ဘယ်တော့မှ မမေ့ပါဘူး


ကျွန်မကို နယ်မြို့ကလေးတစ်မြို့မှာမွေးဖွားခဲ့သည်။ ကျွန်မကို မွေးဖွားပြီးသည့်နောက် မေမေကမီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရတာကြောင့် မိတဆိုးလေးဖြစ်ခဲ့ရသည့် ကျွန်မကို ဖေဖေက သူ့ဘဝတစ်ခုလုံး ပုံအောပြီး အချစ်ပိုခဲ့ပါသည်။ ကျွန်မက ဖေဖေ၏ အသဲနှလုံးဖြစ်သလို သူ့ဘဝ သူ့မျှော်လင့်ချက်လို့ ပြောတာကိုလည်း သိတတ်စ အရွယ်ထဲက ခဏခဏ ကြားနေခဲ့ရ၏။ တကယ်လည်း ဖေဖေကျွန်မကို သိပ်ချစ်ခဲ့ပါသည်။ မေမေက ကျွန်မကို မွေးဖွားပြီး ဆုံးပါးသွားတော့တာကြောင့် ဖေဖေ့ အစ်မဖြစ်သော ဒေါ်ကြီး၏ လက်ပေါ်တွင် ကျွန်မ၏ ငယ်ဘဝသည် မောင်နှမသားချင်း မရှိဘဲ ကြီးပြင်းခဲ့ရသည် ။


ထို့ကြောင့် ငယ်စဉ်ကတည်းက ကျွန်မ၏ ကစားဖော် ကစားဖက်မှာ ဖေဖေဖြစ်ခဲ့သည်။ ဖေဖေအလုပ်က ပြန်လာချိန်တိုင်း ကျွန်မ ဆော့ကစားချင်သည့် ကစားနည်းမျိုးစုံကို မငြီးမငြူ အဖော်လုပ်ပေးလေ့ရှိသည်။ အခုချိန်ပြန်တွေးမိမှ ကျွန်မ ဖေဖေ့ကို သနားမိတော့သည်။ ဖေဖေ့ခမျာ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာချိန်မှာတောင် ကျွန်မအလိုကို လိုက်ပြီး မငြီးမငြူ ဆော့ကစားပေးခဲ့ရှာတာကြောင့် သနားစိတ်ဝင်မိခြင်းဖြစ်၏။


ဒီလိုနှင့် ကျွန်မ ကျောင်းနေချိန်ရောက်လာခဲ့သည်။ ပထမဆုံး ကျောင်းတက်သည့် နေ့ကို ဒေါ်ကြီးက မကြာခဏ ပြန်ပြောလေ့ရှိတာကြောင့် ကျွန်မ အလွတ်ရနေသေးသည်။


“ညည်း.. ကျောင်းစတက်တဲ့ နေ့ကတော့လေ ပြောစမှတ်ကို ဖြစ်ရော။ ငါ့မှာတော့ လှလှပပလေးဝတ်စားပေး၊ သနပ်ခါးအဖွေးသားလေးလူးပြီး ကျောင်းလွှတ်ပါတယ်။ ညည်းအဖေက ဘာလုပ်တယ်မှတ်လဲ။ ကျောင်းပေါက်ဝရောက်မှ သူ့သမီးက ငိုလို့တဲ့... အဲ့ဒါ ကလေးကိုပြန်ခေါ်ပြီး စက်ဘီးပေါ်တင် လျှောက်သွားကြတယ်တဲ့လေ။ ငါ့မှာတော့ နေ့ခင်းကျောင်းဆင်းချိန် ညည်းကို လာကြည့်မှပဲ အဖေရော သမီးပါ ပျောက်နေတာ သိရတယ်။ သမီးနဲ့ ကျောင်းအတူ လိုက်ပြေးတဲ့ အဖေတဲ့။ ကြား..ကြားဖူးပေါင်တော်။”


ထိုသို့ပြောတိုင်း ဖေဖေကတော့ ရယ်ကျဲကျဲလုပ်နေလေ့ရှိသည်။ ကျွန်မက ဖေဖေ့လက်မောင်းကို ဆွဲပြီး..


“အဲဒါပြောတာပေါ့ ဖေဖေက သမီးကိုသိပ်ချစ်တာ။ ဒေါ်ကြီးသာ သမီးကို မချစ်တာ။”


ကျွန်မက အဲဒီလို ပြန်ကြည်စယ်လိုက်လျင် ဒေါ်ကြီးက မျက်စောင်းလှမ်းထိုးတော့သည်။


“ အေးပါ..အေးပါ။ ငါက မိန်းမကြမ်းကြီးပါတော်။ ညည်းကို ရိုက်ပုတ်ပြီး ကျောင်းထားခဲ့လို့ ညည်းစာတတ်ခဲ့တာလေးတော့ မမေ့ပါနဲ့အေ။ ညည်းအဖေနဲ့သာ ကျောင်းလွှတ်ရင် နေ့တိုင်း နှစ်ယောက်သား ကျောင်းပြေးနေကြမှာ မြင်ယောင်သေး။ ”


ဖေဖေကျောင်းလိုက်ပို့ပေးတိုင်း ကျွန်မ ကျောင်းဝင်းထဲ မဝင်ချင်တာသိလို့ နောက်ပိုင်း ဒေါ်ကြီးကပဲ ကျွန်မကို ကျောင်းလိုက်ပို့တော့သည်။ ကျွန်မငိုရင်လည်း ဆရာမလက်ထဲ မရရအောင် အပ်ထားခဲ့တာကြောင့် ကြာလာတော့ ကျွန်မလည်း စာသင်ကျောင်းမှာ ပျော်မွေ့သွားတော့၏။ ကျွန်မတို့ နေအိမ်နှင့် စာသင်ကျောင်းက အတော်အသင့် ဝေးလံပါသည်။ စာသင်ကျောင်းကလေးကို ရောက်ဖို့အတွက် စပါးခင်းတွေ ခြံရံထားသည့် တောလမ်း ကွေ့ကွေ့ကောက်ကောက်လေး အတိုင်း သွားရသည်။ ကျောင်းဆင်းချိန် ညနေခင်းတွေမှာ စပါးခင်းတွေ၏ တဖက်ကို နိမ့်ဆင်းသွားသည့် နေလုံးနီနီကြီးနှင့် နေဝင်ချိန်တွေက အခုချိန်ထိ ပြန်တွေးမိတိုင်း လွမ်းမောဖွယ်ရာ ကောင်းနေဆဲဖြစ်သည်။


မနက်ခင်းမှာ ကျွန်မကို ဒေါ်ကြီးက ကျောင်းပို့ပေးပြီး ကျောင်းဆင်းချိန်တွေကိုတော့ ဖေဖေက စက်ဘီးလေးနှင့်လာကြိုလေ့ရှိသည်။ စက်ဘီးကယ်ရီယာ ခုံနောက်မှာ ထိုင်လိုက်ရင်း ဆရာမ သင်ပေးလိုက်သည့် ကဗျာလေးတွေကို ကျွန်မအော်ရွတ်လေ့ရှိ၏။ ကျွန်မစာတွေ ကဗျာတွေရွတ်လို့ ငြိမ်သွားသည့်အခါ “ ငါ့သမီးလေးမောသွားပြီးလား” ဟုဖေဖေက စက်ဘီးနင်းရင်း ကျွန်မခေါင်းလေးကို ပွတ်ပြီးမေးတတ်ပြန်သည်။


ထိုသို့မေးလိုက်လျင် ကျွန်မက အားအင်သစ်လေးတွေ ဝင်လာပြီး နောက်ထပ် ကဗျာတွေ ရွတ်ဆိုပြန်ပါတော့သည်။ ဒီလိုနှင့် ဘကြီးဖြိုးတို့ ကုန်စုံဆိုင်ရှေ့ရောက်လျင်တော့ ဖေဖေက ကျွန်မကို ရေခဲချောင်း ဝယ်ကျွေးလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း ဖေဖေဝယ်ကျွေးသည့် ရေခဲချောင်းရယ်၊ ဖေဖေ့ရဲ့ကျောပြင်လေးရယ်၊ စက်ဘီး ကယ်ရီယာခုံလေးရယ်က အခုလို အသက်အရွယ် ကြီးပြင်းလာချိန်အထိ မမေ့နိင်သည့် ပုံရိပ်လေးတွေဖြစ်နေခဲ့သည်။


ကျောင်းတက်စ ကလေးဘဝက စပြီး အထက်တန်း ရောက်သည်အထိ ဖေဖေက ကျွန်မကို မပျက်မကွက် ကျောင်းလာ ကြိုလေ့ရှိသည်။ ကျွန်မကလည်း စက်ဘီးကယ်ရီယာ ခုံနောက်မှာ ဖေဖေ့ ခါးကိုဖက်ပြီး လိုက်ပါစမြဲဖြစ်၏။ အထက်တန်းအောင်ပြီး မြို့ပေါ်အထိသွား၍ တက္ကသိုလ်တက်ရသည့် အချိန်မှာတော့ ကျောင်းပိတ်ရက်တိုင်း ကျွန်မ အိမ်ကို ပြန်ဖြစ်ခဲ့သည်။ အိမ်မှာက ကျွန်မကို သိပ်လွမ်းနေမည့် ဖေဖေက နေ့တိုင်းမျှော်နေတတ်တာကြောင့်ဖြစ်သည်။။ ကျွန်မ မြို့ပေါ်မှာ ကျောင်းသွားတက်ပြီးသည့် နောက်ပိုင်းမှ ဖေဖေက ဒေါ်ကြီးကို နေ့တွေခဏခဏ မေးတတ်လာသည်ဟု မိသားစု ထမင်းဝိုင်းမှာ ဒေါ်ကြီး ပြန်ပြောပြတတ်သည်။


“အစ်မ..ဒီနေ့...ဗုဒ္ဓဟူးလား... ကြာသာပတေးလား”

“ဗုဒ္ဓဟူးနေ့ပါတော်။ နောက် သုံးရက်နေမှ နင့်သမီးကပြန်လာမှာ။ ”


ဒေါ်ကြီးက ဖေဖေရဲ့ ရည်ရွယ်ရင်းကိုပါ ထိုကဲ့သို့ ပိတ်ပိတ်ပြီး ဖြေလိုက်သည်တဲ့လေ။ စစနောက်နောက်ဖြင့် ကျွန်မပြန်လာချိန် မိသားစု ထမင်းဝိုင်းလေးမှာ စိုပြေလွန်းလှသည်။


ကျောင်းပိတ်၍အိမ်ပြန်ဖြစ်သည့် ရက်တွေရောက်တိုင်း ဖေဖေက ကျွန်မ ပြန်လာမည့် ဘူတာရုံလေးမှာ လာကြိုလေ့ရှိသည်။ နယ်မြို့ကလေးရဲ့ဘူတာရုံရှေ့က သရက်ပင်ကြီး၏ အမြစ်တွေပေါ်တွင် ငုတ်တုတ်လေးထိုင်ရင်း ဘူတာရုံ အပေါက်ဝကို စူးစိုက်ငေးနေတတ်သည့် ဖေဖေ့ကိုမြင်လျင် ကျွန်မကိုယ်တိုင်လည်း အားအင်တွေ စီးဝင်လာမိသည်။ ကျွန်မလွယ်လာသည့် ကျောပိုးအိတ်လေးကို စက်ဘီးရှေ့က ခြင်းလေးထဲမှာထည့်၊ ကျွန်မကို နောက်ခုံကယ်ရီယာမှာ တင်ပြီးအိမ်ပြန်လာကြသည်။


ဒီတခါတော့ ကျွန်မက ငယ်ငယ်ကလို ကဗျာရွတ်မပြဖြစ်တော့။ ဖေဖေစက်ဘီးလေးကို အလွမ်းပြေစီးရင်း မြို့ပေါ်သွားပြီး ကျောင်းတက်ရသည့် အတွေ့အကြုံလေးတွေကို မနားတမ်း ပြောပြဖြစ်သည်။ ဖေဖေ့ကို သတိရကြောင်း ပြောလိုက်ပြီဆိုလျင် ဖေဖေက “ငါ့သမီးလေးကို ဖေဖေက အချိန်တိုင်း လွမ်းနေရတာပါကွယ်” ဆိုပြီး ပြန်ပြောတတ်သည်။ ထိုကဲ့သို့စကား ကြားတိုင်း ကျွန်မရင်ထဲမှာ လှိုက်ခနဲဖြစ်ရသည်အထိ ဝမ်းနည်းမိသည်မှာ ဖေဖေ့ရဲ့ မေတ္တာစစ်မှန်လွန်းတာကြောင့်ဟု ယုံကြည်မိပါသည်။


အိမ်ပြန်လမ်း တစ်လျှောက် စကားတွေ မနားတမ်း ပြောရင်း ဘကြီးဖြိုး၏ ကုန်စုံဆိုင်ရှေ့ရောက်လျင် ဖေဖေက စက်ဘီးရပ်ကာ ငယ်စဉ်ကလို ကျွန်မကို အမောပြေ ရေခဲချောင်း ဝယ်ကျွေးပြန်သည်။ ဖေဖေဝယ်ကျွေးသည့် ရေခဲချောင်းလေး စားရင်း ကျွန်မ ငယ်ဘဝကို သတိရမိတာလည်း အကြိမ်ကြိမ်အခါခါဖြစ်သည်။


ကျောင်းပြီး၍ လုပ်ငန်းခွင် ဝင်ချိန်မှာတော့ ကျွန်မတတ်ထားသည့် ပညာဖြင့် မြို့ပေါ်က လုပ်ငန်းခွင်ကိုပဲ ရွေးချယ်ခဲ့သည်။ တက္ကသိုလ် ကျောင်းသူဘဝကလို အပါတ်စဉ် ကျောင်းပိတ်ရက်တိုင်း အိမ်ပြန်ဖို့ အဆင်မပြေတော့ပါ။ လုပ်ငန်းခွင် ဝင်စကတော့ တစ်လတစ်ခေါက်လောက် အိမ်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ နှစ်လနေ၍မှ တစ်ခေါက်လောက်ပဲ ပြန်ဖြစ်တော့သည်။


ကျွန်မ ပြန်လာတိုင်း ဖေဖေကတော့ ကျောင်းသူဘဝတုန်းကလို ဘူတာရုံလေးမှာ လာစောင့်နေလေ့ရှိသည်။ သူ့စက်ဘီးအိုလေးကို ဘေးမှာရပ်၊ သစ်မြစ်ကြီးပေါ်မှာ ထိုင်ရင်း ကျွန်မကို မပြောင်းမလဲ အရင်လို စောင့်မျှော်နေမြဲဖြစ်သည်။ ပြောင်းလဲလာသည်ကတော့ အသက်အရွယ်ရလာပြီး ဇရာ၏ အမှတ်အသားတွေ ဖြစ်သည့် ဆံပင်တွေ ဖြူလာခြင်းဖြစ်သည်။ အသက်အရွယ် ရလာသည့် ဖေဖေရဲ့ စက်ဘီးနောက်မှာ ကျမ လိုက်မထိုင်ရက်တော့ပါ။


“ဖေဖေပင်ပန်းပါတယ် အိမ်ကပဲ သမီး ပြန်အလာကို စောင့်ပါဖေဖေရယ်”

“ ငါ့သမီးလေး ပြန်လာမှာ သိပေမယ့် မြန်မြန်တွေ့ချင်လို့ပါကွယ်”

ဖေဖေ့ရဲ့ ဝမ်းနည်းဟန်စွက်နေတဲ့ စကားသံအောက်မှာ ကျွန်မ မျက်ရည်ဝဲမိရပြန်သည်။

“ ဖေဖေ အသက်ကြီးပြီလေ။ သမီးကို တင်မနင်းနဲ့တော့နော် ”

“ သမီးလေးအတွက် ဖေဖေ့မှာ အားတွေရှိပါသေးတယ်ကွ။”


ကျွန်မတားသော်လည်း ဖေဖေက စက်ဘီးပေါ်တင်နင်းမြဲပါပဲ။ နှစ်ပေါင်းများစွာ ကြာသည်အထိ ဖေဖေ့၏ ကျွန်မအပေါ် ထားသည့် မေတ္တာနှင့် အကြွင်းမဲ့ ချစ်ခြင်းက မပြောင်းမလဲ ရှိနေအုံးမည်။ ဘယ်အခါမှလည်း ပြောင်းလဲသွားမည်ဟု မထင်ပေ။


ဒီလိုနှင့် လုပ်ငန်းခွင်ရှိသောမြို့ပြနှင့် ဖေဖေမျှော်နေမည့် ကျွန်မ၏ နယ်မြို့ကလေးကို ကူးချည်သန်းချည်လုပ်ရင်း ကျွန်မလည်း လုပ်သက်လေးရခဲ့သည်။ နောက်ပိုင်းမှာတော့ လုပ်ငန်းခွင် အခြေအနေအရရယ် ကျွန်မကိုယ်တိုင် မြို့ပြမှာ ပျော်ဝင်နေမိတာတွေရယ်ကြောင့် နယ်မြို့ကလေးထံ တော်တော်နှင့် မပြန်ဖြစ်ခဲ့။ အိမ်ကိုထည့်သည့် စာတွေမှာလည်း “ဖေဖေရေ ဒီတစ်လတော့ ပြန်မလာဖြစ်ဘူးထင်တယ်။ အလုပ်တွေ များနေလို့။” ဆိုသည့် စာကြောင်းတွေပဲ ထပ်ထပ်လာနေခဲ့၏။ ကျွန်မ၏ မြို့ကလေးထံကို ပြန်မရောက်ဖြစ်သည်မှာ ကြာသွားခဲ့သည်။


ထို့နောက်ပိုင်း ကျွန်မ၏လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်လာတာကြောင့် အလုပ်ကရသည့် ဆုကြေးငွေများနှင့် ကျွန်မစုဆောင်းထားသည့် ငွေလေးကို ပေါင်းစပ်ကာ ကားတပါတ်ရစ်လေးတစ်စီး ဝယ်လိုက်တော့သည်။ အဓိကရည်ရွယ်ချက်ကတော့ အချိန်မရွေး ဖေဖေ့ထံ ပြန်လို့ရအောင်ဖြစ်သည်။ ကားလေးရှိလျင် ဖေဖေလည်း ကျွန်မကို စက်ဘီးနှင့် လာကြိုစရာ မလိုတော့ဘူးဆိုသည့် အတွေးက ရှေ့ဆုံးက ပါဝင်ပါသည်။ ဖေဖေကို ကားပေါ်တင်ပြီး မြို့ကလေးထဲမှာ လိုက်ပတ်မယ်လို့ တွေးထားမိသည်။ မော်တော်ကားလေးကို မြင်လျင် ဖေဖေ ပျော်သွားမည် ထင်ပါသည်။


ကားဝယ်ပြီးသည့်နောက် လူကြုံနှင့် ဒီတပါတ် စနေ အိမ်ပြန်လာခဲ့မယ်လို့ ဖေဖေ့ကိုမှာလိုက်သည်။ ဖေဖေ့စိတ်ကို သိနေတာကြောင့် ဘူတာရုံကို လာမကြိုဖို့ အိမ်ကပဲစောင့်နေဖို့ အထပ်ထပ်အခါခါ မှာလိုက်သေး၏။ စနေနေ့ရောက်တော့ ဝယ်ထားတဲ့ ကားလေးမောင်းပြီး အိမ်ပြန်လာခဲ့တော့သည်။ ကျွန်မပြန်လာနေကျ ဘူတာရုံလေးနားရောက်၍ သတိတရ ကြည့်လိုက်ချိန်မှာ ဖေဖေကို ဘူတာရုံဘေးက အပင်ကြီးရဲ့ အမြစ်တွေပေါ်တွင် ကျွန်မပြန်အလာကို ထိုင်စောင့်နေသည်ကို တွေ့လိုက်ရ၏။ ဘေးတွင်တော့ ငယ်ငယ်ကတည်းက ကျွန်မကို တင်နင်းခဲ့သည့် စက်ဘီအိုလေး ရပ်လျက်သားဖြစ်သည်။


ဆံပင်တွေဖြူနေပြီး မျက်မှန်ကိုင်းအနက်လေးကို တပ်ကာ ရထားဝင်လာချိန်နီး၍ ဘူတာရုံ အပေါက်ဝကို ငေးစိုက်ကြည့်နေသည့် ဖေဖေ့ကို တွေ့ရသဖြင့် ကျွန်မစိတ်မကောင်း ဖြစ်သွားမိသည်။ လာမကြိုဖို့ ပြောထားလျက်နှင့် ဖေဖေ စောင့်နေသည်ကို တွေ့သဖြင့် ကျွန်မဝမ်းနည်းမိ၏။ ယခုလို အသက်အရွယ် ကြီးရင့်နေချိန်မှာတောင် ကျွန်မကို ကလေးတစ်ယောက်လို စက်ဘီးပေါ်တင်ပြီး နင်းချင်နေသေးသည့် ဖေဖေ့မေတ္တာကို ကျွန်မခံစားလိုက်ရသည်။ တကယ်တော့ ဖေဖေအနေနှင့် သူတစ်ယောက်ထဲတောင် စက်ဘီးကြာကြာနင်းဖို့ မသင့်တော့သည့် အရွယ်ရောက်နေခဲ့ပြီ။ ကျွန်မ ချက်ချင်းပဲ ကားပေါ်က ဆင်းကာ ဖေဖေကို ပြေးဖက်လိုက်မိ၏။


“ ဖေဖေ စောင့်နေတာ ကြာပြီလား ”

“ မကြာသေးပါဘူး သမီးရဲ့”


“ ဒါ သမီး ပိုက်ဆံ စုပြီး ဝယ်လိုက်တဲ့ ကားလေ ဖေဖေရဲ့။ လှတယ်မဟုတ်လား။ လာ...ဖေဖေ...လာ ကားပေါ်တက်။ သမီးတို့ ကားကြီးမောင်းပြီး တူတူ ပြန်ကြမယ်။ ”


ကျွန်မက ဝမ်းသာ အားရနှင့် ကားလေး၏ ဘေးတစ်ဖက်ကို ပုတ်ပြရင်း ခပ်မြူးမြူးလေး ပြောလိုက်သည်။


ဖေဖေက ကျွန်မ စီးလာသည့် ကားလေးကို သေသေချာချာ ကြည့်၏။ ကားဘောနပ်လေးကို လက်ကလေးနှင့် ပွတ်၏။ ထို့နောက် စက်ဘီးဒေါက်ကို ဖြုတ်ပြီး


“ သမီး ညည်းကားကြီး မောင်းလိုက်လာခဲ့။ ”


ဖေဖေက ကျွန်မ မောင်းလာသည့် ကားပေါ်ကို မတက်ဘဲ ကျွန်မ ကားရှေ့မှ စက်ဘီးလေးကို ဖြေးဖြေးချင်း နင်းသွားခဲ့သည်။ ပြန်မလာတာ ကြာလို့ ကျွန်မကို ဖေဖေ စိတ်ကောက်နေတာဖြစ်မည်လို့ တွေးမိလိုက်တာကြောင့် ကျွန်မပြုံးလိုက်မိသည်။ အိမ်ရောက်မှပဲ ချော့ရတော့မည်။ ဖေဖေက ကျွန်မ တစ်ခွန်း နှစ်ခွန်း ပြောလိုက်ရုံနဲ့ စိတ်ကောက်ပြေမယ်ဆိုတာ သိနေပါသည်။


အိမ်ပြန်လမ်းမှာ ကျမကားကို ဖေဖေ့ စက်ဘီးလေး၏ အနောက်က တဖြည်းဖြည်း မောင်းပြီး လိုက်လာခဲ့သည်။ အားစိုက်နင်းလိုက်တိုင်း ရှေ့ကို ကုန်းကုန်းသွားသည့် ဖေဖေ့ ကျောပြင်လေးကို ကြည့်ရင်း ဘာကြောင့်မှန်းမသိ ကျွန်မ ဝမ်းနည်းမိလာသည်။ အိုမင်းရင့်ရော်မှုတွေနှင့် ဖေဖေ့ကို မြင်ရသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ လမ်းအနည်းငယ် ကျယ်သည့်နေရာ ရောက်တာကြောင့် ဖေဖေ့ စက်ဘီးဘေးနားကို ယှဉ်ကပ်လိုက်သည်။ ကျွန်မကို ဖေဖေပြုံးလျက် လှည့်ကြည့်၏။ ဖေဖေ့ နဖူးမှာ ချွေးစလေးတွေနှင့် ။ ကျွန်မ အရှေ့ခပ်လှမ်းလှမ်းမှာ ကားရပ်ကာ ဖေဖေ့ကို စောင့်နေလိုက်သည်။


“ ကားပေါ်တက်ပါဖေဖေရယ်။ ဘာလဲ...ဖေဖေက သမီးပြန်မလာတာ ကြာလို့ စိတ်ဆိုးနေတာလား။ ဒါမှမဟုတ် ဖေဖေ့ရဲ့ စီးတော်ယာဉ်ကြီး ပျောက်မှာစိုးလို့လား။ ခဏနေမှ တစ်ယောက်ယောက် လာယူခိုင်းလိုက်မယ်လေ”


ဖေဖေစိတ်ဆိုးပြေစေရန် ကျွန်မက ခပ်မြူးမြူလေး ပြောလိုက်သည်။ ဖေဖေက နဖူးစက ချွေးစက်များကို လက်ခုံဖြင့်သုတ်ရင်း..


“ ငါ့သမီးလေးကို ဖေဖေ စိတ်မဆိုးပါဘူးကွယ်။ စက်ဘီးပျောက်မှာ ကြောက်လို့နင်းနေတာလည်း မဟုတ်ပါဘူး။”


“ဒါဆို ဘာဖြစ်လို့ ကားပေါ်မတက်ဘဲ စက်ဘီးကို အားစိုက်နင်းနေရတာလဲ”


ကျွန်မ မေးခွန်းဆုံးတော့ ဖေဖေက ကျွန်မဘက်ကို ငဲ့ကြည့်သည်။ ထို့နောက် တချက်ပြုံးလိုက်ပြီး


“ ဖေဖေခုလို စက်ဘီးနဲ့ ရှေ့ကနင်းပြီး ပြန်ရတာဘာကြောင့်လဲသိလား”


“ဘာလို့လဲဖေဖေ ”


ဖေဖေက ကျွန်မခေါင်းလေးကို တချက်ပွတ်ရင်း ပြန်ဖြေသည်။


“အိမ်ပြန်လမ်းကို သမီး မေ့နေမှာစိုးလို့ပါ”


ထို့နောက် ဖေဖေ သူ့စက်ဘီးလေးပေါ်တက်ပြီး ရှေ့ကဆက်နင်းသွားသည်။ ဖေဖေ့ စကားသံတွေ အထပ်ထပ် ကြားယောင်ပြီး ကျွန်မ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာတော့၏။ ကျွန်မက မြို့ပြရဲ့ ခေတ်မှီမှုမှာ ပျော်ဝင်နေချိန် ဖေဖေ ကျွန်မကို သိပ်လွမ်းနေခဲ့မှာပဲလေ။ ကျွန်မ အိမ်ရောက်ရင်တော့ ဖေဖေ့ကို လေးလေးနက်နက် ပြောရမည့်စကားတခွန်း ရှိနေခဲ့ပါပြီ။ အဲဒါကတော့....


“ သမီး အိမ်ပြန်လမ်းကို ဘယ်တော့မှ မမေ့ပါဘူးဖေဖေ ”

ချစ်ခင်လေးစားစွာ

မြတ်မွန်

39 comments:

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်..
အိမ်ပြန်လမ်းကို မမေ့ဖို့အရေးကြီးတယ်..

မေပယ်လ် said...

“ အိမ်ပြန်လမ်းကို သမီး မေ့နေမှာစိုးလို့ပါ”
ဆိုတဲ့ ၀ါကျနဲ့
သမီးအိမ်ပြန်လမ်းကို ဘယ်တော့မှ မမေ့ပါဘူးဖေဖေ..။
ဆိုတဲ့ ၀ါကျနှစ်ကြောင်းမှာ
ဆွဲအားတွေ ပါနေတယ်..။
မဝေခွဲတတ်ပေမယ့် ကြေကွဲစရာတော့လည်း မဟုတ်ပေဘူး..။

သိင်္ဂါကျော် said...

တစ်နေ့တော့ အိမ်ကိုပဲ ပြန်ကြတာ ကောင်းပါတယ်..

PhyoPhyo said...

မွန်ရေးထားတာ ကောင်းလိုက်တာ၊
အိမ်ကအဖေနဲ့ တစ်ပုံစံတည်းပဲ၊ အဖေကလည်း ဘယ်သားသမီးလာလာ ဘယ်အချိန်ဖြစ်ဖြစ် ဘူတာကစောင့်စောင့်နေတာပဲ၊
ချစ်စရာကောင်းတဲ့ ၀တ္တုတိုလေးပဲ၊
ချစ်တဲ့

ဖိုးကြယ် said...

မွန်ရေ....အဖေနဲ့သမီးရဲ့ Post လေးရဲ့နောက်ဆုံးမှာ ပြောသွားတဲ့စကားလေးတွေက ရင်ထဲမှာ ခံစားမိတယ်ဗျာ ။

ခင်တဲ့(ဖိုးကြယ်)

မြသွေးနီ said...

ညီမရေ...
ကောင်းလိုက်တာနော်...။
၂ခါပြန်ဖတ်မိတယ်။ စက်ဘီးလေးနဲ့ဆိုတော့ အဖေ့ခါးကို ဖက်ထားလို့ရတယ်။ စကားတွေလည်း ဖောင်ဖွဲ့လို့ရတယ်။ လေတွေကလည်း တိုးနေတော့ ပျော်စရာ။ အရှေ့က စက်ဘီးစီးသွားတဲ့ အဖေ့စိတ်ထဲ ၀မ်းသာဝမ်းနည်းဖြစ်နေမှာကို စာဖတ်ရင်း သိလိုက်တယ်။

ahphyulay said...

အင်းလေ..
မိဘ ဆိုတာကတော့  သားသမီးတွေကို
အမြဲတန်းငယ်နေတတ်တာပါ၊ သူတို့ ထက်အမြဲငယ်နေရင်း
နဲ့  နေဝင်ချိန်ကို ရောက်သွားခဲ့ ရှာတာပါပဲ။
ပြောချင်တာ... မြစ်ရေ တို့ မည်သည်....။

ချော(အစိမ်းရောင်လွင်ပြင်) said...

အဖေ ရှေ့ကနေမောင်းမဲ့ ဒီလိုစက်ဘီးလေး စီးချင်လိုက်တာ ညီမရေ။
ပိုစ့်လေးက ချစ်စရာကောင်းလိုက်တာ
မျက်စိထဲတောင် မြင်ယောင်မိတယ်..
လူတိုင်း မမေ့သင့်တဲ့ အိမ်အပြန်လမ်းပါဘဲ။
သားသမီးတွေပြန်အလာကို မိဘတိုင်းက စောင့်ကြိုနေတတ်ကြတယ်နော်။ မပြန်လာဖြစ်ရင် တမျှော်မျှော်နဲ့။
သားသမီးတိုင်း ညီမပိုစ့်လေးထဲကလို အိမ်ပြန်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်..
ကိုယ်တိုင်လည်း အိမ်ပြန်ချိန်ကို အမြဲ မျှော်လင့်နေမိတာပါဘဲ ညီမလေးရေ။

sosegado said...

အိမ်ပြန်လမ်းကို မေ့ချင်နေတယ်သူတွေအတွက် ဒီဝထ္ထုလေးက တန်းဘိုးရှိတယ်
မချောပြောသလိုပဲ အများအားဖြင့် သားသမီးတွေပြန်အလာကို မိဘတိုင်းက စောင့်ကြိုနေတတ်ကြတယ်ပါတယ်။

ကိုဇော် said...

အခုတလော မွန် ရေးထားတာတွေ အဲဒီလို ခံစားချက်လေးတွေနဲ့ ပါလား။ အဖေအပေါ်မှာ သက်ဝင်လှတဲ့ မေတ္တာလေးတွေ ပုံဖော်လှချည်လား။
ဘယ်လိုပဲ ဖော်ဖော် လှပပါတယ်။

အိမ်အပြန်ကတော့ မိုးချုပ် မီးမှောင် လတွေ ခြင်ထောင် ထောင်ရင်တောင်မှ မမေ့ပါဘူးဗျာ။

Anonymous said...

အော်..
အိမ်အပြန်လမ်း...
အိမ်အပြန်လမ်းမှာ ပျော်ရွှင်ခြင်းများ တလုံးတခဲကြီးရပါစေ မွန်...

ရင်းနှီးစွာဖြင့်
စိုင်း

Anonymous said...

ဖတ်လို့ ကောင်းလိုက်တာမွန်ရေ.. ရေးတတ်လိုက်တာ
နောက်ဆုံးစာကြောင်းလေးက တကယ်ထိတယ်နော်..

ချစ်တဲ့
ယွန်း

အင်ကြင်းသန့် said...

မွန်ရေ....မွန်ရေးထားတဲ့ လှပတဲ့ မိဘမေတ္တာဖွဲ့ ၀တ္ထုလေးကိုဖတ်ပြီး ဂျင်းရဲ့ဖေဖေကို သတိရသွားတယ်။ ဟုတ်တယ် ဘယ်သူမဆို ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်လိုအခြေကိုပဲရောက်နေနေ အိမ်ပြန်လမ်းလေးကိုတော့ ဘယ်တော့မှ မမေ့သင့်ပါဘူး။

မြစ်ကျိုးအင်း said...

ဇာတ်လမ်းက ရိုးရိုးလေးပဲ..။ လှိုက်လှဲတဲ့ အရေးအသားနဲ့ ဖခင်မေတ္တာကို ပေါ်လွင်အောင် ရေးနိင်လို့ အဖေဖြစ်သူ ပြောလိုက်တဲ့ နေရာမှာ ဖတ်ရတာ ငြိမ့်ခနဲ ဖြစ်သွားတယ်။

မြစ်ကျိုးအင်း said...

ဒါမျိုးလေးတွေ ထပ်ရေးပါအုံး
ရသ စာပေ ပိုပြီး များလာစေချင်လို့

Shwe Thiri Khit said...

ရေးထားတာလေးအရမ်းကောင်းတာပဲ... အိမ်ကိုသတိရတယ်။ ရင်ထဲအရမ်းလည်းခံစားရတယ်။

ညီမpageကိုလာဦးနော့ free ecard နဲ့ Halloween ကျင်းပပြီ :)

blackroze said...

အမွန်ရာ..
ကောင်းလိုက်တာကွာ..
ကျမဖြင့်လေဖတ်ပြီးတော့မျက်ရည်တောင်
ဝဲမိသွားတယ်..
ကျမလဲအိမ်အပြန်လမ်းကိုဘယ်တော့မှ
မမေ့ဘူး..အမြဲဘဲသတိရနေတယ်..

ဘရာဗို said...

အဖေ

အိမ်ပြန်လမ်း..

စက် ဘီး

Kyaw Hnin Se Lwin said...

တကယ့်အဖြစ်ပျက်လေးနဲ့တူတယ်နော်
ခံစားရတယ်

Khinmarlaraung said...

ဖတ်နေရင်း..ဖတ်နေရင်း ရင်ထဲမှာခံစားလာရတာက
ဖခင်နဲ့ သမီးငယ်လေးရဲ့ နွေးထွေးမှုအပေါ် အားကျမှု၊
ပြီးတော့ အိမ်ကိုလွမ်းဆွတ်မှုနဲ့ အတူ...
ကိုယ့်ကိုကိုယ် ပြန်မေးနေခဲ့တာက...
ငါ့ရဲ့ အိမ်ပြန်လမ်းလေးကကောလို့ ...တွေးရင်း..
..ခင်မင်လျှက်..ခင်မာလာအောင်..:)

blackcoffee said...

မိဘမေတ္တာဆိုတာ တုနှုန်းမှီဘူးတဲ့။ အချိန် ဘယ်လောက်ကြာကြာ ဘယ်လောက်အို သွားသွား မိဘမေတ္တာကတော့ မပြောင်းလဲ ပါဘူးလေ။ မွန်က အဖေကိုတော်တော်ချစ် တယ်နော်။ ဒါပေါ့လေ အဖေတွေက သမီးကို ပိုချစ်သလို သမီးတွေက အဖေကို ပိုချစ်တာက မဆန်းပါဘူးလေ.....
ပိုစ့်ကောင်းလေးတစ်ပုဒ်ပါသူငယ်ချင်း.....

ပေါ့ဆိမ့် said...

မွန်ရေ...
ရေးထားတာလေး ဖတ်ရတာ ရင်ထဲစို့တတ်လာ သလိုပဲ.. အဖေကို တင်မဟုတ်ပဲ အမေကိုပါ သတိရသွားတယ်...
အမေက လမ်းထိပ်ထိ လာကြိုနေကြမို့ပါ ..

သော်ဇင်စိုး said...

အရမ်းလှလိုက်တာဗျာ.. စက်ဘီးနင်းသွားတတ်တဲ့ ကျွန်တော်အဖေကို သတိရမိတယ်.. အိမ်အပြန်လမ်းပေါ့နော်..
ဟုတ်တယ်..ဗျာ.. အိမ်ပြန်လမ်းကို မမေ့သင့်ဘူး

သော်ဇင်စိုး said...

အမရေ.. အဲဒီပို့ကို ကော်ပီကူးသွားပါရစေ.. တစ်ခြားနေရာမှ မတင်ပါဘူး.. ကျွန်တော် အဖြစ်လေးနဲ့ တူနေလို့ အမှတ်တရ သိမ်းထားချင်လို့ပါ..

Anonymous said...

အရေးအသားကော ရေးထားတဲ့ရည်ရွယ်ချက်လေးကောတကယ့်ကို နူးညံ့စရာပဲဗျာ ...။

Nyalynneain

အနမ်း said...

ဝတ္ထုတိုလေးအတော်ကောင်းတယ်..တကယ့်အဖြစ်လေးပဲလား

nyeinsoe said...

အိမ်ပြန်လမ်း ကို မမေ့သူဟာ ကိုက်လမ်းမှာတော့ ဝေဒနာရပါတယ်။ဒါပေမယ့် လူသားမှာတော့ သတိနှင့် အသိ တွဲစပ်လို့ လမ်းသိသူဟာ မိသားစု စိတ်ရှိနေတာ ကြောင့် လမ်းမှန်ရောက်သူသာ ဖြစ်ပါလိမ့်မယ် ...
ငြိမ်းစိုးဦး

A Reader said...

အရမ်းကောင်းတယ်။ နောက်ဆုံးခန်းမှာ ပေးချင်တဲ့ မက်စေ့လေးလည်း အရမ်းကောင်းတယ်။ Additional အနေနဲ့ ၀ယ်လာတဲ့ ကားကြီးကို လမ်းဘေးထိုးရပ်ပြီး ချက်ချင်း အဖေ့စက်ဘီးပေါ် ခုန်တက်လိုက်ပါသွားရင်.. ပိုလှမယ်။

မိုးခါး said...

ငိုရပါပြီကော ...း((

အဲဒီလိုဆန်ဆန် ကိုရီးယားလား တရုတ်လား ဗီစီဒီတပုဒ် ကြည့်ဘူးတယ် .. အဲ့တုန်းကလည်း ငိုရတယ် ..း(

ခနွဲ said...

အိမ်ပြန်လမ်းကို မေ့မှာစိုးလို့ပါလို့ပြောတဲ့နေရာမှာ လှိုက်ခနဲ ခံစားသွားရတယ်။

Anonymous said...

အိမ်ပြန်လမ်းကို မမေ့ပေမယ့် မေ့ချင်ယောင်ဆောင်ထားရတဲ့ဒုက္ခ ......
အကောင်းဆုံးဆုရပါစေလို့....

zin said...

အဝေးရောက်နေကြတဲ့ သားသမီးတွေကိုလည်း ကျန်ခဲ့တဲ့ မိဘတွေက အမြဲလွမ်းနေမှာပါပဲ

မြန်မာအွန်လိုင်းဘလော့ဂ္ဂါများအသင်း said...

ဖတ်ရင်းနဲ့ အဖေ့ကို လွမ်းသွားမိတယ်ရှင်။ တကယ် ခံစားရပါတယ်။ ရှင်းရှင်းလေးနဲ့ ရသမြောက်အောင်ရေးသွားတာ တကယ်ကောင်းတယ်ရှင်။ နောက်ကိုလည်း ပို့စ်ကောင်းလေးတွေ များများရေးပြီးတင်ပေးပါဦးလို့.....

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

ဆိုက်အသစ်လေးဖြစ်တဲ့ www.moba4all.org မှာလည်း လာရောက်ပြီး ပို့စ်တွေ မျှဝေ ရေးသားပေးဖို့ ခင်မင်ရင်းနှီးစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။

စုစု said...

အရမ်းကောင်းပါတယ်။ ကျွန်မ ဖေဖေလည်း ကျွန်မတို. ဘွဲ.ရ၊ အလုပ်ရ တဲ့ အထိ လိုက်ပို.တုန်း။ တောတော့မဟုတ်ပေမယ့် အိမ်ကနေ ကားဂိတ်အထိ အပို.အကြို အမြဲလုပ်ပေးတယ်။ ပြန်တွေးတိုင်း အောက်မေ့တယ်။ သတိရတယ်။ အခု သူအသက်ကြီးလည်း လိုက်ပို.တုန်းပဲ။ ဘယ်သွားချင်သွားချင် မငြီးမငြူ လိုက်ပို.ပေးတဲ့ ဖခင်မေတ္တာဟာ ဘာနဲ.မှ နှိုင်းလို.မရပါဘူး။ အခုရေးထားတဲ့ ဝထ္တုထဲက ဇာက်ကောင်ထက် ကျွန်မဖေဖေ မေတ္တာ ပိုနိုင်တယ်ထင်မိတယ်။ ကျွန်မကိုလာကြိုတဲ့တစ်နေ. လမ်းမှာ စက်ဘီးချင်းတိုက်မိလို. သူကိုယ်မှာ ဒဏ်ရာတွေ ရနေတာတောင် ကျွန်မ အပြန် ကို ဒဏ်ရာတွေ အနာတွေကို ဂရုမစိုက်ပဲ စောင့်နေပေးတယ်လေ။

ကောင်လေး said...

အရမ်းကြိုက်တယ်ဗျာ......အိမ်ကိုတောင်တော်တော်လွမ်းသွားပီ......အိမ်ပြန်မရောက်တာ ၈ နှစ်လောက်ရှိပီ

နွေမိုး said...

ဆရာမ မြတ်မွန် -ခင်ဗျား
ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
အမှတ်စဉ်တပ်ပြီး လစဉ် တစ်လတစ်အုပ်ထုတ်ဝေသွားမှာဖြစ်ပါတယ်။
အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
လူကြီးမင်းရဲ့
မြတ်မွန်-၀က်ဆိုက်မှာဖော်ပြထားတဲ့
ဘယ်တော့မှမမေ့ပါဘူး--ကို နှစ်သက်တဲ့အတွက်
ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

nwaytamun@gmail.com

စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်-
နွေမိုး

နွေမိုး said...

ဆရာမ မြတ်မွန်- -ခင်ဗျား
ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
အမှတ်စဉ်တပ်ပြီး ထုတ်ဝေသွားမှာဖြစ်ပါတယ်။
အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
ဘာသာရပ်အလိုက်… ဘာသာရေး၊ ကျန်းမာရေး၊ အလှအပနှင့်ဖက်ရှင်၊ ၀တ္ထုတိုများ၊
ဟာသများ၊ ကဗျာ၊ ကာတွန်း…စသည်ဖြင့် တစ်အုပ်ချင်း စုစည်းထုတ်ဝေမှာဖြစ်ပါတယ်။
လူကြီးမင်းရဲ့ မြတ်မွန်-၀က်ဆိုက်မှာဖော်ပြထားတဲ့
-ဘယ်တော့မှ မမေ့ပါဘူး--ကို နှစ်သက်တဲ့အတွက်
ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

nwaytamun@gmail.com

စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်-
နွေမိုး

မြတ်မွန် said...

ကိုနွေမိုးရေ..ခုမှ ကြည့်မိတယ်..
အရမ်းအားနာလိုက်တာ..
ဒီအပုဒ်လေးကြိုက်တယ်ဆို ယူသုံးပါ ရပါတယ်ရှင်..။
လေးစားစွာ
မြတ်မွန်

shweyaminoo said...

ကောင်းတယ်...အရေးသားကောင်းတယ်ဗျာ...