို့ ကောင်းနေခဲ့သည်။ ဒုတိယမြောက် မတ်ဆေ့ကို ထပ်ဖွင့်လိုက်ချိန်တွင်

“ မောင်ရေ စိတ်မပူနဲ့နော်... မထင်မှတ်ဘဲ ကားချင်းတိုက်မိတယ် ဒဏ်ရာက သိပ်မပြင်းဘူးလို့ထင်ပါတယ် ဘာပဲဖြစ်ဖြစ် စိတ်မပူနဲ့နော် ဖြစ်နိင်ရင်တော့ မောင့်ကို ကျမအနား မြန်မြန်ရောက်လာစေချင်တယ်”

သူမရဲ့ မတ်ဆေ့လေးကို ဖတ်ပြီးချိန်တွင် ကျွန်တော့် ထူပူသွားသည်။ ဒူးတို့ ခွေညွှတ်သွား၏။ ရင်ထဲမှ တဒိုင်းဒိုင်း မြည်သံများသည် အပြင်သို့ပင် လျှံထွက်မတတ်ဖြစ်နေသည်။

စိုးရိမ်ကြီးစွာဖြင့် သူမကိုင်တဲ့ ဖုန်းလေးကို နှိပ်လိုက်သည်။ တစ်ဘက်မှ ငိုသံတစ်ခုကို ကြားလိုက်ရသည်။ ကျွန်တော့် ယောက္ခမရဲ့အသံဖြစ်သည်။

“မင်း ဘယ်တွေ သွားနေတာလဲကွယ်။ သမီးက မင်းကိုစိတ်ပူလို့ မင်းသူငယ်ချင်းတွေအိမ်ကို လိုက်သွားမယ် ဆိုပြီး ထွက်သွားတာတဲ့လေ။ မိုးတွေအရမ်းရွာနေတယ် မသွားပါနဲ့လို့ တားပေမယ့် သူက မင်းကို သွားရှာမယ်ဆိုပြီး ထွက်သွားတာပဲကွယ်...။ အခု လမ်းမှာ အက်စီးဒန့် ဖြစ်ပြီး ငါ့သမီးလေဆုံးပြီ။ သမီးရယ် အဖြစ်ဆိုးလိုက်တာ..။”

ကျွန်တော် ဖုန်းကိုကိုင်ပြီး တစ်ဘက်ကလာတဲ့ စကားသံကြောင့် ကြောင်နေမိသည်။ ဘာတွေဖြစ်ကုန်တာလည်း မယုံနိုင်ကြည်နိုင်အောင်ပါပဲ။ ကျွန်တော် သူမ ရှိနေတဲ့ နေရာကို လိုက်သွားသည်။ ရဲကားတွေနဲ့ ရှုပ်ရှက်ခက်နေတဲ့ ယာဉ်တိုက်မှုနေရာလေးကို ကျွန်တော် ရောက်သွားချိန်တွင် သူမသည် အေးချမ်းလှတဲ့ မိုးရေတွေ ရဲ့အောက်မှာ အရာရာကို စိတ်ချလက်ချ ကျောခိုင်းသွားလေပြီ။ သူမဘေးနားမှာ သူမ မေမေက မိုးရေတွေနဲ့ အတူ ဝမ်းနည်းစွာ ငိုကျွေးနေလေသည်။ မြေပြင်မှာ လဲကျနေတဲ့ သူမကို ကျွန်တော် ပွေ့ဖက်လိုက်၏။ ကျွန်တော်မျက်ရည်များ တားဆီးမရစွာ စီးကျလာသည်။ အရာရာဟာ ကျွန်တော် အမှားဖြစ်သည်။ကျွန်တော်သာ ဖုန်းပိတ်မထားခဲ့လျင် သူမ ဒီလို အဖြစ်ဆိုးမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ အလုပ်ပြီးချိန်တွင် အိမ်သို့တန်းပြန်ခဲ့လျင် (သို့မဟုတ်) အပေါင်းအသင်း မမက်ဘဲ ကိုယ့်ရဲ့ ဇနီးမယား အနားတွင် အတူတူရှိနေခဲ့လျင် ကျွန်တော်တို့ နှစ်ယောက် နှစ်ပါတ်လည် နေ့လေးကို ပျော်ရွှင်စွာ ကျင်းပ နိင်ခဲ့မည်။ ခုတော့ နောင်တများဖြင့် ဘဝ တသက်တာလုံး ပူလောင်ရတော့မည် ထင်သည်။ ကျွန်တော်ရဲ့ အိမ်အပြန်လမ်းမှာ သူမ အိမ်ပြန်ရောက်မလာခဲ့ပါ။ ယခုမှ သတိပြုမိသည်မှာ ဖဲဝိုင်းတွင် ဆုံးရှုံးသွားသော အရာများသည် ငွေကြေးများ မဟုတ်ဘဲ ကျွန်တော့် အနာဂါတ် တစ်ခုလုံးသာ ဖြစ်မှန်း သိလိုက်ရလေပြီ။



forward mailလေးတစ်စောင်ကို ဘာသာပြန်ထားတာပါ။
ချစ်ခင်လေးစားလျှက်
မြတ်မွန်

19 comments:

ချိုကျ said...

အရမ်းကောင်းတဲ့ ပညာပေးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ မြတ်မွန်ရေ...တော်ပြီ ဘယ်ဝိုင်းမှ မသွားတော့ဘူး ဇင်ဝိုင်းဆီလည်းသွားဘူး ဝိုင်ဝိုင်းဆီလည်း သွားတော့ဘူး
ဟီး....။
ခင်တဲ့(ချိုကျ)

ကိုဇော် said...

ဟုတ်တယ်..
ဒါကြောင့် သတိထားတဲ့ အနေနဲ့ သူ့ကို ဖုန်း မဝယ်ပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။
ကိုယ် အပြင်သွားရင် သူ့ကို သံကြိုးနဲ့ ချည်သွားမယ်။
ကျေးဇူးပဲ. .:P

SHWE ZIN U said...

ဟားဟား ကိုဇော်တော့ မိန်းမ ရတော့မှာ မဟုတ်ဘူး

ညီမရေ လွမ်းစရာလေး ဖတ်သွားတယ် ကျေးဇူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

blackroze said...

ဇတ်လမ်းထဲကအတိုင်းသာအပြင်မှာ
တကယ်ဖြစ်ခဲ့တာရှိမယ်ဆိုရင်စိတ်မကောင်းစရာဘဲ
နောက်ဆိုဖုန်းကိုဘယ်တော့မှမပိတ်ဘူး
အမြဲတမ်းဖွင့်ထားမယ်

Anonymous said...

မြတ်မွန်ရေ..
ဖတ်ပြီးတော့ ရင်ထဲမှာတမျိုးကြီးးးးးသနားပါတယ်..
တော်ပြီ..နောက်ဆို ဖုန်းအမြဲဖွင့်ထားတော့မယ်..
ခင်တဲ့
ယွန်း

အင်ကြင်းသန့် said...

မွန်ရေ့....၀မ်းနည်းစရာကြီး....စာရေးဆရာက ဘာလို့ သေပေးလိုက်ရတာလဲ မသိဘူးနော်....တကယ်ဆို ပျော်ရွှင်စရာ တစ်ခုခုလေးနဲ့ပေါ့ ဇာတ်သိမ်းလိုက်ရင်ကောင်းမှာ ခုတော့း((

ချစ်တဲ့
ဂျင်း

ပုံမှန် said...

ဒီဇာတ်လမ်းကိုဖတ်ပြီးတော့ အရေးကြောင်းရှိလို့ဖုန်းခေါ်ရင်ဖုန်းမကိုင်တဲ့ကောင်မလေးကို သတိရတယ်

မိုးခါး said...

ခပ်ဆင်ဆင်ဘာသာပြန်တခုဖတ်ဖူးသေးတယ် .. အဲဒီယောကျားကိုပဲ စိတ်တိုတယ် .. :D

rose of sharon said...

အိုး...ကြေကွဲစရာကောင်းလိုက်တဲ့ဝတ္ထုလေးဘဲ...

မြစ်ကျိုးအင်း said...

တကယ့်ဘဝဆိုတာ မိသားစု ထံမှာပဲ ရှိတာကို ပြချင်တယ်လို့ ထင်မိတယ်။ တဒင်္ဂ သာယာ ပျော်ရွှင်မှုတွေကို ဆန့်ကျင်နိင်ဖို့လိုတယ်။
အမှတ်မထင် အဖြစ်လေးကနေ မှန်းမရတဲ့ ဆုံးရှုံးမှု အထိဖြစ်စေတာကို အမြဲ သတိရ နေသင့်ပါတယ်။

မြစ်ကျိုးအင်း said...

ဖုန်းကို အမြဲတမ်း အားသွင်းထားတော့မယ်း)

PhyoPhyo said...

one miss call မဟုတ်ဘူးပေါ့၊ miss call တွေအများကြီးပဲဆိုတော့၊
ဖုန်းမက်ဆေ့ခ်ျတွေ ပို့နေဦးမလားပဲ၊
မွန်ရေ
ရေးထားတာလေး အရမ်းဖတ်လို့ကောင်းတယ်
စာတွေအများကြီးရေးနိုင်ပါစေ
ပျော်ရွှင်ချမ်းမြေ့ပါစေ

sosegado said...

ဖတ်ပြီး စိတ်မကောင်းစရာဘဲ ဖတ်လို့ကောင်းပါသည်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခါတစ်လေမှာ တန်ဖိုးထားသင့်တဲ့ အရာကို တန်ဖိုးမထားမိလို့ လက်လွတ်လိုက်ရတဲ့အဖြစ်တွေက သင်ခန်းစာယူစရာပါဘဲ.. သိပ်ကောင်းတဲ့ပိုစ့်ကလေးပါညီမရေ..
၂ဦးသား ညီတူမျှတူ အလေးထားနိုင်ကြရင် သိပ်ကောင်းမှာပါဘဲနော်...
ခရီးထွက်နေလို့ ခုမှရောက်တယ်ညီမလေးရေ..
ပျော်ရွှင်ပါစေနော်..

မိုးငွေ့...... said...

မြတ်မွန်ရေ... ဇာတ်လမ်းလေးက ဖတ်ကောင်းလိုက်တယ်... ပညာလဲရတယ်...။ ဒီလိုအဖြစ်မျိုး အပြင်မှာ အများကြီးပါ....။ ဒီစာဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေ...။

ခင်မင်စွာဖြင့်
မိုးငွေ့

အနှိုင်းမဲ့ said...

အမွန်လေးရေ..အခုမှရောက်တယ်အေ..
ဘလော့ဂ်က၀င်လို့မရလို့...
ကဗျာတွေရေးအုံးနော်..

သဒ္ဓါလှိုင်း said...

ဝမ်းနည်းစရာဇာတ်လမ်းလေးပါလား...နော်.
တကယ်သာဆိုရင်....
လင့်ချိတ်ထားမယ်.. ခွင့်ပြုနော်.
ခင်မင်စွာ
သဒ္ဓါလှိုင်း

noblemoe said...

စိတ်ပူတတ်တဲ့သူက ဘာဖြစ်ဖြစ်ပုနေတတ်တာနော် စိတ်ပူတတ်တာ အရမ်းဆိုးတဲ့ခံစားချက်ပါ။ ဘယ်သူကမှမပေးလည်း သူဘာသာဘာလို့ပူတတ်မှန်းကိုမသိတာ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ရေသန့်  said...

စိတ်မကောင်းဘူးးး