ပျော်ရွှင်ခြင်းဆိုတာ...?


ဟိုတလောက သတင်းစာ တစ်ခုမှာ ထီပေါက်သွားတဲ့ လူတစ်ယောက် ရဲ့ဘဝအကြောင်း ဖတ်လိုက်မိတယ်။ အဲဒီသတင်းဖတ်ပြီးတော့ ထီနဲ့ပါတ်သတ်တဲ့ ကိုယ့်ခံယူချက်လေးကို တွေးမိသွားပါတယ်။ တကယ်တော့ ထီထိုးတာဟာ ကံစမ်းခြင်း တစ်ခုပါ။ ဒါပေမယ့် ကျွန်မ အဲဒီကံကို စမ်းသပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးတာ အမှန်ပါပဲ။ ဘာကြောင့်ဆိုတော့ ကျွန်မ ဘဝမှာ မိဘမုန့်ဖိုးပေးတာကလွဲလို့ ဘာကိုမှ အလကားရတယ် ဆိုတာ မရှိသလောက် ဖြစ်ခဲ့လို့ပါပဲ။ ကိုယ်လိုချင်တာကို ကိုယ်ဘာသာ ကြိုးစားမှ ရတာ ကျွန်မအတွက် ပုံသေနည်းတစ်ခု ဖြစ်နေပါပြီ ။

ကိုယ်ပိုင်ဆိုင်တာမှ ကိုယ့်ဥစ္စာလို့ မှတ်ယူထားတဲ့အတွက် ကျွန်မထီမထိုးဖြစ်ဘူး။ ဒီတော့ ထီပေါက်ရင်ဆိုတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ထီတကယ်ပေါက်လို့ ပျော်ရွှင်ရမယ့် ခံစားချက်တွေက ကျွန်မအတွက်တော့ တွေးရကောင်းမှန်းတောင် မသိတဲ့ ခံစားချက်တွေ ဖြစ်နေခဲ့တယ်။ သူငယ်ချင်းတွေ ထီပေါက်တဲ့အခါ ပျော်ရွှင်နေတာကို ကြည့်ပြီးလည်း ကျွန်မ အားမကျမိပါဘူး။ ငါလည်း ထီပေါက်ချင်လိုက်တာလို့ မတွေးမိတာ ကျွန်မကိုယ်တိုင်ရဲ့ မမက်မောတတ်တဲ့ စိတ်ကြောင့်ပဲ ထင်ပါတယ်။ ကိုယ်ကသာ ပေးချင်ကမ်းချင်တာ သူတစ်ပါးဆီက ရဖို့တော့ မျှော်လင့်ဖို့ဆိုတာ မပြောနဲ့ မိဘရဲ့ ပိုင်ဆိုင်မှုကိုတောင် မက်မောတတ်တဲ့သူ မဟုတ်ပြန်ဘူး။

ကျွန်မကို အတွေးပွားစေတဲ့ ထိုင်ဝမ်ရဲ့ နေ့စဉ်ထုတ် သတင်းစာမှာ ပါတဲ့သတင်းလေးက ထီပေါက်ထားတဲ့ လူတစ်ယောက်က သူ့ဘဝကို ငြီးငွေ့ပြီး အရက်တွေ သောက်ရင်း တစ်နေ့မှာ နှလုံးရောဂါနဲ့ သေဆုံးသွားတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ခုပါ ။ ထီပေါက်ပြီး ပိုက်ဆံတွေ အများကြီးရှိတာ ဘာလို့ ဘဝကို ငြီးငွေ့ရတာလဲလို့ ကျွန်မ စဉ်းစားမိတယ်။ ငွေရှိရင် အရာရာ ပြီးပြည့်စုံတယ် ဆိုရင် ဒီလူက ဘဝကို ငွေနဲ့ ပျော်ရွှင်အောင် မလုပ်နိုင်ဘူးလားလို့ အတွေးတွေ ဝင်လာပါတော့တယ်။

အသက် ၅၈အရွယ် ရှိတဲ့ အင်္ဂလန်က ကောင်းဖူး ဆိုတဲ့ လူတစ်ယောက်က ၂၀၀၅ ခုနှစ်တုန်းက အင်္ဂလန်ပေါင် ၉ သန်း ထီပေါက်ခဲ့တယ်။ သူက ယခင်က ပေါင်မုန့်လုပ်ဆရာ တစ်ဦး ဖြစ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေသူ တစ်ဦးပါ။ ထီပေါက်ပြီး ပိုက်ဆံတွေ ရှိလာတော့ သူ့ဘဝမှာ ဘာမှ လုပ်စရာ မလိုတော့အောင် ချမ်းသာလာတယ်။ ထီပေါက်တဲ့ ပိုက်ဆံနဲ့ BMW ကားအကောင်းစားတစ်စီးကို ဝယ်လိုက်တယ်။ အိမ်ကောင်းကောင်းနဲ့ နေပြီး အခိုင်းအစေတွေကို လခကောင်းကောင်းပေးထားတယ်။ မကြာခဏဆိုသလို မြင်းပြိုင်ပွဲ ဘောလုံးပွဲတွေ လောင်း လုပ်လေ့ရှိပြီး အလောင်းကစားသမားကြီး ဖြစ်လာတော့တယ်။

တကယ်တော့ ငွေကို စနစ်တကျ မသုံးတတ်တာလို့ ထင်မိပေမယ့် ကိုယ်တိုင်ထီပေါက်သူ မဟုတ်တော့ သူ့ရဲ့ ဖြစ်နေမယ့် စိတ်ကို ခန့်မှန်းရခက်ပါတယ်။ သူ့ဘဝမှာ တစ်ခါမှ မရှိဘူးတဲ့ ပိုက်ဆံတွေ အစုလိုက် အပြုံလိုက်ရလိုက်တော့ သူပျော်မယ်ထင်တာတွေ လုပ်ချင်တာတွေကို လုပ်တဲ့သဘောနဲ့တူပါရဲ့။ အလုပ်လုပ်ဖို့အတွက် ရင်းနှီးလိုက်တဲ့ ပေါင် ၇ သိန်းကိုလည်း သူများလိမ်တာ ခံလိုက်ရပြန်တယ်။ အဲဒီအခါမှာ ငွေနဲ့ပါတ်သတ်ပြီး လူတွေကို မယုံကြည်စိတ်တွေ စပြီး ဝင်လာတယ်။ စည်းစိမ်တွေကို ခံစားပြီး နေ့စဉ်နေ့တိုင်း နေလာတာကြာတော့ သူ့ဘဝကို သူ ငြီးငွေ့လာတယ်။ ပိုက်ဆံရှိပေမယ့် နောက်တစ်ကြိမ် ရင်းနှီးမြုပ်နှံဖို့လည်း သူကြောက်နေမိတာ ဖြစ်ကောင်းဖြစ်နိင်ပါတယ်။

ဒီတော့ အလုပ်မရှိတဲ့အခါ စိတ်ကူးတဲ့ရာ ဇိမ်ခံရင်း အရက်တွေသာ ဖိသောက်ရင်း အရက်သမားကြီး ဖြစ်လာတော့တယ်။ ၂၇နှစ် ကြာပေါင်းသင်းလာတဲ့ သူ့ဇနီးနဲ့လည်း ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ပြီး မကြာခင်မှာ လမ်းခွဲလိုက်ကြတယ်။ ယခင်က သူငယ်ချင်းအပေါင်းအသင်းတွေ များခဲ့ပေမယ့် ယခုပိုက်ဆံရှိလာတဲ့အခါကြတော့ ကောင်းတဲ့သူငယ်ချင်းအပေါင်းအသင်းတွေ သူနားမှာ မရှိကြတော့ဘူး။ သူကိုယ်တိုင်ကလည်း လူတွေကို မယုံတော့တာ ပါမှာပေါ့လေ။ သူပိုက်ဆံတွေ ရှိနေပေမယ့် မပျော်မရွှင်ဖြစ်လာတယ်။ ၂၀၁၀. ၃လပိုင်းမှာ သူဟာ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားခဲ့တယ်။ သူမှာ သားသမီး ၂ယောက်ကျန်ခဲ့တယ်။ အင်္ဂလန်ပေါင် ၁.၂၈သန်း အမွေထားခဲ့တယ်။

သူမသေဆုံးခင် ပြောသွားတဲ့ စကားလေးက ဘဝတွေရဲ့ ဆန်းကြယ်တဲ့ သဘောကို ထင်ဟပ်စေတယ် “ ကျုပ် ဘဝက ပိုက်ဆံတွေတော့ရှိပါတယ် ဘာမှ အဓိပ္ပါယ် မရှိတော့သလိုပဲခံစားရတယ်။ အဲတာကြောင့် ကျုပ် ပိုက်ဆံတွေ လျှောက်သုံးနေပေမယ့်လဲ ကျုပ်ဘဝကြီးကို ပျင်းစရာကောင်းလောက်အောင် ငြီးငွေ့လာတယ်လို့ ထင်မိတယ်။ အရင်က ထမင်းစားတဲ့အခါမှ အရက်ကလေး ဘာလေးသောက်တဲ့ အချိန်တုန်းက ကျုပ်မှာ သူငယ်ချင်းအပေါင်းသင်းတွေ များလို့ပေါ့။ ကျုပ် အခု ဘယ့်သူကိုမှ အယုံအကြည် မရှိတော့ဘူး။ အဲဒီတော့ ကျုပ်နားမှာ ဘယ်သူမှ မရှိတော့တာ မဆန်းပါဘူး။အဲတာကြောင့် ခင်ဗျားတို့ကို ပြောချင်တာက ကျုပ်လို မဖြစ်စေနဲ့ ။ ထီမထိုးကြပါနဲ့ ။ ” လို့ ပြောခဲ့တယ်။

ဒီသတင်းလေးကို ဖတ်ပြီး လူတစ်ယောက်မှာ အလုပ်လေးတစ်ခုရှိနေဖို့ အရမ်းအရေးကြီးတယ် ဆိုတဲ့ စိတ်ခံစားမှုလေး ဖြစ်ပေါ်လာတယ် ။ ကိုယ်လုပ်ချင်နေတာတွေ လုပ်နေရတယ်ဆိုရင် ကိုယ့်ဘဝမှာ အေးချမ်းပျော်ရွှင်နေမှာ သေချာပါတယ်။ ငွေတွေ အများကြီးရှိပြီး ပစ္စည်းဥစ္စာကို စိုးရိမ် ပူပန်နေရတဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး ။ ပိုက်ဆံရှိတိုင်းလဲ စိတ်ချမ်းသာမှုမရသလို စိတ်ချမ်းသာမှုဆိုတာလဲ ပိုက်ဆံတွေ အများကြီး ရှိနေမှ မဟုတ်ပါ။ တကယ်တော့ ချမ်းသာခြင်း၊ဆင်းရဲခြင်းဆိုတာ လူတွေရဲ့ တောင့်တမှုနဲ့ သူတို့ရရှိလာတဲ့ ပျော်ရွှင်မှု အချိုးအစားကို တိုင်းရတာ မဟုတ်လား။

ချစ်ခင်လေးစားစွာ
မြတ်မွန်

Comments

ဘဝရဲ့သင်္ခန်းစာလေးတခု အဖြစ် မှတ်ယူသွားတယ် ညီမလေးရေ..
အမှန်ပဲ။
ဘယ်လောက်ပဲ ချမ်းသာနေပါစေ အလုပ်ကတော့ လုပ်မှာပဲ။ ချမ်းသာချင်စိတ်ကတော့ ပြင်းပြပါတယ်။ ဒါပေမဲ့ ဒါတွေက လိုအပ်နေတဲ့ နေရာတွေ စိတ်ဖိ ကိုယ်ဖိ လှူချင်လို့။ ဒါကြောင့်သာ ချမ်းသာ ချင်တာ ၊ ကိုယ့်အတွက် ဆိုရင်တော့ မလိုဘူး။ ရောက်ရာ နေရာမှာ ပျော်ပျော်နေတတ်တယ်။

ဂွတ်ထ...ပို့စ်...
ပိုက်ဆံချမ်းသားတိုင်းလည်း စိတ်ချမ်းသာမှုကိုမရနိုင်ဘူးဆိုတာ တကယ်ကို ယုံကြည်လက်ခံပါတယ်..
ဘာလို့ဆို မေတ္တာကို ငွေနဲ့ ၀ယ်လို့ မရနိုင်သလို စေတနာတို့ အကြင်နာတို့ဆိုတာလည်း ငွေပေးလို့မှ မရတာနော်
ပြီးတော့ ငွေဆိုတာ လူရဲ့ စိတ်ကိုပြောင်းလဲစေတယ်။။
ဒါကြောင့်လည်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေးကွာကုန်ကြတယ်..
အစ်မလည်း ဘယ်တော့မှ ထီမထိုးဘူး
အလကားရမဲ့ ကံဇာတာ မပါဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်လို့ ......... ဟီး ကံက ဒီလောက်ကောင်းတတ်တာ..
ပိုစ့်လေးက ကောင်းလိုက်တာ တွေးစရာလေးတွေ ပေးသွားတယ်..
Anonymous said…
right !!
ပိုက်ဆံချမ်းသာသူတိုင်းစိတ်ချမ်းသာပျော်ရွှင်မှုကို
မရကြပါဘူးညီမရေ။
ငွေဆိုတာမရှိတောင့်တ၊ရှိကြောင့်ကျပါနော်။
သင်ခန်းစာယူစရာပါ။
SHWE ZIN U said…
အင်း ညီမ ရေ

စဉ်းစား စရာတွေပေါ့နော် ပိုက်ပိုက် တွေ အဲလိုရှိလာရင် ဘယ်လို အသုံးချမလည်း ဆိုတဲ့ အပေါ် မှာ လည်း စိတ်ချမ်းသာမှု့ က မူတည်မယ် ထင်ပါတယ် အမ တော့ ထီတခါလောက် ပေါက်ချင်တယ် ကမ္ဘာပတ်ချင်လို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး
လူတိုင်းလူတိုင်းပျော်နေကြရင် သိပ်ကောင်းမှာပေါ့။
ပျော်ရွှင်မှုနဲ့ ပိုက်ဆံပေါ့ဗျာ.. ဘယ်လိုများဆက်စပ်နေလဲဆိုတာ.. ခဏခဏတွေးဖြစ်တယ်..
အဲဒီမှာက ဘာတွေ့လာရလဲဆိုရင်.. လူဟာ ၀င်ငွေများလာတာနဲ့အမျှ ကိုလုပ်ချင်တာ လုပ်လာနိုင်တယ်.. ၀ယ်ချင်တာကို ၀ယ်နိုင်လာတယ်.. ဒီတော့ လူတွေက ရုပ်ဝတ္ထုပစ္စည်းတွေများမှ ပျော်ရွှင်မယ်လို့ ယုံကြည်ကြပြီး ပိုက်ဆံရှာကို ဖိရှာကြတယ်.. အဲဒီထဲမှာ ကျွန်တော်လည်းအပါအ၀င်ပါပဲ..
ဒါပေမဲ့ ပိုက်ဆံတွေ များလာရင်ရော ပျော်ရွှင်သွားသလားလာမေးရင်တော့ မပျော်သေးဘူးလို့ပဲပြောရမှာပဲ..
ကျွန်တော့် ယုံကြည်ချက်လေးတစ်ခုပြောချင်တယ်အမ.. ကျွန်တော့် ကိုယ်ပိုင်မဟုတ်ပါဘူး.. စာအုပ်တစ်အုပ်မှာဖတ်ဖူးတာပါ.. ပိုက်ဆံရှာရာမှာ အမှတ်တစ်ခုရှိတယ်လို့ ကျွန်တော်ယူဆတယ်.. ဥပမာဗျာ.. ၀င်ငွေကို x လို့ထားပြီး ပျော်ရွှင်မှုကို y လို့ထားပြီး.. ကျွန်တော်တို့ ဂရပ်တစ်ခုဖန်တီးလိုက်တယ်ဆိုပါစို့..
ဝင်ငွေ x.. များလာတာနဲ့ ပျော်ရွှင်မှု y ဟာ တိုးလာလိမ့်မယ်.. ဒါပေမဲ့ အဲဒီမှာ ကိုယ့်အပျော်ဆုံးနေရာကို အမှတ် a လို့ အမှတ်တစ်ခုပေးလိုက်တယ်ဆိုပါစို့..
နောက်ပိုင်း ၀င်ငွေ x တိုးလာတော့ရော.. ပျော်ရွှင်မှု y နဲ့ တိုက်ရိုက်အချိုးကျသေးလား ဆိုတာကို ခုနက အမှတ် a ကပြလိမ့်မယ်..
ကြာလာတော့ ၀င်ငွေ x တိုးလာပေမဲ့ y က တက်မလာပဲ.. ကျသွားတာတောင်ရှိတတ်ပါတယ်.. ဒါကြောင့်လည်း တိမ်ညွှန့်စားပြီးလရထားစီးနေတဲ့ သူတွေရဲ့ ရွှေပန်းကန်ပေါ်ကျတဲ့ မျက်ရည်တို့ ဆိုတာဖြစ်လာတယ်ထင်တယ်.. ကျွန်တော်တို့ အမှတ် a ကိုရှာကြပါစို့..
ပျော်ရွှင်ခြင်းအကြောင်းမကြာခဏတွေးမိလို့ ကော့်မန့် ရှည်သွားပါတယ် အမရယ်..
ပျော်ရွှင်ပါစေဗျာ..
အို....... ဂွတ်ထ
ကောင်းလိုက်တဲ့ ရသပေးလေး မွန်ရေ
အတွေးအရေးလေး အနှစ်ကျတယ်....
ချမ်းမြေ့ပါစေ ဒေါ်ဦးမွန်။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
Shwe Thiri Khit said…
ဘ၀ အတွက် မှတ်ယူစရာသင်ခန်းစာပဲပေါ့။

အားပေးလျက်
ကောင်းတယ်မြတ်မွန်.......
ကိုဏီးဆိုရင် ပိုက်ဆံတွေအများကြီးမလိုချင်ဘူး......။
စာတွေပဲ အများကြီးရေးချင်တာလေ.....။
ကိုယ့်စိတ်ပျော်ရွှင်မှုရှိစေတဲ့ ၀ါသနာတစ်ခုခုလည်း......လူတိုင်းမှာ လိုအပ်မယ်ထင်သေးတယ်နော့်ဗျ.......။

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို
ပိုက်ဆံဆိုတာ ရှိတိုင်းလည်း ပျော်ရွှင်နိုင်တာမဟုတ်ပါဘူး။ အကျိုးရှိရှိ အသုံးချတတ်မှသာ လူကိုစိတ်ချမ်းသာမှုရစေနိုင်မယ့်အရာလို့မြင်မိတယ်။
ဂျင်းလည်း ပိုက်ဆံတွေအများကြီးမချမ်းသာချင်ဘူး။ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀မျိုးလေးကိုပဲ လိုချင်တယ်။

မွန်လည်းပျော်ရွှင်ပါစေ....

ချစ်တဲ့
ဂျင်း
Unknown said…
အစ်မရေ ဒီပိုစ့်လေးက တကယ်သင်ခန်းစာရစေပါတယ် ချဲထိုး၊ လောင်းကစားလုပ်၊ နှစ်လုံးထီ၊ ထီ တွေ အရမ်းခေတ်စားနေတဲ့ အစ်မတို့ ညီမလေးတို့ မြန်မာနိုင်ငံပြည်သူတွေ ပိုပြီးဖတ်သင့်တယ်နော်
မွန်ရေ...အသုံးကျမှုနဲ့ အသုံးချတတ်မှု ကိုခွဲခြား သိသင့်တယ်ပေါ့နော်။ အသုံးမကျမှုတွေနဲ့အတူ အသုံးချနေမယ်ဆိုရင် ဘယ်လိုမှ သုံးမရတဲ့သူပဲ ဖြစ်လိမ့်မယ်ထင်တယ်။ တကယ်ကောင်းတဲ့ Post လေးပါပဲ မွန်ရေ.... :)

ခင်တဲ့(ဖိုးကြယ်)
စိတ်ချမ်းသာချင်လို့ ပိုက်ဆံရှာနေရတာပါ။
တကယ်သာ စိတ်ချမ်းသာမယ် ဆိုရင် ဘာမှ မလိုပါဘူး။
ပြီးတော့ ရုတ်တရက်ချမ်းသာလာတဲ့ ငွေကို သုံးတတ်ဖို့ အရေးကြီးတယ်။ အဲဒီငွေနဲ့ စိတ်ချမ်းသာခြင်းကို သေသေချာချာ ဖန်တီးယူရင်တော့ တော်တော်များများ ရနိင်မယ်ထင်တယ်။
ဆင်းရဲရဲ ချမ်းသာသာ ချစ်ခင်ကြင်နာစိတ်တွေ မရှိတော့တဲ့နေ့ဟာ စိတ်မချမ်းသာရတော့တဲ့ နေ့တွေပဲ ဖြစ်မယ်။
Anonymous said…
မွန်ရေးး
ထီမထိုးတာချင်းတော့တူနေပါတယ်။
အဓိကတော့ လူတစ်ယေက်ရဲ့စိတ်ရယ်သူ့ ရဲ့ခံယူချက်တွေ နဲ့ပဲဆိုင်မယ်ထင်တယ်နော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး
sosegado said…
ပိုက်ဆံ မရှိရင်လည်း စိတ်မချမ်းသာဘူး၊
ရှိတတ်ဘို့လိုတယ်၊
သင်ခန်းစာလေးဖတ်သွားပါတယ်၊
ahphyulay said…
လူတစ်ယောက်ရဲ့  စိတ်ချမ်းသာမှုကို
ငွေနဲ့ ဖန်းဆင်းလို့ ရတယ်၊ ငွေရှိရင်အရာရာ
ပြည့် စုံမယ်ဆိုတဲ့  အယူအဆ ဟာ ဘယ်တော့ မှ
မမှန်နိုင်ပါဘူးနော်...။
Anonymous said…
ဟုတ်ပါတယ် မွန်ရေ ...

ငွေရဖို့အတွက် အလုပ်လုပ်နေရတာပဲလေ ...
ကိုယ့်နဖူးကချွေး ခြေမကျသည်အထိ လုပ်ပြီးမှ ရတဲ့ငွေက ပိုတန်ဖိုးရှိတာပေါ့ ...

Nyalynneain
လူတွေဟာ...
ဆင်းရဲတဲ့ဒါစ်ကို ခံနိုင်ရည်ရှိပေမယ့်..
ချမ်းသာတဲ့ ဒါဏ်ကိုမခ့နိုင်ကြဘူးတဲ့...။
blackroze said…
မွန်ရေ...
ကျမကတော့ထီထိုးတယ်..ရံဖန်ရံခါပေါ့လေ..
ထီသာထိုး၏..မတိုက်မိ...
ထီတိုက်တဲ့အခါတိုင်းလဲမပေါက်...
ကံကအဲလိုကောင်းတာလေ..သတိရတယ်မွန်ရေ..
ခုမှဘဲလာလည်ဖြစ်တယ်..မအားတာလေ..
တကယ်တော့ငွေဆိုတာကလဲ
မရှိရင်လည်းမကောင်းသလို..သိပ်ရှိပြန်ရင်လည်း
ငွေကြောင့်ဘဲလူတွေဟာပြောင်းလဲသွားကြတယ်လေ..
ကျွန်တော်တော့ အလုပ်လက်မဲ့ ဖြစ်နေတုန်း
ဝက်ဝံလေး said…
မြတ်မွန်မှာ ရက်လွန်ခဲ့ကြတာတဲ့ ပါးပါး ပြောတာကို သတိရနေတယ်
အယ် ပို့စ်နဲ့လဲမဆိုင်ပြန်ဘူး လုပ်ပြန်ဘီ ဒီဝက်က

ထီတော့ ပေါက်ချင်သားရယ် ဒါပေမယ့် ပိုက်ဆံကုန်မှာစိုးလို့မထိုးဖြစ်ဘူးရယ် ဟဟဟဟဟ

ပိုက်ဆံက အရာရာကို ဝယ်ယူလို့မရပါဘူး သမီးကတော့ လိုချင်တဲ့အချိန်ရှိရင် တော်ဘီ

တာ့တာ
ZT said…
ကိုဆိုဆီ ပြောတဲ့ အတိုင်းပဲ။ ပိုက်ဆံမရှိရင်လည်း စိတ်ညစ်စရာတွေ အများသား။ ကျွန်တော်ကတော့ ပိုက်ဆံ ရှိတာ စိတ်ညစ်စရာလို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ ပညာရှိရင် ပိုက်ဆံဆိုတာ စီမံခန့်ခွဲလို့ ရပါတယ်။

မိုးလင်းက မိုးချုပ် အလုပ်တစ်ခုထဲမှာ နှစ်မြှုပ်ရင်း လူ့သက်တမ်းကို ဖြုန်းပစ်ရမှာ နှမြောစရာ အကောင်းသားဗျာ။ တစ်ခြား လုပ်စရာတွေ အများကြီး ရှိတယ်။ အနည်းဆုံး အေးအေးဆေးဆေး စာရေးလို့ ရတာပေါ့။

ဟိုတစ်နေ့က အိုင်ယာလန်က အဖိုးနဲ့ အဖွားကတော့ ထီပေါက်တဲ့ ပိုက်ဆံ အကုန် လှူပစ်တယ်တဲ့။ အဲဒီလို လူတွေလည်း ရှိတာပဲ။
ပျော်ရွှင်ခြင်းဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့အရာ ...
တန်ဖိုးမဖြတ်နိုင်တော့ ငွေနှင့် များများ မဆိုင်တော့ပါ ။
ပျော်ရွှင်မှု အတုများကို ၀ယ်နိုင်နေသဖြင့် အတုအစစ် မခွဲနိုင်သောအခါ ငွေနောက်သို့ ပါတတ်တာ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com
Anonymous said…
"Hi, I cannot fully grasp the best way to add your website in my rss reader. Are you able to Help me, please"

--------------------------------------------
my website is
http://dogshirt.org

Also welcome you!
flowerpoem said…
ကျွန်မလည်း "လူတစ်ယောက်မှာ အလုပ်လေးတစ်ခုရှိနေဖို့ အရမ်းအရေးကြီးတယ် ဆိုတဲ့ စိတ်ခံစားမှုလေး ဖြစ်ပေါ်လာတယ် ။ ကိုယ်လုပ်ချင်နေတာတွေ လုပ်နေရတယ်ဆိုရင် ကိုယ့်ဘဝမှာ အေးချမ်းပျော်ရွှင်နေမှာ သေချာပါတယ်။ ငွေတွေ အများကြီးရှိပြီး ပစ္စည်းဥစ္စာကို စိုးရိမ် ပူပန်နေရတဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး ။ ပိုက်ဆံရှိတိုင်းလဲ စိတ်ချမ်းသာမှုမရသလို စိတ်ချမ်းသာမှုဆိုတာလဲ ပိုက်ဆံတွေ အများကြီး ရှိနေမှ မဟုတ်ပါ။ တကယ်တော့ ချမ်းသာခြင်း၊ဆင်းရဲခြင်းဆိုတာ လူတွေရဲ့ တောင့်တမှုနဲ့ သူတို့ရရှိလာတဲ့ ပျော်ရွှင်မှု အချိုးအစားကို တိုင်းရတာ မဟုတ်လား။ "

အဲဒါကို လက်ခံတယ် ပိုက်ဆံအများကြီးမလိုချင်ပါဘူး ဘ၀မှာ အချိန်တွေကို အေးဆေးပျော်ရွှင်စွာ ဖြတ်ကျော်ချင်ပါတယ်..

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား