မေမေ့ရဲ့ ယုန်ကလေး

၁။
ဒေါ်ခင် တစ်ယောက် ပန်းပင်တွေရေလောင်းရင်း အိမ်ထဲမှ ပိုက်ဆံအိတ်လေး ရမ်းကာရမ်းကာဖြင့် ထွက်လာသည့် သမီးလေး ဝတ်ရည်ကို မြင်လိုက်ရသည်။

“ သမီး...ဒါက ဘယ်ကိုတုန်း”


“သင်တန်းလေ မေမေရဲ့”

“သင်တန်းက မနေ့က သွားတယ် မဟုတ်လား”

“မနေ့က တက်တာက စကားပြော သင်တန်း မေမေရဲ့။ ဒီနေ့က ကွန်ပြူတာ သင်တန်းလေ”

“မနေ့က စကားပြော သင်တန်း။ ဒီနေ့က ကွန်ပြူတာ။ မနက်ဖြန်ကြတော့ ဘာအကြောင်းပြအုံးမလဲ ။ သမီးနော်...ဆယ်တန်းဖြေပြီးထဲက အကြောင်းပြချက် မျိုးစုံနဲ့ အပြင်ကို သွားနေတယ်။မိန်းကလေး တန်မဲ့ လမ်းများတာ မေမေ မကြိုက်ဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ။”

“မေမေကလဲ ..သမီးကိုဆို တွေ့တာနဲ့ ဆူနေတာပဲ ။ အဲဒါတွေကြောင့် စိတ်ညစ်တာ။ ”

“အမလေးတော်...ဒါလေးပြောတာနဲ့ စိတ်ညစ်ရတယ်ရှိသေး။လမ်းများပြီး ..ညည်း ဒုက္ခရောက်မှာ စိုးလို့ပြောနေတာလေ။”

“တော်ပြီ မေမေရာ ..နောက်ကျနေပြီ။ သွားတော့မယ် နောက်မှဆက်ပြောတော့နော်။ ”

ပြောပြောဆိုဆိုဖြင့် ထွက်သွားသော သမီးငယ် ဝတ်ရည်ကိုကြည့်ကာ ဒေါ်ခင်တစ်ယောက် သက်ပြင်းချလိုက်မိသည်။ ဖတဆိုးလေး ဖြစ်ခဲ့လို့ ငယ်စဉ်ကတည်းက အလိုလိုက်ပြီး ရိုက်နှက် ဆုံးမခဲ့ခြင်း မရှိဖူးတာကြောင့် သမီးဖြစ်သူမှာ ဒေါ်ခင်ကို ကြောက်ရကောင်းမှန်း မသိ။ ယခုလို ဆယ်တန်းဖြေပြီး အားလပ်နေချိန်တွင် သင်တန်းများ တစ်ခုပြီး တစ်ခု တက်မည် ဆိုကာ နေ့စဉ်လိုလို အပြင်ထွက်နေခဲ့သည်။ ဒေါ်ခင်အနေဖြင့် တစ်ယောက်တည်း ရုန်းကန်ကာ သမီးလေး အရွယ်ရောက် သည်အထိ ပိုးမွေးသလိုမွေးမြူ ခဲ့ရတာကြောင့် မသူတော်တွေနှင့် တွေ့မှာကို အရမ်းစိုးရိမ်နေမိသည်။

မသူတော်... ထိုစကားလုံး အတွေးထဲ ဝင်လာသဖြင့် လှိုက်ခနဲ ဖြစ်ကာ မျက်လုံး စုံမှိတ်လိုက်မိသည်။ အို...သိပ်ကြောက်ဖို့ကောင်းသည်။ ဘဝတွင် မမေ့နိုင်သည့် ပုံရိပ်တွေလည်း ဖြစ်သလို ဘယ်တော့မှ မတွေးချင်သော အကြောင်းတွေ ဖြစ်သည်။ ယခု သမီးလေး ဝတ်ရည်ကို ထိုကဲ့သို့ မကြုံတွေ့စေချင်။ မိဘရင်ကို စုံကန်ကာ ရူးရူးမိုက်မိုက်ဖြင့် ယုံကြည်အားကိုးခဲ့သူသည် သူမကို ခါးတီးနာကျည်းမှု များသာ ပေးခဲ့လေသည်။ ထိုအကြောင်းတွေ ပြန်မတွေးချင်တော့ပါ။ စောစောစီးစီး မိုက်ဇာတ်သိမ်းသွား ခဲ့တာပဲ သူမအတွက် ကံကောင်းလှပါသည်။ အတိတ်က အရိပ်တချို့ တွေးမိသွားတာကြောင့် သူမအတွက်နှင့် စိတ်ဆင်းရဲပြီး ကွယ်လွန်သွားရသည့် အမေ့ကို သတိရလိုက်မိသည် ။ “မေမေရေ.. ကျွန်မတော့ မေမေ့ ဝဋ်တွေလည် တော့မယ် ထင်ပါရဲ့” ဟု တွေးလိုက်မိသည်။
~~~~~~~~~~~~~~~~
၂။
ဆိုဖာပေါ်တွင် နေကြာစေ့ တစ်ဖြောက်ဖြောက် စားကာ တီဗီဇာတ်လမ်းတွဲ ကြည့်နေသော သမီးလေး ဝတ်ရည်ဘေးတွင် ဒေါ်ခင်တစ်ယောက် ဝင်ထိုင်လိုက်သည်။

“သမီးလေး ဗီဒီယို ကြည့်မလား။ ”

“မေမေဘာကား ငှားထားလို့လဲ ”

“ကာတွန်းကား သမီးရဲ့”

“ဟွန်း... မေမေကလဲ ကာတွန်းကားကြီး။ သမီးက ကလေးမှ မဟုတ်တာ”

“ မေမေ့ အတွက် သမီးက အမြဲတမ်း ကလေးပါပဲ ။ ကဲ...ပါ ဒီကားလေး ကောင်းတယ် သမီးရဲ့”

“ဒါဆိုလည်း ကြည့်မယ်လေ ။”

ဆိုဖာမှထကာ ငှားထားသော ကာတွန်းကားလေးကို ဖွင့်လိုက်သည်။ ဒီကားလေးကို ဒေါ်ခင် နေ့လည်က တစ်ခေါက်ကြည့်ခဲ့ ပြီးပြီ။ သမီးလေးကို ပြချင်စိတ်ကြောင့် နောက်တစ်ခေါက် ပြန်ဖွင့်ခြင်း ဖြစ်သည်။ ထိုနောက် သမီးဘေးက ဆိုဖာတွင် ပြန်ထိုင်ရင်း ကာတွန်းကားလေးကို အတူကြည့် ဖြစ်သည်။

ဇာတ်လမ်း၏ အစတွင် သစ်ခုတ်သမားတစ်ယောက်သည် ပုဆိန်ကို ခါးတွင်ချိတ်ပြီး ထင်းတစ်စည်းကို ထမ်းကာ တောလမ်းအတိုင်း လျှောက်လာသည်။ သူလျှောက်လာရင်း လမ်းနဘေးရှိ ချုံတခုထဲမှ ယုန်ပေါက်လေး တစ်ကောင်ကို တွေ့လိုက်ရတာကြောင့် ဖမ်းယူပြီး တောစပ်တွင် ဆောက်ထားသော သူ့အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနောက် ယုန်ကလေးအတွက် အိမ်ဘေးတွင် ခြံလေးတစ်ခုဆောက်ကာ မွေးမြူထားလိုက်၏။

နေ့စဉ်နေ့တိုင်း ယုန်ကလေးကို အစာကျွေးရင်း သံယောဇဉ်တွေ တိုးပွါးလာပုံ၊ သစ်ခုတ် သစ်ရောင်းပြီး အားလပ်ချိန်တွေမှာလည်း ယုန်ကလေးနှင့် ပြေးလွားဆော့ ကစားရင်း သူ၏ အထီးကျန်မှုတွေ ပြေပျောက်လာရပုံ၊ အထီးကျန် တကိုယ်တည်း ဖြစ်သော သူ့အတွက် ယုန်ကလေးကို ပို၍ သံယောဇဉ် တွယ်လာမိပုံတွေကို ဇာတ်လမ်းထဲတွင် ရိုက်ပြထားသည်။ တဖြည်းဖြည်းနှင့် ယုန်ကလေးသည် သူ့အတွက်အဖော်မွန် ဖြစ်လာရသည်။ သူက ထင်းခုတ်ပြီး ရွာတွေကို သွားရောင်းကာ သူ့အတွက် စားစရာများ ဖန်တီးရသူ ဖြစ်သည်။

ယုန်ကလေးကို မွေးထားပြီးနောက် ယုန်ကလေး အတွက်ပါ စားဖို့သောက်ဖို့ ဖန်တီးရတာ ပိုလာခဲ့သည်။ ထိုသို့ဖြင့် အရွယ်ရောက်လာသည့် ယုန်ကလေးအတွက် မုန်လာဥနီများကို ယခင်ထက် ပိုဝယ်ရတော့သည်။ သူ့အတွက် ရိက္ခာပို၍ နည်းသွားရသော်လည်း ယုန်လေးအပေါ် ထားသည့်သံယောဇဉ်က ယခင်ကထက် ပိုလာခဲ့သည်။ ဇာတ်လမ်း၏ အစပိုင်းတွင် ထိုသူ၏ သံယောဇဉ်ကို ပီပြင်စွာ ရိုက်ပြထားသည်။

ဒေါ်ခင်တစ်ယောက် သူ့ဘေးမှ သမီးလေးကို ငဲ့ကြည့်လိုက်မိသည်။ သမီးငယ်က ဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်နေသည်ကို တွေ့ရသည်။ မကြာခင် သူပေးချင်သော သင်ခန်းစာကို မြင်ရတော့မှာကြောင့် ဒေါ်ခင်မသိမသာ ပြုံးလိုက်ကာ တီဗီကိုပဲ ဆက်ကြည့်နေလိုက်သည်။

အရွယ်ရောက်လာသော ယုန်ကလေးမှာ ထိုခြံလေးထဲတွင် နေရသည်ကို မပျော်မရွင် ဖြစ်လာသည်။ ကာရံထားသော ခြံစည်းရိုး သစ်သားတန်း လေးများ ကြားမှ ဟိုးအဝေးရှိ တောအုပ်လေးကို ငေးငေးကြည့်နေတတ်လာသည်။ တောအုပ်ထဲသို့ သွားချင်ဟန်ရှိသည်။ ထိုသို့ ဖြစ်နေသည်ကို သစ်ခုတ်သမားက သတိထားမိဟန်မတူ။ ယခင်ကလိုပဲ အစာရေစာများ ခွဲဝေကျွေးတုန်း ဖြစ်သည်။ ခြံလေးထဲတွင် ဆော့ကစားနေဆဲ ဖြစ်သည်။ သို့သော် ယုန်ကလေးကတော့ ပို၍ မှိုင်တွေလာခဲ့သည်။

တစ်နေ့သော နံနက်ခင်းတွင် သစ်ခုတ်သမားသည် မုန်လာဥနီလေးကို ကိုင်ကာ ယုန်လေးကို ကျွေးရန် ခြံလေးထဲသို့ ဆင်းလာခဲ့သည်။ ခြံလေးထဲတွင် ယုန်ကလေးကို မတွေ့ရတော့တာကြောင့် သစ်ခုတ်သမား ပြာယာခတ်နေတော့သည်။ ယုန်ကလေးအတွက် စိတ်ပူပင်ကာ ခြံတစ်ခုလုံး လှည့်ပါတ် ရှာဖွေသောအခါ ခြံထောင့် တစ်နေရာတွင် ယုန်ကလေး တူးထားသော ကျင်းငယ်ကလေးတစ်ခုကို တွေ့လိုက်ရ၏။ ထိုကျင်းမှ တဆင့် ယုန်ကလေး ထွက်ပြေးသွားခြင်း ဖြစ်သည်။ သစ်ခုတ်သမားသည် ဝမ်းနည်းခြင်း များစွာဖြင့် ယုန်ကလေး ထွက်ပြေးသွားသော တောအုပ်ကလေးကို ငေးကြည့်နေမိ၏။

“ယုန်ကလေး ထွက်ပြေးသွားပြီပေါ့ ”

“အင်းလေ သူက အပြင်ထွက်ချင်နေတာလေ ။ ”

သမီးငယ်ထံမှ မည်သည့်အသံမှ ဆက်ထွက်မလာ။ ကာတွန်းကားကို စိတ်ဝင်စားစွာ လှမ်းကြည့်နေသည်။

လွတ်မြောက်လာသော ယုန်ကလေးသည် တောထဲတွင် စိတ်တိုင်းကျ ပြေးလွားနေရ၍ ပျော်ရွှင်ကြည်နူးလျှက် ရှိသည်။ ဆာလောင်မွတ်သိပ်လာသည့်အခါ တွေ့သည့် မြက်နုလေးများကို စားရင်း လွတ်လပ်ပေါ့ပါးနေသည့် သူ့ဘဝကို ကျေနပ်နေမိသည်။ စမ်းချောင်းလေးထဲတွင် ပြေးရင်းလွားရင်း ကျောက်တုံးလေများပေါ် ခုန်ပေါက်ရင်း ပါတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျှော့နေသည်။ ထိုအချိန်တွင် ချုံပုတ်များထဲမှ စောင့်ကြည့်နေသော မျက်လုံးများကို ရိုက်ပြထားသည်။

ယုန်ကလေးက သူ့ကို လိုက်လံချောင်းမြောင်းနေသော မျက်လုံးပေါင်းများစွာ ရှိနေသည်ကိုလည်း သတိမထားမိပေ။ ထိုသို့ ပြေးလွား ဆော့ကစားနေရင်း သူ့အပေါ် အရိပ်များ မိုးကျလာတာကြောင့် မော့ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်က ခုန်အုပ်လာသော မြေခွေးသုံးကောင် ဖြစ်သည်။ မကြုံဖူးသော အတွေ့အကြုံကြောင့် လှုပ်ရှားဖို့မေ့နေချိန်မှာပဲ မြေခွေးတို့၏ တစ်စစီ ကိုက်ဖြတ် ဆွဲငင် စားသောက်ခြင်းကို ခံလိုက်ရတော့သည်။ တစ်စစီဖြစ်သွားသော ယုန်ကလေးနှင့် အောင်သေအောင်သား စားနေသော မြေခွေး သုံးကောင်ကို ရိုက်ပြထားသည်။ ထိုနောက် ခြံဝင်းထဲမှ တောအုပ်ထဲသို့ လှမ်းမျှော်ငေးနေသော သစ်ခုတ်သမားလေးကို ရိုက်ပြကာ ဇာတ်လမ်းကို အဆုံးသတ်လိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~
၃။

ဇာတ်ကားပြီးသည့်နောက် ဧည့်ခန်းထဲတွင် သက်ပြင်းချသံ တိုးတိတ်စွာ ထွက်ပေါ်လာသည်။

“ယုန်လေးကလည်း ကောင်ကောင်းမွန်မွန်နေရတာကို ထွက်သွားတယ် ။ ခုတော့ ယုန်လည်းသေ သစ်ခုတ် သမားလည်း စိတ်မကောင်းဖြစ်ရတာပေါ့။ ”

“ အင်း.. ဟုတ်တယ်သမီး ။ ယုန်လေးကို ဘယ်သူ သတ်တာလဲ တွေ့လိုက်လား”

“ မြေခွေးသုံးကောင်လေ”

“ မဟုတ်ဘူးသမီးရဲ့ ယုန်လေးတကယ် သေရတာ မြေခွေးကြောင့် မဟုတ်ဘူး။ တောရဲ့မာယာကို မကျွမ်းကျင်ဘဲ လွတ်လပ်ချင်စိတ်ကြောင့် သေရတာပါ။ မြေခွေးနဲ့ မတွေ့ရင်လည်း တခြားသတ္တဝါနဲ့တွေ့မှာပဲလေ”

ဒေါ်ခင်၏ စကားဆုံးတော့ သမီးဖြစ်သူ ခေါင်းငုံ့သွားသည်။ သူပေးချင်သည့် ဆိုလိုရင်းကို သမီးဖြစ်သူထံ တည့်တည့်မတ်မတ် ပစ်လွှတ်နိင်လိုက်ပြီ ဆိုတာ သဘောပေါက်လိုက်၏။ ဒေါ်ခင်က သမီးဖြစ်သူကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။ သမီးက တွေတွေလေး ငေးနေဆဲ။

ထိုနောက့် သမီးငယ်ကို ရင်ခွင်ထဲ ဆွဲပွေ့ကာ ခေါင်းလေးကို ပွတ်ပေးရင်း သူ့ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသော စကားလုံးများကို သမီးလေးအား ပြောပြလိုက်သည်။

“ မေမေ့ရင်ခွင်ရဲ့ အပြင်ဘက်က လောကဆိုတာ ခုနက တောအုပ်ထက် အန္တာရယ် များပါတယ် သမီးရယ်။ တကယ်တော့ သမီးက မေမေ့ရဲ့ ယုန်ကလေးပါ ။ ”

ဧည့်ခန်းထဲတွင်ပြန်လည်တိတ်ဆိတ်သွားသည်။ သားအမိနှစ်ယောက် အတွေးများဖြင့် ကိုယ်စီ ငြိမ်သက်လျှက် ရှိသည်။

မိခင်ဖြစ်သူ၏ အတွေးထဲမှာ သမီးလေးကို မကြာခင် တစ်နေ့တွင် ခြံကလေးထဲမှ ထွက်ပြေးခဲ့ဖူးသည့် ယုန်ကလေး တစ်ယောက် အကြောင်းကို စိတ်အားတင်းကာ ပြောပြရအုံးမည် ဟု တွေးနေမိသည်။

သမီးဖြစ်သူကတော့ သမီးကမေမေ့ရဲ့ ယုန်ကလေးပါ ဆိုသည့် စကားကို အထပ်ထပ် ကြားယောင်နေမိတော့သည်။
~~~~~~~~~~~~~~~~~~~~~~

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

17 comments:

ကိုဇော် said...

အင်း . . . ယုန်ကလေးက မေမေ့ရဲ့ယုန်ကလေး။ မှန်တာပေါ့။ မေမေကရော ယုန်ကလေးရဲ့ မေမေ ထာဝရ ဖြစ်သွားနိုင်ပါ့မလား။ တစ်နေ့ မေမေ မရှိတော့ရင် ယုန်ကလေး တောအုပ်ထဲမှာ ကျင်လည်စေဖို့ ၊ ကျွမ်းကျင်စေဖို့ တတ်သင့် တတ်ထိုက် ၊ သိသင့် သိထိုက်တာ သင်ပေးတာ ပိုကောင်းမယ် ထင်တယ်။ ဒါကလည်း “ ခြံကလေးထဲမှ ထွက်ပြေးခဲ့ဖူးသည့် ယုန်ကလေး တစ်ယောက် အကြောင်းကို စိတ်အားတင်းကာ ပြောပြလိုက်ရင် ” အဆင်ပြေသွားမယ် ထင်ပါတယ်လေ။

ဇာတ်လမ်းကောင်းလေးပါ။

လင်းခေတ်ဒီနို said...

အိုး မိုင် ဂေါ့ . . . ကောင်းလိုက်တဲ့ ရေးချက် . . . အမွန်ရေ အရေးအသားပိုင်းမှာ နင်က ငါ့ထက် တော် တော် တော် လို့တောင် မကတော့ဘူး မာစတာ ဖြစ်နေပြီး . . . ဆ၇ာမ လို့ပဲ ငါ ခေါ်တော့မယ်း)

မျက်မှန်လေး said...

immm.... ko zaw pyaw ta lo rabbit lay ko law ka gyii mhar kyin lal say phot thin pay thint tar pop...


dar mha may may ma shi tot lel thu ko thu yet t naing mhar pop...


a yay a thar ga lu go swal saung khaw thwar louk aung ko kaung par tel...

(myanmar font office mhar install ma load htar lo burglish ne ble type thwar par tel)...

noblemoe said...

အပေါ်က ကိုဇော်ပြောသလိုပါပဲနော်
ကိုယ်ဘာသာရပ်တည်သွားနိုင်အောင်ပေါ့။
မွန်ရေး
ရေးထားတာအားကျလိုက်တာ
သာယာချမ်းမြေ့ပါစေရှင်း
မိုး

sosegado said...

ပေးထားတဲ့ဥပမာလေးနှင့်၊ ပြောထားတဲ့ဇာတ်လမ်းလေးကကောင်းပါတယ်၊ အမေရဲ့ ကိုယ်တွေ့ယုန်ကလေးဇာတ်လမ်းကို စိတ်ဝင်စားမိပါသည်၊

အဖြူရောင်နတ်သမီး said...

ယုန်ကလေး အကြောင်းဖတ်သွားတယ် မွန်ရေ..

ahphyulay said...

အင်းလေ ..
ယုန်ကလေး လိုပဲ တစ်သက်လုံးနေသွားမယ်
ဆိုရင်တော့  အရောင်အသွေးတို့  စုံလင်နေတဲ့ 
လောကကြီးရဲ့  အရာရာကို ကြုံတွေ့ တိုင်း
ယုံ နေတော့ မှာပဲလေ။ ဂွမ်းကလေးလို နူးညံ့ တဲ့ 
ယုန် ဆိုပေမယ့်  ကြမ်းတမ်းတဲ့ လောကရဲ့ 
ပရိယာယ်မာယာတွေကို ရှေင်တိန်းနိုင်ဘို့  တောထဲ
အရဲစွန့် ထွက်ခဲ့ တာပဲမှန်တယ်လို့ ထင်ပါတယ်။
ယုံတို့ သဘာဝအတိုင်း အန္တရာယ်ရဲ့ အနံ့ တော့ 
သတိနဲ့ အမြဲ ခံ စားနေဘို့ လိုပါတယ်..လို့ ။

မြစ်ကျိုးအင်း said...

ဆယ်ကျော်သက် သမီးတစ်ယောက်နဲ့ မိခင်ရဲ့ သိမ်မွေ့တဲ့ ဆုံးမပုံလေး ပီပြင်ပါတယ်။
ရိုက်နှက်ဆုံးမတာထက်စာရင် အဲဒီလို ရွံ့သားပျော့ပျော့ထဲ ခဲပစ်သွင်းသလို စိတ်ထဲထိ ရောက်အောင် သိမ်းသွင်းနားချတဲ့ နည်းလေးကို ပိုသဘောကျတယ်။

အင်ကြင်းသန့် said...

မွန်ရေ...

မွန့်အတွေးလေးရော အရေးလေးပါလှတယ်။ ပိုစ့်လေးထဲက အမေလုပ်သူက သူ့သမီးကို ပေးချင်တဲ့သင်ခန်းစာကို လှလှပပ သိမ်သိမ်မွေ့မွေ့လေးပေးသွားသလို မွန်ကလည်း စာဖတ်တဲ့သူကို ပေးချင်တဲ့မက်ဆေ့ခ်ျလေးကို သိမ်သိမ်မွေ့မွေ့လေးချပြသွားတာပဲ။း))

ချစ်တဲ့
ဂျင်း

ရွှေပြည်သူ said...

အမေဘာလို့ ကိုယ်တွေကို စိတ်ပူလဲဆိုတာ အသက်ကြီးလေ နားလည်လာလေပါပဲ...

မေတ္တာတရားတွေ ထုံမွှမ်းထားတဲ့ ချစ်စရာ ဇာတ်လမ်းလေးပါ ညီမလေးရေ...

ယုန်ကလေးတွေ ဘေးကင်းကြပါစေ...

wunna said...

စာရေးကောင်းတယ်နော်...အားပေးသွားပါတယ်..

blackcoffee said...

မွန်ရေ ဇာတ်လမ်းလေး ကောင်းတယ်။
ဒါပေမယ့် ကျွန်တော့် အထင် ဘယ်မိဘမှ သားသမီးကို တစ်သက်လုံး ရင်ခွင်ထဲမှာ သိမ်းထားလို့ မရပါဘူးလေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မွန်ရေ..
မေမေရဲ့ သမီးအပေါ် ပညာသားပါပါ ဆုံးမတာလေး သဘောကျလိုက်တာ ကိုယ့်မှာ ညီမလေးတစ်ယောက်ကို ဆုံးမချင်တာ ခုလို ပညာပါပါလေး မဆုံးမတတ်တော့ စိတ်ခုစရာ စကားတွေ ပြောထွက်မိခဲ့တယ်..
စောစောကသာ ဒီပိုစ့်လေး လာဖတ်မိခဲ့ရင် သင်ခန်းစာယူမိကောင်းရဲ့...
ဘလော့က ဘန်နာလေး လှတယ်ပြောလို့ စိတ်ချမ်းသာလိုက်တာ .. ကျေးဇူးတင်ပါတယ်နော်..

rose of sharon said...

မေမေ့ရဲ့ယုန်ကလေးငြိမ်သွားရှာတယ်.... :) ဖတ်လို့ကောင်းတယ်...

PhyoPhyo said...

မွန်မွန်ရေ
မေမေ့ရဲ့ယုန်ကလေး ဖတ်သွားတယ်နော်
ဥပမာလေးပေးပြီး ဆုံးမသွားတာ ဖတ်ရတာ ချစ်စရာလေး
ရေးထားတာ ကောင်းလိုက်တာ

Anonymous said...

စာလေးတွေတိုင်းကသိပ်နုညံ့တယ်နော်
ဖတ်ပြီးရင်စိတ်အေးချမ်းသွားရတယ်

ခင်မင်တဲ့
မိုးမိုး

flowerpoem said...

အမ ရေ ယုန်ကလေး ရဲ့ပုံပြင်က တကယ် သင်ခန်းစာရပါတယ်ရှင်. လူငယ်များ လိုက်နာသင့်ပါတယ်.. နော်