မွှေးပျံတဲ့ ရနံလေး

အနည်းငယ် ဆူညံနေသော ခန်းမထဲကို ကျွန်မလှမ်းဝင်ကာစမှာပဲ ခေါ်သံတွေ ထွက်ပေါ်လာသည်။

“ ဟေး မြ ဒီကိုလာဟေ့ ”
“ ညီမလေး ဒီမှာလာထိုင် ”
လှမ်းကြည့်တော့ မမျိုးတို့ ဝိုင်းကဖြစ်နေသည်။ ထိုဝိုင်းတွင် ရှိသမျှ လုပ်ဖော်ကိုင်ဖက်များ အားလုံးလိုလို လက်လှမ်းပြ ကြတာကြောင့် ထိုဝိုင်းသို့ ဦးတည်လိုက်သည်။ လူပြည့်နေသော ထိုစားပွဲဝိုင်းတွင် ကျွန်မအတွက် ထိုင်ရန် အချင်းချင်း ဘေးကပ်ကာ နေရာ တစ်နေရာ ဖန်တီးပေးကြသည်။ သူတို့ပေးသော နေရာတွင် ဝင်ထိုင်ပြီး ခန်းမ၏ စင်မြင့်ကို ကြည့်လိုက်ပါသည်။ စင်မြင်ပေါ်တွင်တော့ “ ကုမ္မဏီ၂၅နှစ်ပြည့် အခမ်းအနား” ဟု စာတန်းထိုးထားသည်။ ဒီနေ့က ကုမ္မဏီရဲ့ နှစ်စဉ်ကျင်းပလေ့ရှိသည့် ညစာစားပွဲ ဖြစ်သလို တစ်နှစ်ပတ်လည်လုံး ဝန်ထမ်းများရဲ့ကြိုးစားမှုကို လည်း ချီမြင့်သည့် ဂုဏ်ပြုပွဲ အခန်းအနားလည်း ဖြစ်သည်။

“ မြရေ ဘာနဲ့လာတာလဲ ညီမလေး ”
“ ဆိုင်ကယ်နဲ့ လာတာလား”
တစ်ယောက်တစ်မျိုး လှမ်းမေးလိုက်သည့် မမျိုးနှင့် မသိင်္ဂီကို ပြန်ဖြေရန် သောက်လက်စ ရေခွက်ကို ချလိုက်ရသည်။
“ မဟုတ်ဘူး တက္ကစီငှားလာတာ အမရဲ့ မိုးချုပ်နေတော့ ဆိုင်ကယ် မစီးချင်လို့ပါ ”
“ ဒါဆို အပြန် ငါတို့ကားနဲ့ လိုက်ခဲ့ အိမ်အထိ လိုက်ပို့ပေးမယ် ”
“ ရပါတယ် အမရဲ့ တက္ကစီနဲ့ပဲ ပြန်လိုက်မယ် ”
“ အမလေးဟယ် အားနာစရာမဟုတ်တာကို.. မရဘူး လိုက်ပို့ပေးမယ် ”
“ဟုတ်”

အတင်းအကျပ် မငြင်းဆန်ချင်တာနဲ့ အလွယ်တကူ ခေါင်းညိတ်လိုက်ရသည်။
“ ကောင်မလေး သိပ်လှနေတယ်ပေါ့လေ ဟုတ်လား”
ကျွန်မပါးလေးကို ဆွဲပြီး မေးသည့် အသံကြောင့် မော့ကြည့်လိုက်မိသည်။ ကျွန်မကိုတွေ့တိုင်း ကောင်မလေးဟုသာ ခေါ်လေ့ရှိသော မမဇင် ဖြစ်နေသည်။

“ မမလည်း သိပ်လှတာပဲ ... ဘယ်မှာထိုင်တာလဲ”
“ ဟိုဘက်ဝိုင်းမှာ ”

မမဇင် လှမ်းပြသော ဘေးဝိုင်းကို ကြည့်မိတော့ တခြားလုပ်ဖော်ကိုင်ဖက်များက လက်ပြကြသဖြင့် ပြန်ပြုံးပြလိုက်ပါသည်။
“ စိတ်မကောင်း မဖြစ်နဲ့နော် ကောင်မလေး”
ကျွန်မ၏ လက်ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်အားပေးကာ မမဇင် ခပ်တိုးတိုးဆိုလာသည်။

“ ဟင် .. ညီမ ဘာမှ မဖြစ်ပါဘူး မမရဲ့”
“ အေး .. ကောင်းတယ် ဖြစ်စရာ မလိုဘူး”
မမဇင် နှင့်အတူ သူတို့ဝိုင်းကို ခဏလိုက်သွားသည်။ တခြားလုပ်ဖော်ကိုင်ဖက်များက ဝမ်းသာအားရ နှုတ်ဆက် ကြသည်။ ကျွန်မလက်ကို ဆုပ်ကိုင်ကာ သူတို့က အားပေးစကားများ ပြောကြပါသည်။

“ မြ.. အားမငယ်နဲ့သိလား ငါတို့အားလုံးပေးတဲ့ ဆုကို နင်ပဲ ရတာ”
“ မြ ဘာမှမဖြစ်ပါဘူး အဟုတ်ပြောတာ အဲဒါတွေလည်း မလိုပါဘူး”
“ ယုံတယ် ယုံတယ် တို့ညီမလေးက အရမ်းအေးချမ်းတာ ”

သူတို့အားပေးစကားများကို ကြားမိမှ စိတ်ထဲမှာ ဝမ်းသာဝမ်းနည်း ဖြစ်သွားရသည်။ တကယ်ဆိုရင် ဒီပွဲကို ဝန်ထမ်းတစ်ယောက် အနေထက် မပိုသည့် စိတ်ထားဖြင့် ကျွန်မလာခဲ့ခြင်းပါ။ သူတို့ပြောသလို စိတ်မကောင်းဖြစ် သည့်စိတ်လည်း နဲနဲမှ မရှိသလို နေ့တိုင်းအချိန်တိုင်း စေတနာ အပြည့်ဖြင့် လုပ်ငန်းခွင်မှာ လုပ်ကိုင်ခဲ့ခြင်းကို လုပ်ဖော်ကိုင်ဖက်များ သိနေတာကိုပဲ ကျေနပ်လှပါသည်။ ကျွန်မအတွက် ဆု တစ်ခုထက် ကျွန်မရဲ့ လုပ်ဆောင်ချက်ကြောင့် သူတို့တွေ စိတ်အနှောင့် မဖြစ်စေချင်တာ တစ်ခုထဲကိုပဲ လိုချင်ခဲ့ပါသည်။

~@~

ခန်းမထဲသို့ ဒေါ်ခင်မမ ဝင်လာတာကြောင့် ကျွန်မတို့ဝိုင်းမှ စကားသံ တစ်ချို့တိတ်ဆိတ်သွားကာ အချင်းချင်း လက်ကုတ်ပြီး လှမ်းကြည့်ကြသည်။ ဒေါ်ခင်မမက ဒီနေ့အတွက်တော့ မင်းသမီး ဖြစ်မည်ထင်ပါသည်။ ဟိုဟိုသည်သည် လိုက်ကြည့်ကာ ထိုင်ရန်နေရာ လိုက်ရှာနေသည်။ သို့သော် သူလှမ်းကြည့်သော ဝိုင်းများမှ ဝန်ထမ်းများက မျက်လုံးချင်းမဆိုင်ဘဲ တခြားဘက်သို့ အကြည့်ကို လွှဲနေကြသည်။ ကျွန်မတို့ဝိုင်းကို လှမ်းအကြည့်မှာ မျက်လုံးချင်းဆိုင်မိသဖြင့် ကျွန်မကပဲ အရင် ပြုံးပြလိုက်သည်။ ဒေါ်ခင်မမ မှ ပြန်လည်ပြုံးပြပြီး အလုပ်မှ လူကြီးများ ရှိသော ဝိုင်းတွင် သွားထိုင်လိုက်သည်။

“ အလကားပါဟာ သူ့ကို လူကြည့်အောင် တမင် နောက်ကျပြီးလာတာ ”
“ ဟုတ်တယ်.. ဒင်း အကြောကို နောကျေနေပြီ”
မမျိုးနှင့် မခက်မာတို့ တီးတိုးပြောနေသည်ကို ကြားရသဖြင့် ပြုံးလိုက်မိသည်။ သူတို့တွေ ဒေါ်ခင်မမကို အမြင်မကြည်ကြ။ သူတို့မှ မဟုတ်ပါဘူး အလုပ်တွင်ရှိသော ဝန်ထမ်းတိုင်း ဒေါ်ခင်မမကို သိပ်သဘောမကျတာ အကြိမ်ကြိမ် ပြန်ကြားဖူးသည်။ သဘောမကျဆို ဒေါ်ခင်မမသည် အလုပ်နှင့် ပတ်သက်ရင် လက်အောက် ငယ်သားတွေ အပေါ် ငဲ့ညှာစိတ်မရှိတတ်သော ကြောင့်ဖြစ်သည်။

ဒေါ်ခင်မမဆိုသည်မှာ ကျွန်မနှင့် QC (Quality Control) ဌာနတွင် အတူတွဲလုပ်ရသူ ဖြစ်သည်။ အောက်ခြေဝန်ထမ်းတွေ ထုတ်လုပ်သည့် ဆားကစ်ပစ္စည်းများကို အပြစ်အနာ အဆာနှင့် ချို့ယွင်းချက်များ မပါလာအောင် ဂရုတစိုက် စစ်ဆေးကြရသည်။ သူမတို့ရဲ့ ခွင့်ပြု တံဆိပ်ပါမှ ပစ္စည်းမှာထားသူများထံကို ပို့ပေးခွင့်ရှိသဖြင့် ဖိအားများသော နေရာဖြစ်သည်။ ဆားကစ်ပေါ်မှ သေးငယ်လွန်းသော အမှားများကို ပစ္စည်းထုတ်လုပ်သူများ အရင်ရှာဖွေပြီးမှ သူမတို့ထံ ပို့လိုက်သော်လည်း အမှားများကတော့ ပါလာတတ်မြဲ ဖြစ်သည်။

ကျွန်မတို့ ဌာနအတွက် စည်းကမ်းတစ်ခုမှာ ရှာတွေ့သော ချို့ယွင်းချက်များ အမှားများကို အထက်ကို တင်ပြသတင်းပို့ရခြင်း ဖြစ်သည်။ ကျွန်မတို့ အနေနှင့် အမှားများများ ရှာနိင်လေ အလုပ်က သတ်မှတ်ထားသည့် အမှတ်တိုးလေဖြစ်သည်။ သို့သော် ကျွန်မက အမှားရှာပြီး ရသည့် အမှတ် အနည်းငယ်သာ ရှိနေချိန် ဒေါ်ခင်မမက အမြဲတမ်းလိုလို အမှတ် တိုးနေခဲ့သည်။ ထို အမှတ်များသည် နှစ်ပတ်လည်နေ့တွင် ရသော ဆုငွေများနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ အမှတ်များလေ bonus များလေဖြစ်သည်။

အမှားလုပ်မိသူ ဝန်ထမ်းများကတော့ အမှတ်ဖြတ်ခံရခြင်း၊ ချက်ချင်းလက်ငင်း အထက်လူကြီးများ၏ ဆူပူခံရခြင်းနှင့် နှစ်ကုန် bonus ပေးသည့်အခါတွင်လည်း တခြားသူတွေထက် လျော့ချခံရသည်။ ဝန်ထမ်းများ၏ လခအပြောင်းလဲများသည်လည်း အမှားအရေအတွက်ကို ကြည့်ပြီး ဆုံးဖြတ်လေ့ရှိသည်။ ဝန်ထမ်းတစ်ယောက်စီ၏ အမှတ်များသည် ကျွန်မတို့၏ မှတ်ချက်များနှင့် လုပ်ငန်းခွင်ခေါင်းဆောင်၏ ထောက်ခံချက်များအပေါ် မူတည်လျှက်ရှိပါသည်။

အောက်ခြေဝန်ထမ်း ဘဝမှ တက်လာခဲ့သူ ကျွန်မအတွက် အမှားလုပ်မိချိန်တွင် ဖြစ်ပေါ်ရသော စိတ်နွမ်းနယ်မှုကို မမေ့နိင်သည့်စိတ်ကြောင့် တော်ရုံအမှားများကို အထက်ကို တင်ပြလေ့မရှိ။ ထိုပစ္စည်းကို တာဝန်ယူရသည့် ဝန်ထမ်းကို ခေါ်ကာ သူ၏ အမှားကို ပြန်စစ်ခိုင်းလေ့ရှိသည်။ သူ့အမှားကို သူတွေ့သည့်အခါ ကိုယ်တိုင် ပြန်ပြင်လေ့ရှိပြီး မတွေ့သည့်အခါမှာတော့ ကျွန်မက သူ့အမှားကို ထောက်ပြကာ နောက် မမှားဖို့ သတိပေးတတ်ပါသည်။ အထက်ထိ မရောက်ရသဖြင့် သူတို့ အမှတ်မနှုတ်ခံရ။ ကျွန်မကို လူမုန်း မများစေရန်ထက် အောက်ခြေဝန်ထမ်းဘဝက ခံစားခဲ့ရသည့် အားငယ်စိတ်နှင့် ကိုယ်ချင်းစာသော စိတ်ကြောင့် ထိုသို့ ပြုမူ မိခြင်းဖြစ်ပါသည်။

ဒေါ်ခင်မမကတော့ အမှားတစ်ခု တွေ့ရှိတိုင်း အထက်ကို ချက်ချင်း တင်ပြလေ့ရှိသည်။ တွေ့ရှိသော အမှားကို ဓာတ်ပုံရိုက်ကာ ဓာတ်ပုံနှင့် တကွအထက်သို့ တင်ပြတတ်သည်။ သူမနှင့် အမြင်မကြည်သူ ဖြစ်ပါက ပုံစံတူ ပစ္စည်း အခုတစ်ရာ ဖြစ်လည်း အခုတစ်ရာလုံး စေ့စေ့စပ်စပ် ရှာလေ့ရှိသည်ကို အမြဲလိုလို တွေ့ရလေ့ ရှိသည်။ ထိုကြောင့်လည်း ဝန်ထမ်းများက ကျွန်မနှင့် ဆုံတိုင်း ရင်ဖွင့်လေ့ရှိကြသည်။

“နင်မလာတဲ့နေ့ ဟိုမိန်းမကြီး ပစ္စည်းစစ်ရင် ငါတို့မှာ ရင်တုန်နေရတာ”
“ ငါတို့လည်း အထပ်ထပ်စစ်တာပဲ သူရှာရင် ထပ်ကိုတွေ့တယ်”
“ဒီနှစ်တော့ အမှတ်ဖြတ်ခံထားရတာ များပြီ နှစ်ကုန်bonus တော့ ဘယ်လောက်မှ ရမှာမဟုတ်တော့ပါဘူး စိတ်ညစ်ပါတယ်”

စသည်ဖြင့် ညည်းညူလေ့ရှိကြသည်။ ဒေါ်ခင်မမက အမှားတခုတွေ့သည်နှင့် အထက်ကို ချက်ချင်း တင်ပြတတ် တာကြောင့် သူစစ်သော ပစ္စည်းကို ထုတ်လုပ်သူများ ရင်မနေရကြောင်း အခါခါ ကြားဖူးသည်။ ထို့ကြောင့် ကျွန်မကို အောက်ခြေဝန်ထမ်းများ အားကိုးချစ်ခင်ကြသော်လည်း လူကြီးများကတော့ ကျေနပ်ဟန်မတူ။ ဒီတော့ ဒေါ်ခင်မမလို လူကို လူကြီးများ အလေးပေးကြသည်မှာလည်း အဆန်းတော့မဟုတ်ပါ။ ကုမ္မဏီလူကြီးများ အတွက်တော့ ဒေါ်ခင်မမက ဝန်ထမ်းကောင်း ဖြစ်မည်။ ထို့ကြောင့်လည်း ဒီနှစ်အတွက် အထူးချွန်ဆုံး အကျိုးပြုဆုံး ဝန်ထမ်းကောင်း ဆုကို ဒေါ်ခင်မမ ရရှိသွားခြင်း ဖြစ်သည်။

~@~

အလုပ်မှ အကြီးအကဲများ ဟိုဟိုသည်သည် လျှောက်ကာ ဝန်ထမ်းများကို လိုက်နှုတ်ဆက်နေကြသည်။ ကျွန်မတို့ ဝိုင်းနားရောက်တော့ မန်နေဂျာမှ ကျွန်မကို ကြည့်ပြီး ခပ်ပြုံးပြုံးလုပ်ကာ ခေါင်းညိတ်ပြသဖြင့် ပြန်ပြုံးပြ လိုက်ပါသည်။ သူ့အပြုံးထဲက အဓိပ္ပါယ်တွေကို သူမ မဝေခွဲချင်။

“ မင်းကို ပြောရအုံးမယ် မင်းရဲ့ အလုပ်က သူများ အမှားကို ရှာဖို့။ ဒီလိုပဲ သူတို့ အမှားတွေကို မင်းမဖမ်းပဲ လွတ်ပေးနေရင် မင်းအတွက် ဘာမှ အကျိုးခံစားခွင့် မရနိုင်ဘူး ။ ”

“မဟုတ်ဘူး မန်နေဂျာ ။ ကျွန်မ အမှားတွေကို လွတ်ပေးနေတာ မဟုတ်ပါဘူး။ သူတို့စစ်တာ အခုတစ်ရာမှာ တစ်ခုတလေ မှားနေတာဆို ကျွန်မ အနေနဲ့ သူတို့ကို ပြန်စစ်ခိုင်းတယ်။ နောက်မမှားဖို့ သတိပေးတယ်။ အရမ်းလွန်လာရင်တော့ ကျွန်မ ဖမ်းတာပေါ့။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးကိုတော့ ကျွန်မ အနေနဲ့ အပြစ်မယူစေချင်ဘူး။ ”

“ ဟုတ်ပြီ ။ ဒါဆို အဲဒီအမှားကို မင်း မမြင်လိုက်ဘူးဆိုရင်ရော ။ မင်းဘာပြောမလဲ။ မင်းက အိုကေတယ်ဆိုပြီး လတ်မှတ်ထိုးလိုက်ပြီ။ အဲဒီပစ္စည်းတွေက အော်ဒါမှာတဲ့ ဧည့်သည် လက်ထဲရောက်သွားပြီ။ သူတို့က အဲဒီအမှားကို တွေ့သွားလို့ ငါတို့ ကုမ္မဏီနံမည် ပျက်ရရင် မင်းဘယ်လို တာဝန် ယူမလဲ။ ”

“ ကျွန်မဘက်က အမှားမရှိဖို့ ကျွန်မအားလပ်ချိန်တောင် အပြည့်မယူဘဲ စစ်တာပါ။ သေသေချာချာစစ်ပြီးမှသာ လက်မှတ်ထိုးတာပါ။ ကျွန်မ လုပ်ဆောင်ချက်ကြောင့် ခုထိ ဘာနံမည်ပျက်မှ မရှိသေးသလို ဧည့်သည်တွေဘက်က ပြန်ရောက်လာတဲ့ ပစ္စည်းတွေလဲ ခုချိန်ထိ မရှိသေးပါဘူး။ ”

“ အေး ဘာပဲ ဖြစ်ဖြစ် အမှားပေါ်လာရင် မင်းပဲ တာဝန်ယူ ဖြေရှင်းမှာ ”

အစည်းဝေးခန်းတွင် အထက်လူကြီးရဲ့ တစ်ယောက်ချင်းခေါ်ပြောကာ သတိပေးခဲ့တာတွေကို ပြန်မြင်ယောင်မိသည်။

“ ဘာတွေပြောလိုက်လဲ မြ ။ ညည်း ဆူခံထိပြီ မဟုတ်လား။ ငါ ခဏခဏပြောပါတယ်အေ ညည်းကို အောက်က လူတွေအမှား များများဖမ်း အဲဒါမှ ညည်း ဘောက်ဆူးများများရမှာ။ လခတိုးတာလည်း မြန်တာပေါ့။ ”

“ ကျွန်မ အဲလိုတွေ မလုပ်ချင်ဘူး အမ ။ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ် မမြင်ချင်ဘူး။ ”

“ညည်းက ညည်းကို သူတို့တွေ ဝိုင်းချစ်နေကြတာကို လိုချင်နေတာ မဟုတ်လား။ သူတို့ ချစ်နေလို့ ညည်းအတွက် ဘာတက်လမ်းမှ မရှိဘူး။ အထက်က လူကြီးတွေ မြင်အောင်လုပ် အဲဒါမှ အကျိုးခံစားခွင့်ရှိမှာ နားလည်လား။ ”

“ တက်လမ်းဟုတ်လား။ သူများခေါင်းပေါ်နင်းပြီး တက်သွားတာကိုပြောတာလား အမရဲ့ တကယ် လုပ်ရတာ အောက်က လူတွေပါ။ အောက်က လူတွေ ပင်ပန်းတာကို အမ မသိဘူးလား ”
“ အေး ညည်းကို ဘာမှ မပြောတော့ဘူး။ ငါကတော့ ငါ့တာဝန်အတိုင်း လုပ်ရမှာပဲ ”

ဒေါ်ခင်မမ မကျေမနပ် ဖြစ်နေသည်က ကြာလှပါပြီ။ ကျွန်မရဲ့ လုပ်ဆောင်ချက်တွေကို အမြင်မကြည်လင်သည့် ဒေါ်ခင်မမ အထက်ကို တိုင်လိုက်သည်ဆိုတာ ကျွန်မ သဘောပေါက်လိုက်သည်။ လိုချင်လောဘများဖြင့် ပူလောင်ရသည်ထက် မည်သည့်မက်မောမှုမှ မရှိဘဲ နေထိုင်ရတာ ဘဝရဲ့ သုခတစ်ခုလို့ ကျွန်မယူဆထားသည်။ ထိုကဲ့သို့ စိတ်အနေအထားချင်း မတူသည့်အတွက်လည်း ဒေါ်ခင်ခင်မကို ဒီနှစ်အတွက် ဝန်ထမ်းကောင်း ဆုပေးကြောင်း လွန်ခဲ့သည့် ၂ ရက်ထဲက ရုံးထဲတွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကျွန်မ မလုပ်နိင်သည့် အလုပ်ကို သူပြတ်ပြတ်သားသား လုပ်နိင်တာကြောင့် ဒီဆုအတွက် ကျွန်မ မည်သည့်ဝမ်းနည်းမှုမှ မရှိပါ။ သူတို့ဝိုင်းကို သွားကာ ဒေါ်ခင်မမကို နှုတ်ဆက်လိုက်သည်။

“ အမရေ..ဒီနှစ်ဆုအတွက် ဝမ်းသာပါတယ်။ ”
“အေး အေး မြလည်း မမပြောတာတွေ မမေ့နဲ့ ကိုယ့်အတွက် ကိုယ်လုပ် မြရဲ့။ မမပြောတာ မြအတွက်ပြောနေတာ ”
“ ဟုတ်ကဲ့”
ကျွန်မအတွက်တော့ အကောင်းဆုံးက ဟုတ်ကဲ့လို့ ပြောတာက ပိုသင့်တော်မည် ထင်ပါသည်။

~@~

အခန်းအနားကို စတင်ကာ အားလုံးပျော်ပျော်ပါးပါး စားသောက်ကြသည်။ စင်မြင့်ပေါ်ကနေ ဒီနှစ်အတွက် ဌာနဆိုင်ရာ အကောင်းဆုံး ဝန်ထမ်းများ ဆုကို ကြေငြာကာ သူတို့၏ အကောင်းဆုံး လုပ်ဆောင်ချက်များနှင့် ကိုယ်ရေးအကျဉ်းများကို ပိတ်ကားပေါ်တွင် ပြသ လျှက်ရှိသည်။ သူ့အပိုင်းနှင့်သူ ရရှိသော ဆုများကို ကြော်ငြာ ချိန်တွင် ဆုရရှိသူများနှင့် လုပ်ဖော်ကိုင် ဘက်များက ဝိုင်းအော်ကာ အားပေးကြသည်။ တစ်ယောက်ချင်းစီက အားပေးစကားများ ပြောကာ ဆုရရှိခြင်းအတွက် ထောက်ခံကြသည်။

ထိုနောက် ဒေါ်ခင်မမ၏ အလှည့်ရောက်လာသည်။ အထက်လူကြီးများက လက်ခုတ်တီး အားပေးချိန်တွင် တစ်ခြားဝန်ထမ်းများက ငြိမ်သက် လျှက်ရှိသည်။ ဝန်ထမ်းများ အတွက်တော့ ဒေါ်ခင်မမရရှိသွားသည့် ဆုသည် သူတို့၏ ဆုံးရှုံးမှုများဟု တွေးနေမည် ထင်ပါသည်။ သူမ မျက်နှာသည် အနိုင်ရရှိသွားသော ကစားသမား တစ်ယောက်လို ပြုံးပျော်ရွှင် လျှက်ရှိသည်။

“ ဟင်း ဒေါ်ခင်မမရဲ့ မျက်နှာကို ကြည့်စမ်း ငါတို့ကို မတရား လုပ်တုန်းက မျက်နှာနဲ့ တစ်ခြားစီပဲ”
“ နေပါစေ။ ကိုယ်ချင်း မစာတတ်တဲ့ မိန်းမကြီး သူကို နိုင်တဲ့ သူ ပေါ်လာအုံးမှာပါ”
“ ကြည့်မနေပါနဲ့ဟာ ကိုယ့်ဘာသာ စားစရာရှိတာ စား”

တစ်ယောက် တစ်ခွန်းစီ မကျေနပ်ချက်များ ပေါ်ထွက်လာကြသည်။
“အဲဒီလို မပြောပါနဲ့ မမျိုးရယ် သူလည်း သူ့အလုပ် သူလုပ်သွားတာပါ ”
“မဟုတ်ဘူးမြ တော်ရုံတန်ရုံ အမှားသေးသေးလေးတွေဆို ငါတို့ကို ပြန်ပြောပေါ့ဟာ ချက်ချင်းပြင်လိုက်ရင် အဆင်ပြေသွားမှာ မဟုတ်လား။ ခုဟာက အမှားတွေ့နဲ့ တိုင်မယ် ဆိုတာချည်းပဲ။ တကယ်တော့ အားလုံး လုပ်ဖော်ကိုင်ဘက်တွေပဲဟာ ဖေးမရမှာပေါ့။ ခုဟာက ပြောလိုက်ရင် တာဝန်အရနဲ့ ကိုင်ပေါက်နေတော့တာ လုပ်ဖော်ကိုင်ဘက်ချင်း ရက်စက်ရဖို့ ဝန်မလေးဘူး။ သူ့ကြောင့် အလုပ်ပြုတ်တဲ့ လူလဲ ပြုတ်ကုန်တာပဲ မဟုတ်လား ”

ကျွန်မဘာမှ မပြောသာတော့ပါ။ ဒီလိုပဲ မကျေနပ်ချက်များကို ကြားနေဖန်များလှပါပြီ။ ဒေါ်ခင်မမကို ဝေဖန်လိုက် စားကြ သောက်ကြ ပျော်ကြပါးကြနှင့် ည ၁၁နာရီကျော်လောက်မှ ပြီးဆုံးသွားကြသည်။ ညစာစားပွဲပြီးနောက် အလုပ် ၅ရက်ပိတ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကြသည်။

“ မြရေ အမတို့နဲ့ လိုက်ခဲ့ပါလား”
“မလိုက်တော့ပါဘူး မသဇင်ရယ် တကူးတကကြီး လိုက်ပို့ နေရမယ် အားနာတယ်။ ”
“အမလေး အားနာရမယ့် လူတွေလား”
ထိုအချိန်တွင် ကျွန်မ အနားသို့ လုပ်ဖော်ကိုင်ဘက်များ စုလာကြသည်။ ထို့နောက်မမျိုးက သပ်ရပ်စွာ ထုတ်ပိုးထားသော အထုတ်ကလေး ကိုင်ကာ ကျွန်မကို လှမ်းပေးသည်။

“မမျိုး ဒါက ဘာလဲ”
“မြရေ ဒါက အမတို့ လုပ်ဖော်ကိုင်ဘက်တွေ စုပြီး လက်ဆောင်ပေးတာ”
“ဟင် ဘာဖြစ်လို့လဲ အမ ”

“ဟုတ်တယ် မြ... အမတို့ အားလုံးတိုင်ပင်ပြီး မြအတွက် စီစဉ်လိုက်တာ ။ တစ်နှစ်ပတ်လည်လုံး အမတို့ကို ကူညီစောင့်ရှောက်ခဲ့တဲ့ မြကို ကျေးဇူးတင်တဲ့ အနေနဲ့ ပေးတာပါ။ အကောင်းဆုံး ဝန်ထမ်းဆိုတာကို အမတို့ ဝန်ထမ်းတွေသာ ရွေးချယ်ခွင့်ရှိရင် ငါတို့အားလုံး တစ်သဘောထဲပေးမှာ မြကိုပါပဲ။”

မမျိုးစကားဆုံးတော့ မဇင်က ဝင်ပြောပြန်သည်။
“ဒါက ငါတို့ပေးတဲ့မေတ္တာဆုပါ ကောင်မလေးရယ်။ အမတို့ကြောင့် ကောင်မလေး ပင်ပန်းခဲ့တာကို အမတို့မေတ္တာနဲ့ ပေးတာပါ ”

တလှပ်လှပ်ဖြစ်သော ရင်ခုန်သံဖြင့် မမျိုးရဲ့ လက်ထဲက ပါဆယ်ထုပ်လေးကို လှမ်းယူလိုက်ပါသည်။ အားလုံး ဝိုင်းကာ ဟေး လို့ ထအော်ပြီး လက်ခုပ်များတီးကြသည်။

“ ဘာလေးလဲဟင် ”
“ အခုဖွင့်ကြည့်လိုက်လေ ”
“ ဖွင့်ကြည့်မယ် ”
လက်တထွာ ခန့်ရှိသော ဘူးလေးကို ချည်ထားသော ဖဲကြိုးများကို ကျွန်မ ဂရုတစိုက် ဖြည်လိုက်သည်။ ထို့နောက် ရွှေရောင်စက္ကူပတ်လေးကို ခွာလိုက်သည့် အခါ အနက်ရောင် ဘူးလေး ကို တွေ့လိုက်ရသည်။
အကောင်းစား ရေမွှေးပုလင်း ဖြစ်နေသည်။

“ ရေမွှေးပုလင်းလေး ပါလား”
“ ဟုတ်တယ်။ ဘာဝယ်ပေးမလဲ စဉ်းစားတော့ ညီမလေးနဲ့လိုက်ဖက်အောင် အဓိပ္ပါယ်ရှိတဲ့ လက်ဆောင် ဖြစ်အောင်လို့ ရေမွှေးပုလင်းလေး ဝယ်လိုက်ကြတာ ”
“ လုပ်ဖော်ကိုင်ဖက်တွေအပေါ် စေတနာထား ကူညီပေးတဲ့ ညီမလေးရဲ့ စိတ်ထားလေးက အမတို့အတွက် အမြဲမွှေးပျံ့နေတဲ့ ရနံ့လေး မဟုတ်လား”

“ စိတ်ကောင်းစေတနာ ဆိုတာ ပါတ်ဝန်းကျင်ကို အမြဲမွှေးပျံ့စေတယ်လေ ”

တစ်ယောက်တစ်ခွန်းဖြင့် စေတနာကို အဓိပ္ပါယ် ဖွင့်ဆိုချက်များ ကြားရသဖြင့် ကျွန်မ ဘာကြောင့်မှန်းမသိဘဲ ရင်ခုန်စိတ်လှုပ်ရှားကာ မျက်ရည်များ စို့လို့လာသည်။ တနှစ်တာလုံး ပင်ပန်းခဲ့သမျှ ပြေပျောက်သွားရတော့သည်။ လုပ်ငန်းခွင်မှာ တွေ့ရှိခဲ့သည့် အမှားများကို အထက်ကို မတင်ပြဘဲ အောက်ခြေတွင် ပြီးစီးသွားဖို့အတွက် ကျွန်မ အနေနှင့် ဒေါ်ခင်မမထက် လုပ်အားနှုန်း ပိုခဲ့ရတာကို ကျွန်မထုတ်မပြောပေမယ့် ဝန်ထမ်းများ နားလည်ကြခြင်းကို ပီတိဖြစ်လွန်းလှပါသည်။

ခုတော့ အားလုံးရဲ့ မေတ္တာတရားကို အပြည့်အဝ ရရှိလို့ ကျွန်မ ပင်ပန်းရကျိုးနပ်ခဲ့ပါပြီ။ ကျွန်မရရှိလိုက်တဲ့ ဆုလေးက လုပ်ဖော်ကိုင်ဖက်များပေးသည့် ပီတိဖြစ်စရာ မေတ္တာဆုလေးတစ်ခုပါ ။ အတ္တကင်းစင်သည့် အဖြူရောင် မေတ္တာဆုလေးကို ကျွန်မ ရင်ဝယ်ပိုက်လျှက် အိမ်ပြန်လမ်းက လှပလို့နေသည်။ အပြန်အလှန် မေတ္တာစေတနာများကြောင့် အနာဂတ်လမ်းလေးကတော့ မွှေးပျံ့သောရနံ့များ ထုံသင်းနေမှာ သေချာနေ ပါတော့သည်။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

28 comments:

အဖြူရောင်နတ်သမီး said...

မွှေးပျံ့တဲ့ ရနံ့လေး...သင်းသထက် သင်းပါစေကွယ်...

အင်ကြင်းသန့် said...

ဖတ်ရတာကောင်းလိုက်တာမွန်ရယ်...အေးချမ်းမှုတွေ ရင်ထဲအထိကူးစက်သွားတယ်။

ချစ်တဲ့
ဂျင်း

ချစ်ငယ် said...

မွေးနေ့ ဒီလဆိုတာသိပေမယ့် ရက်အတိအကျမသိတော့ ဆုတောင်းပေးလို့မရဘူး.... ဒီကွန်မန့်ကနေပဲဆုတောင်းပေးလိုက်မယ်နော်... ဒီလမှာကျရောက်တဲ့မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ချစ်သောသူနဲ့အတူ မွေးနေ့တိုင်းပျော်ရွှင်စွာဖြတ်ကျော်နိုင်ပါစေလို့...
ခင်တဲ့ ချစ်ငယ်

ကိုရီး{ကိုကြီး} said...

စာလာဖတ်တယ် မွန်
ဒါပေမယ့် ဖတ်မရဘူး။ နှုတ်ဆက်သွားတယ်နော်...
ချမ်းမြေ့ပါစေ မွန်။


ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

မေပယ်လ် said...

ရေးမယ့်ရေးတော့လည်း တစ်မျှော်တစ်ခေါ်ကြီးကိုပါလား..
ဘန်နာသစ်လေး လှနေတယ်

စိတ်၏ဖြေရာ said...

မေတ္တာအပြည့်နဲ့ရေမွှေးရနံ့လေးဟာအမြဲသင်းပြန့်
နေမှာပါ။မေတ္တာဆိုတာအေးမြပြီးတုန့်ပြန်တတ်ပါတယ်
ညီမလေးရေ။
ငြိမ်းချမ်းပျော်ရွှင်ပါစေနော်။

Anonymous said...

ညီမ ရေ သိပ်ကောင်းတာဘဲ

အဲလိုစာလေးတွေ ဖတ်ရတာ စိတ်ကြည်နူးတယ်

ချစ်တဲ့
အမရွှေစင်

ယွန်း said...

မွန်ရေ..ပို့ စ်လေးကသိပ်ဖတ်လို့ ကောင်းတာပဲ..ရင်ထဲ
အေးချမ်းလိုက်တာ..

ချစ်တဲ့
ယွန်း

sosegado said...

တကယ်လုပ်ရတဲ့သူတွေကို မော်တီဗိတ်လုပ်တာကောင်းပါတယ် လစ်မစ်ရှိတာလည်းကောင်းပါတယ်၊ ဒါပေမဲ့ မန်နေဂျာပြောသလို သတိရှိဘို့တော့လိုတယ်၊
ဒေါ်ခင်မမ ကတော့ ပိုသတိထားရမယ် ဆာဘိုတတ် လုပ်ခံထိတတ်တယ်၊
ရေမွေးလေးသန့်ရျင်းမွေးပျံဘို့ပဲလိုပါတယ်။

ahphyulay said...

အင်းလေ..
ကိုယ်က အများအတွက်အပြုသဘောဆောင်ခဲ့ တာကိုးလို့ ။
အပြုသဘောဆိုတာကတော့  အမတန်ပဲ ထားနိုင်ခဲတာပါပဲ။
လူ့ သဘောကိုက မိမိကျုယ်ပဲ မိမိအရင်ပြုနေတာမဟုတ်လား။
ပို့ (စ)ကောင်းလေးတစ်ပုဒ်ပါ လို့ ။
( လာအော်လိုက်လို့  လန့် သွားတယ်ဗျာ..၊ ကျွန်တော်
အခုရေးလက်စကိုဆက်ဖို့ က ချွေးပြန်နေရပြီလေ၊ကြိုးတန်း
ပေါ် လမ်း တက်လျှောက်မိပြီ )

ကိုဇော် said...

ဒီအကြောင်းအရာလေးကို မွန်နဲ့ ကျနော် ပြောဆို ဆွေးနွေးဖူးပါတယ်။ လက်အောက်ငယ်သားတွေကို ဖေးမ ပြောဆိုတာ အလွန်ကောင်းပါတယ်။ အမှားကို အမှားလို့ ထောက်ပြပြီး သူတို့ကို ပြင်ခိုင်းလိုက်တာ ကောင်းပါတယ်။ အားနာမှုကြောင့် အမှားကို အမှန် ဆိုပြီး မျက်နှာလွှဲလိုက်တာတော့ မကောင်းဘူး။ ဒါပေမဲ့ အမြဲတမ်း ဖေးမနေရင်တော့ သူတို့ ကိုယ်တိုင် ရပ်နိုင်လာမှာ မဟုတ်ဘူး။ ၁၀ ကြိမ် ၁ ကြိမ်တော့ အပြစ်ပေးသင့်တယ်။ ဒါမှ သတိဆိုတာ ကပ်လာမှာ မဟုတ်လား။

မွှေးရနံ့လေး သင်းပျံ့နေပါစေ။

ရွှေသီရိခေတ် said...

ဒီထက် ဂုဏ်သတင်းတွေ ပိုမိုမွှေးပျံ့လန်းဆန်းနေပါစေ.. အမရေ..

ချစ်တဲ့...

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ့်အဖြစ်အပျက်ဖြစ်မယ်လို့ စိတ်ထဲက ခံစားမိတယ်..
စိတ်ထားကောင်းသူက လူချစ်လူခင်များသလို ဘယ်တော့မှ ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်..
မေတ္တာပန်းရဲ့ ရနံ့ဆိုတာ ရေမွှေးတွေထက်လည်း မွှေးပျံ့ပါတယ်.. ဖြူစင်မွှေးမြ လှပသော စိတ်နှလုံးအလှကို ထာဝရပိုင်ဆိုင်ပြီး ကြည်လင်ချမ်းမြေ့စွာ မွေးပျံ့ပါစေ ညီမလေးရေ..

Anonymous said...

ဒေါ်ခင်မလိုမျိုးကလုပ်ငန်းတိုင်းမှာ ရှိနေတယ်
စိတ်ပျက်စရာနော်

ခင်မင်တဲ့
မိုးမိုး

rose of sharon said...

ဖတ်လို့ကောင်းတယ်... အပြင်က တကယ့် အဖြစ်အပျက်တွေနဲ့ နီးစပ်တယ်....

လသာည said...

အင်း..
ဖတ်ရတာ ကြည်နှုးစရာ..လေး။
ဒါပေမယ့် မြတစ်ယောက် အားနာစိတ်တွေ တအားများသွားမှာလည်း စိုးမိတယ်။ တခါတခါကျတော့ အားနာနေတာကို အခွင့်ကောင်းယူပြီး ပြီးပြီးရော လုပ်လာတာရှိနိုင်တယ်။ ဒါဆို မြအခုထက်ပိုပြီး ပင်ပန်းလာလိမ့်မယ်။ အားလုံးအတွက် တာဝန်ယူရသလို ဖြစ်လာပြီး အလုပ်မနိုင်ရင် သူများအမှားက ကိုယ့်အမှားလည်း ဖြစ်လာနိုင်တယ်။

မြသာ အစ်မရဲ့ညီမလေးဖြစ်မယ်ဆိုရင်တော့ ကိုဇော်ရဲ့ ကွန်မန့်အတိုင်း “အမြဲတမ်း ဖေးမနေရင်တော့ သူတို့ ကိုယ်တိုင် ရပ်နိုင်လာမှာ မဟုတ်ဘူး။ ၁၀ ကြိမ် ၁ ကြိမ်တော့ အပြစ်ပေးသင့်တယ် ”ဆိုတာကို အကြံပေးမိမယ်ထင်တယ်။

မွန်က စာရေးကောင်းတယ်။ စိတ်ထားလည်း အေးချမ်းတယ်။ အဲဒါလေးကို တအားသဘောကျတယ်း)

ဖိုးကြယ် said...

မွန်ရေ.....ဇာတ်လမ်းလေးက အပြင်မှာတစ်ကယ် ရှိသလားဟင်....တကယ့်ရနံစစ်လေးကို ရလိုက်တယ် :)

ခင်တဲ့(ဖိုးကြယ်)

blackcoffee said...

တော်လိုက်တဲ့ ငါ့သူငယ်ချင်းလေးရေ.. ရေးထားတာလေးကောင်းတယ်.. ဖတ်လို့ လဲ ကောင်းတယ်... စိတ်ထားလေးလဲ ကောင်းတယ်... ငါဆိုတဲ့ အတ္တခွံကို ဆွဲခြုံမထားနဲ့ ပူလောင်တယ် သူငယ်ချင်းရေ...

မြစ်ကျိုးအင်း said...

ကိုယ့်ရဲ့ စိတ်စေတနာကို နားလည်သူတွေနဲ့ တွေ့တာလည်း ကံကောင်းခြင်း တစ်မျိုးပါပဲ။
ကိုယ်က အနစ်နာခံပြီး လုပ်ပေးတာကို အခွင့်ကောင်းယူတဲ့သူတွေနဲ့ တွေ့မှာတော့ စိုးရိမ်စရာပေါ့။ အရမ်းလျော့လွန်းရင်လည်း မကောင်းဘူးဆိုတော့ သူတို့မှာ အမှားတွေ ရှိလာချိန်လည်း လိုအပ်သလောက်တော့ တင်းသင့်တာတင်းရမှာပဲ။ ဒါမှ ရေရှည်ကောင်းမွန် နိင်မှာလေ။

မြစ်ကျိုးအင်း said...

စာဖတ်သူတွေကို မွှေးပျံ့တဲ့ရနံ့လေးနဲ့ အေးချမ်းစေသလို စာရေးသူကိုယ်တိုင်လည်း အမြဲအေးချမ်းပါစေ။
တည်ရှိနေပြီးသား စိတ်ထားကောင်းလေးလည်း
အမြဲတည်နေပါစေ..။

~ဏီလင်းညို~ said...

ကိုဏီးတို့ စက်ရုံမှာလည်း....အဲ့ဂလို ရာထူးနဲ့ ကုလားမလေးတစ်ယောက်ရှိတယ်.....း)

သူလည်း....အဲ့သလိုပဲ.....။ အားကြီးဆိုးတာ....။
ကိုဏီးတို့စက်ရုံလည်း......ဆားကစ်ပြားတွေလုပ်တာပဲရယ်....။

လွန်ခဲ့တဲ့ ၂၀၀၉ နှစ်ဆန်းပိုင်းက စက်ရုံက လူလျှော့တော့ သူပါသွားရှာတယ်......။

စေတနာများ တယ်အကျိုးပေးတယ်ဆိုတာ အရမ်းမှန်တယ်...မျက်မွှန်......။

ဝတ္တုလေးလည်းဖတ်ကောင်းတယ်.....။

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

blackroze said...

မွှေးပျံတဲ့ရနံလေးတွေအမြဲတမ်းပိုင်ဆိုင်
နိုင်ပါစေ..သူငယ်ချင်းရယ်..

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

nyeinsoe said...

၂၀၁၁ - ခုနှစ် နျစ်သစ်မှသည်
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး

Anonymous said...

dsadasdasdasd adsdasdadasd asdasdasdasdsadas dasdadadsadadsa dasdasddsa dsa dsadasdadas dsadasda dsadadas

Anonymous said...

မွန်လေးရေ..
ခုထိစာလုံးမပေါ်သေးဘူးနော်၊ ဘာမှကို ဖတ်မရဘူး။

အမြဲသတိရပါတယ်
စိုင်း

ညလင်းအိမ် said...

ဖတ်လို့ကောင်းလိုက်တာ မွန် .. ရင်ထဲကို အေးချမ်းသွားတာပဲ ...

“အကောင်းဆုံး ဝန်ထမ်းဆိုတာကို အမတို့ ဝန်ထမ်းတွေသာ ရွေးချယ်ခွင့်ရှိရင် ငါတို့အားလုံး တစ်သဘောထဲပေးမှာ မြကိုပါပဲ။”

အဲစာသားလေးကို တော်တော်သဘောတွေ့မိတယ် ...း)

ကိုကိုးအိမ်(မန္တလေး) said...

အမရေ တကယ်အဖြစ်အပျက်လားဗျာ... ကောင်းလိုက်တာ... လောဘဆိုတာ ပူလောင်လွန်းပါတယ်... သူလုပ်တာ အမှန်တရားဆိုပေမယ့် တခြားသူအတွက် ပူလောင်လွန်းလှပါတယ်.. မကောင်းဘူးပေါ့ဗျာ....

ခင်မင်စွာဖြင့်