ရေကြည်ချမ်းမြ



အခန်း(၁)
“ထမင်းစားကြမယ်ဟေ့..”

အဖွဲ့ခေါင်းဆောင်၏ ခေါ်သံကြားတော့ အုပ်စိုးတစ်ယောက် ဆောင်းထားသော ဦးထုပ်ကိုချွတ်ပြီး ထမင်းစားရန် လက်သွားဆေးသည်။ ရေထိသဖြင့် လက်ဖဝါးနှင့် လက်ကောက်ဝတ်မှ စပ်ဖျင်းဖျင်း ဖြစ်သွား၏။ ငုံကြည့်လိုက်မိသည့်အခါ သွေးအနည်းငယ် စို့နေသော ပွန်းပဲ့၊ ဒါဏ်ရာတစ်ချို့ကို တွေ့ရသည်။ ထိုထိခိုက်ရှနာများမှ ရေထိသဖြင့် စပ်ဖျင်းဖျင်း ဖြစ်သွားခြင်းဖြစ်သည်။ သိပ်တော့ မထူးဆန်းလှပါ။ ဤအလုပ် စဝင်သည့်နေ့မှ ယနေ့အထိ ငါးရက်အတွင်းတွင် ယခုကဲ့သို့ ထိခိုက် ရှနာများ မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ဒဏ်ရာ အကြီးအသေးသာ ကွာခြားသော်လည်း ဘဝတူ အလုပ်သမားတိုင်း အနည်းနှင့်အများတော့ ထိခိုက်ရှနာ ကြုံကြရစမြဲ ဖြစ်သည်။

တစ်ယောက်တစ်ဗူး ခွဲတမ်းရသော နေ့လည်စာထမင်းဗူးကို စားပြီးသည့်နောက် နေရာလွတ် တစ်ခုတွင် ကျောခင်းလိုက်ပါသည်။ ကြမ်းပြင်ပေါ် ခင်းထားသော ကတ်ထူ စက္ကူပေါ်တွင် ပက်လက်လှဲလိုက်တော့မှ အုပ်စိုး၏ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲနေမှန်း သတိပြုမိတော့သည်။ အလုပ်စဝင်သည့် နေ့ကတည်းက ဤနေ့ထက်တိုင် ထမင်းစားပြီးချိန် ခဏနားတိုင်း နာကျင်ကိုက်ခဲသော ဝေဒနာသည် တိုးဝင်လာစမြဲဖြစ်သည်။

ညအိပ်ခါနီးဆေးလူးပြီး အိပ်သော်လည်း မနက်အိပ်ယာထလျှင် တကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်လွန်းလှသည်။ အလုပ်ထဲတွင် တနေကုန်ထမ်းပိုးခဲ့ရသဖြင့် လက်ဖဝါးနှစ်ဖက်က မျက်နာသစ်ရန် ကွေးချည် ဆန့်ချည်လုပ်၍မရပါ။ လက်ဖဝါးကို အပြားလိုက်ထားကာ မျက်နာသစ်ရသည်။ တဖြေးဖြေးနှင့်မှ သွေးပူလာပြီး လက်ကို ဆုပ်ချည်ဖြန့်ချည် လုပ်နိင်တော့သည်။ ဤသည်က အလုပ်စဝင်ပြီး ဒုတိယမြောက် နေ့ကတည်းက ကြုံတွေ့ရသော ပုံစံတူ ဝေဒနာပင်ဖြစ်သည်။

ထိုင်းနိင်ငံတွင် အုပ်စိုးလာရောက် အလုပ်လုပ်ကိုင်နေသည်မှာ တနှစ်ခန့်ရှိပြီ။ ယခင်ကတော့ အုပ်စိုး၏ အလုပ်မှာ စားသောက်ဆိုင်တစ်ခုမှ စားပွဲထိုးအလုပ်ဖြစ်သည်။ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ရပြီး၊ စားသောက်ခန်းမအတွင်း မနားတမ်း လုပ်နေရသော်လည်း ယခုအလုပ်ထက်များစွာ သက်သာပါသည်။ ထိုကဲ့သို့ သက်သာသော အလုပ်မှ ဤ အလုပ်သို့ ပြောင်းရွေ့လုပ်ကိုင်ဖြစ်သည်မှာ အုပ်စိုး၏ စိတ်ဆန္ဒသက်သက်သာ ဖြစ်သည်။

“ ဒီအလုပ်ကတော့ မင်းလုပ်နိုင်မယ် မထင်ပါဘူးကွာ..။”

သူငယ်ချင်း နိုင်မင်း၏ စကားကို အုပ်စိုး ပြန်လည်ကြားယောင်နေမိသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အုပ်စိုး ဝင်လုပ်နေသော ငြမ်းဆင်ခြင်း အလုပ်မှာ အပင်ပန်းဆုံး ဖြစ်မည်ထင်သည်။ အုပ်စိုး အလုပ်မှာ ဆောက်လက်စ အထပ်မြင့် အဆောက်အဦး၏ အပြင်ပတ်လည်တစ်လျှောက်တွင် သံငြမ်းများ တပ်ဆင်ရသော အလုပ်ဖြစ်ပါသည်။ သံငြမ်းစင် တစ်ခုပေါ် တစ်ခုဆင့်ကာ တိုက်အမြင့်ရှိသ၍ တိုက်တပတ်လုံး ဆက်မိအောင် ငြမ်းဆင်ကြရခြင်း ဖြစ်သည်။

အမြင့်လေးပေခန့်ရှိသော ငြမ်းတိုင်များ၏ အောက်ခြေကို အောက်တွင်ရှိနေသော သံငြမ်းငုတ်များထဲတွင် စွပ်ရသည်။ ထို့နောက် ဘယ်ညာနှစ်ဖက် ထောင်နေသော ငြမ်းတိုင်၏ တန်းပေါ်တွင် ငြမ်းပြားများကို ချိတ်ဆွဲရသည်။ ငြမ်းပြားများ၏ အကျယ်မှာ တစ်ပေခွဲခန့်ရှိသည်။ ငြမ်းပြား၏ ထိပ်နှစ်ဖက်တွင် သံကောက်နှစ်ခုစီပါရှိသည်။ ငြမ်းတိုင်များ၏တန်းကို ထိုသံကောက်ဖြင့် ချိတ်လိုက်သည့်အခါ မိမိ၏ ခေါင်းပေါ်တွင် ငြမ်းပြားခင်းပြီး ဖြစ်သွားသည်။

ငြမ်းပြားခင်းပြီးလျင် ငြမ်းတိုင်နှစ်ခုကို မယိုင်လဲအောင် ကြက်ခြေခတ် သံပိုက်လုံးငယ်ဖြင့် ဆွဲချိတ်ထားရပါသည်။ ငြမ်းခိုင်သွားပြီဆိုလျင် ထိုငြမ်း၏ ခင်းထားသော ငြမ်းပြားအခင်းပေါ် ထပ်တက်ကာ နောက်ထပ် ငြမ်းတိုင်နှစ်ခုကို ဘယ်ညာ စိုက်ထူရပြန်သည်။ ထို့နောက် ငြမ်းပြားခင်း၊ ကြက်ခြေခတ် သံချိတ်တွယ်ရပြန်သည်။ ဤသို့ဖြင့် တစ်ခုပေါ်တစ်ခုဆင့်၊ ဘေး ဘယ်ညာ တစ်ခုစီ ချိတ်ဆက်ရင်းဖြင့် တစ်တိုက်လုံးကို ငြမ်းဆင်ရပါသည်။

ဆောက်လက်စတိုက်များတွင် အပြင်ပတ်လည်၌ ငြမ်းဆင်ရခြင်းမှာ တိုက်မျက်နာပြင်ကို ကျောက်ပြားခင်းသူများ၊ အလူမီနံယံ အပြားချိတ်ဆွဲသူများ ငြမ်းပြားပေါ်တွင် အလွယ်တကူတက်ရောက် လုပ်ကိုင်နိင်ဖို့ဖြစ်သည်။ ထို့အတူ တိုက်တတိုက်လုံး အပြင်ဘက်လုပ်ငန်းများ အချောသပ်သွားလျင်လည်း ငြမ်းပြားများကို အပေါ်ဆုံးမှ နေ၍ ပြန်ဖြုတ်ချရသည်။ ငြမ်းတိုင်များ ၊ ငြမ်းပြားများကို အထပ်လိုက်သယ်ကာ ကားပေါ်တွင်တင်ပြီး နောက်ထပ်အလုပ်လက်ခံထားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သွားရောက်တပ်ဆင်ရပြန်သည်။

အုပ်စိုး အလုပ်ဝင်နေသော သူဌေးသည် ငြမ်းများကို ကိုယ်တိုင်ငှားရမ်းကာ လိုက်လံတပ်ဆင်ပေးသော လုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ဤအလုပ်သည် တိုက်အမြင့်ကို ရောက်လာလေ ပို၍ပင်ပန်းရသည်။ ငြမ်းစင်များပေါ်တွင် ရှိနေသူတို့က ငြမ်းတိုင်များ ၊ ငြမ်းပြားများကို ကြိုးဖြင့် အပေါ်ထိ ရောက်အောင် ဆွဲတင်ကြရပါသည်။

အုပ်စိုးက အမြင့်ပေါ်တက်ရမှာ ကြောက်သည်။ ထို့ကြောင့် မြေပြင်တွင်သာနေ၍ ငြမ်းပစ္စည်းများ သယ်ပိုး ရွေ့ပြောင်းခြင်း၊ ငြမ်းတိုင် ဆယ်ခုလောက်ကို ကြိုးဖြင့်ခိုင်ခိုင်စည်းပေးခြင်း ၊ ငြမ်းပြားအထပ်လိုက်ကို ကြိုးဖြင့်ချည်ပေးရသည့် မြေပြင်မှ အလုပ်ကိုသာ လုပ်ကိုင်ခြင်း ဖြစ်သည်။ အမြင့်ပေါ်တွင်လုပ်သူအတွက် လခပိုများသော်လည်း အမြင့်ကြောက်သည့် စိတ်ကြောင့် ပေးသလောက်ယူကာနောက်လိုက်အဖြစ် မြေပြင်တွင်ပဲ လုပ်ဖြစ်ခဲ့သည်။ သို့သော် နောက်လိုက်အဖြစ်ရသော လုပ်ခကလည်း ယခင် စားပွဲထိုး အလုပ်ထက် သုံးဆ ခန့်များပြားတာကြောင့် ပင်ပန်းသော်လည်း ဒီအလုပ်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ နိင်မင်းကတော့ အုပ်စိုးကို အတန်တန်တားရှာပါသည်။

“ ငွေပိုရတာ မှန်ပေမယ့် ပင်ပန်းသလို အန္တရာယ်လည်း များတယ်ကွာ။ ငါမင်းကို အဲဒီအလုပ် မလုပ်စေချင်ဘူး။ တခြားအလုပ် ရှာပါအုံးလားကွာ”

“ အချိန်တိုတခုအတွင်းမှာ ငါလိုချင်တဲ့ ငွေရဖို့က တခြားအလုပ် ရှာမတွေ့ဘူး သူငယ်ချင်းရယ်။ ငါ ငွေမြန်မြန်ရမှ ဖြစ်မယ်ကွ။ ပြီးတော့ ဒီအလုပ်က နေ့စားအလိုက် တစ်လတခါရှင်းပေးတာဆိုတော့ ။ တစ်လလောက် ကောင်းကောင်းလုပ်လိုက်နိင်ရင် ငါလိုတဲ့ငွေ ပြည့်ပြီလေ”

“ အေးလေ... မင်းက ငွေသိပ်လိုနေတာဆိုတော့ ငါတားရတာလည်း အားမရှိပါဘူး။ အစစ အရာရာ ဂရုစိုက်ပေါ့ကွာ”

“အေးပါ... ငါဂရုစိုက်ပါ့မယ်”

စားပွဲထိုးအလုပ်ဖြင့် အုပ်စိုးဝင်ငွေသည် တစ်လ မြန်မာငွေ နှစ်သိန်းကျော်ခန့် ရှိသည်။ အုပ်စိုး၏ အထွေထွေအသုံးစရိတ်ကို ဖယ်ပြီးနောက် ကျန်ငွေ တစ်သိန်းခွဲကို ခြစ်ခြုတ်စုကာ အမေ့ထံလစဉ်ပြန်ပို့ ပေးခဲ့သည်။ အုပ်စိုးတက္ကသိုလ် ပထမနှစ်မှာပဲ ဖခင်ဆုံးပါးသွားတာကြောင့် ကျောင်းထွက်ပြီး အိမ်၏ နေထိုင်စားသောက်စရိတ်ကို တာဝန်ယူရှာဖွေကျွေးခဲ့သည်။ ထို့နောက် သူငယ်ချင်းတစ်ယောက်၏ အဆင်အသွယ်ဖြင့် ယိုးဒယားနိင်ငံတွင် လာရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။ ခုနှစ်တန်းရောက်နေသော ညီမလေးနှင့် ငါးတန်းကျောင်းသားညီလေး၏ ကျောင်းစရိတ်နှင့် အိမ်၏ နေထိုင် စားသောက်စရိတ်သည် အုပ်စိုး ပို့ပေးသော ငွေဖြင့် အပိုအလျှံသိပ်မရှိဘဲ လစဉ်လည်ပတ်နေခဲ့သည်။

ထိုသို့ ပုံမှန်လည်ပတ်နေရာမှ ဤအလုပ်ကို ပြောင်းလဲဖြစ်သော အကြောင်းသည် လွန်ခဲ့သော နှစ်ပါတ်ခန့်က အမေနှင့် ဖုန်းပြောအပြီးတွင် ဖြစ်ပေါ်လာသည်။ ဖုန်းထဲတွင် အုပ်စိုး မိခင်မှ ငြီးငြီးငြူငြူဖြင့် ပြောသည်။

“ ဒီနှစ်နွေ သိပ်ပူတာပဲ သားရယ်။ ဘေးအိမ်က ရေတွင်းလည်း ခန်းစပြုနေပြီ။ အခုတော့ လမ်းထိပ်က ဦးတင်မြတို့ခြံအထိ ရေသွားထမ်းပြီး ဝယ်သုံးနေရတယ်။”

“ရေစည်လှည်း မှာသုံးလေ အမေရာ... အမေကိုယ်တိုင် မထမ်းပါနဲ့”

“ ရေစည်လှည်းက ဈေးကြီးတယ်သားရဲ့ ... ကိုယ်တိုင်ထမ်းတော့ ဆန်ဖိုး ဆီဖိုးလေး ထွက်လာတာပေါ့ သားရယ်။”

ဦးတင်မြတို့ခြံနှင့် အုပ်စိုးတို့အိမ်မှာ ဝေလံလွန်းလှသည်။ အမေကိုယ်တိုင် ရေထမ်းနေသည်ကို အုပ်စိုး မြင်ယောင်လိုက်မိသဖြင့် စိတ်ထဲ မကောင်းဖြစ်သွားရသည်။ ပင်ပန်းလိုက်တာ အမေရယ်။ ညီမလေးနှင့် ညီလေးက ငယ်သေးတာကြောင့် အမေပဲ ရေထမ်းနေရမည် ထင်ပါသည်။ ဖုန်းပြောပြီး နောက်ပိုင်းရက်များတွင် အုပ်စိုးအတွေးထဲ အကြိမ်ကြိမ်ဝင်နေသည်မှာ လမ်းတစ်လျှောက် အမေရေထမ်း နေသည့် ပုံရိပ်များသာဖြစ်သည်။ ထိုအတွေးသည် ညအိပ်ခါနီးတိုင် တရစ်ဝဲဝဲသာ ဖြစ်နေသည်။ အမေ ပင်ပန်းနေရှာတော့မှာပဲ။

ထိုသို့တွေးရင်းတောရင်းဖြင့် ခြံထဲတွင် ရေတင်သည့် လက်နှိပ်တုံကင်လေး တစ်ခု တူးပေးဖို့ စိတ်ကူးရသွားမိတော့သည်။ နောက်ပိုင်း အဆင်ပြေခဲ့လျင် ရေစုပ်စက်လေးထပ်တပ်မည်။ ယခုလောလောဆယ် လက်နှိပ်တုံကင်လေး ရှိနေလျင် အမေပင်ပန်းရတော့မည်မဟုတ်။ အငယ်နှစ်ယောက် အနေဖြင့်လည်း လက်နှိပ်တုံကင်လေးကိုတော့ နှိပ်နိင်မည် ထင်ပါသည်။

သို့ရာတွင် အပိုအလျှံ မရှိသော အုပ်စိုး၏ လခကြောင့် လက်နှိပ်တုံကင်လေး တူးပေးဖို့ မဖြစ်နိင်မှန်းသိသည်။ ထို့ကြောင့် လခပိုရသော ငြမ်းဆင်သည့် အလုပ်ကို ပြောင်းရွေ့လိုက်ခြင်းဖြစ်ပါသည်။ ဤအလုပ်တွင် တစ်လလောက် ကြိတ်မှိတ်ကာ လုပ်လိုက်လျင် အမေ့အတွက် ရေတုံကင် တစ်ခု တူးပေးနိင်မှာ သေချာသည်။ ငွေပို့သည့် နေ့ရောက်မှ ရေတုံကင်တူးဖို့ အကြောင်းကို ထုတ်ပြောပြမည်။ ထိုအခါ အမေဝမ်းသာသွားမှာ သေချာသည်။ အမေ့အပြုံးမျက်နာကို မြင်ယောင်မိသည့်အခါ အုပ်စိုးကိုယ်ထဲသို့ ခွန်အားတစ်ချို့စီးဝင်လာတော့သည်။

“အလုပ်ပြန်စမယ်ဟေ့”

အလုပ်ရှင်သူဌေး၏ အော်သံကြောင့် အုပ်စိုးလှဲနေရာမှ အလူးအလဲထကာ ဦးထုပ်ကို ပြန်ဆောင်းပြီး ငြမ်းပုံတွေဆီ ခပ်သွက်သွက်လျှောက်လာခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခန်း(၂)

“ အုပ်စိုး.. မင်း အလုပ်ဝင်တာလည်း ဆယ်ရက်လောက် ရှိပြီဆိုတော့ အပေါ်တက်နိင်မလား။ ဒီနေ့ လူသစ်နှစ်ယောက် လာလို့ သူတို့တွေကို အောက်မှပဲ နေခိုင်းမယ်။ ဟိုကောင် စီကောင်းလည်း အလုပ်မလာလို့ အပေါ်အတွက် လူလိုနေတယ်ကွ။ ဘယ်လိုလဲ .... မင်းတက်နိင်တယ်မဟုတ်လား ”

ယိုးဒယားလူမျိုး အလုပ်ရှင်သူဌေးသည် အလုပ်ဝင်ချိန် မနက် ရှစ်နာတိုင်း အလုပ်သမားများကို စစ်ဆေးကာ အလုပ်နေရာချထားလေ့ရှိသည်။

“ ကျွန်တော် တစ်ခါမှတော့ မတက်ဖူးသေးဘူးဆရာ... ဒါပေမယ့်လူမရှိရင်တော့ တက်ပါ့မယ်။”

“ သူတို့လုပ်တာတွေ မင်းလည်းမြင်နေတာပဲ။ ခက်ခက်ခဲခဲ မရှိပါဘူး။ ”

“ ဟုတ်ကဲ့..ဆရာ”

“ ခါးပတ်ကြိုးသေချာပတ်။ ငြမ်းပြားတစ်ပြားနဲ့ တစ်ပြားကူးတဲ့အချိန် ဂရုစိုက်ရင် ဘာမှပြဿနာမရှိပါဘူးကွ”

“ ဟုတ်ကဲ့ပါ ဆရာ”

သူဌေးတစ်ယောက်၏ သူ့လုပ်ငန်းခွင် အဆင်ပြေချင်စိတ်ဖြင့် ပြဿနာမရှိပါဟု ပြောနေသော်လည်း အုပ်စိုးအတွက်တော့ အမြင့်ကိုတကယ်တက်ရတော့မည် ဆိုသည့်အခါ ခါးပတ်ကြိုးပတ်နေရင်း ရင်ထဲတွင် အနည်းငယ် တုန်လှုပ်နေမိသည်။ ငယ်စဉ်ကထည်းက အမြင့်ကြောက်လွန်းတာကြောင့် ဘဝတွင် တစ်ကြိမ်တစ်ခါမျှ ချားရဟတ်ပင် မစီးဖူးခဲ့။ လိုင်းကားဖြင့် ဖြစ်စေ၊ စက်ဘီးဖြင့်ဖြစ်စေ ကုန်းအမြင့်မှ အရှိန်နှင့် ဆင်းလိုက်တိုင်း အသဲအေးသွားခဲ့ရမြဲဖြစ်သည်။ ယခုတော့ နဖူးတွေ့ဒူးတွေ့ကြုံရပြီ။ နောက်ဆုတ်ရှောင်တိမ်း၍ မရတော့တာကြောင့် စိတ်အားတင်းလိုက်ရ၏။ လက်သီးကို တင်းတင်းဆုပ်ကာ အုပ်စိုး တိုးတိုးလေး ရေရွတ်လိုက၏။ သားကိုခွန်အားတွေပေးပါအမေ။

ယခုလက်ရှိရောက်နေသည့် ငြမ်းအဆင့်ကို တခြားသူများလို မြေပြင်မှနေပြီး တွယ်ကပ်မတက်ရဲတာကြောင့် တိုက်၏အတွင်းဘက် လှေကားမှ အုပ်စိုး ပြေးတက်လာခဲ့သည်။ မနေ့ကအထိ ငြမ်းဆင်ထားသည်မှာ တိုက်အမြင့် ကိုးထပ်အထိ ရောက်နေခဲ့ပြီ။ ကိုးထပ်၏ ပြတင်းပေါက်မှ ကျော်ဆင်းကာ ငြမ်းပြားပေါ် ခြေချလိုက်သည်။ ဘေးက ငြမ်းတိုင်ကို ဆုပ်ကိုင်ရင်း အောက်ကိုငုံ့မကြည့်ရဲသဖြင့် တိုက်အတွင်းဘက်ကို ငေးနေလိုက်သည်။ ညသိပ်ထားသည့် အအေးချိန်ကြောင့် ငြမ်းတိုင်၏ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရသည်။ လုံခြုံရေးခါးပါတ်ကြိုးကို အနီးဆုံးတိုင်တွင်လှမ်းချိတ်လိုက်သည်။

တစ်ခြားသူများခါးတွင် လုံးခြုံရေး ခါးပါတ် တပ်ထားသော်လည်း ကိုယ်တွင်သာ စလွယ်သိုင်း ပြန်ပတ်ထားကြသည်။ ငြမ်းဆင် ငြမ်းဖြုတ်ရာတွင် ဟိုဘက်ဒီဘက် ခြေလှမ်းရွေ့တိုင်း ခါးပတ်ကို ဖြုတ်လိုက်တပ်လိုက် လုပ်ရတာကြောင့် အလုပ်မတွင်ပေ။ ထို့ကြောင့် အုပ်စိုးကလွဲလျင် မည်သူမှ ခါးပတ်ကြိုးကို ချိတ်မဆွဲထားကြပါ။ စစ်ဆေးရေးအဖွဲ့ ရောက်လာချိန်တွင်သာ ဒဏ်ရိုက်မခံရစေရန် သံတိုင်တစ်ခုခုတွင် အတပ်ပြထားဖို့အတွက် ပတ်ထားကြသူများဖြစ်သည်။

အုပ်စိုးကတော့ ငြမ်းတစ်ပြားမှ တစ်ပြားသို့ ခြေလှမ်းသွားတိုင်း ခါးပါတ်ကြိုးကို ဖြုတ်လိုက် တပ်လိုက်ဖြင့် အလုပ်များနေမိသည်။ မတတ်နိင်ပါ။ ခန္ဓာကိုယ်ကို တခုခုဖြင့် ချိတ်ဆက်ထားသည့် ခံစားချက် ရှိမနေလျင် အုပ်စိုး ဆက်လက် ရပ်တည်နိင်မည်မထင်ပါ။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်လည်း ရှိမည်မဟုတ်။

“ ငြမ်းပြား ဆွဲတင်မယ် ဒီဘက်လာကောင်လေး”

အလုပ်သမားခေါင်းဆောင်၏ ခေါ်သံကြောင့် ချိတ်ထားသော ခါးပတ်ကြိုးကိုဖြုတ်ကာ ထိုသူဘက်ကိုတိုးသွားလိုက်သည်။ ထို့နောက် အနီးဆုံ ငြမ်းတိုင်တွင် ကြိုးချိတ်ကာ ငြမ်းပြားအစည်းလိုက်ကြီးကို ကိုးထပ်အမြင့်သို့ ကြိုးဖြင့်ဆွဲတင်ကြသည်။ နင့်နေအောင်လေးသော ငြမ်းပြားအစည်းကြီး အောက်ပြန်ပြုတ်ကျမသွားစေရန် နိင်လွန်ကြိုးကို တင်းတင်း ဆုပ်ကာ သူတစ်လှည့်ကိုယ်တစ်လှည့် ဆွဲတင်ကြသည်။ လေးလှချည်ရဲ့။ သို့သော် စိတ်မလျှော့ရဲပါ။ အပေါ်ကို မရောက်မချင်း အုပ်စိုး အသက်ပင် ရဲရဲ မရှူမိ။ လက်ထဲမှ ပြန်လွတ်ကျသွားမည်ကို စိတ်ပူနေမိသည်။ လက်ဖဝါးများ ကျိန်းစပ်နေသည်ကိုပင် သတိမထားမိ။ ငြမ်းပြားအစည်းကြီး အပေါ်ထိရောက်လာမှ သက်ပြင်းချရဲတော့သည်။ ထို့နောက် ခဏအနားယူပြီး ငြမ်းတိုင်များကို ဆွဲတင်ရပြန်သည်။

အပေါ်ရောက်လာသော ငြမ်းတိုင်နှင့် ငြမ်းပြားများကို လိုက်ဆင်ရသည်။ ကြောက်ရွံ့စိတ်ကြောင့် ခြေလှမ်းအရွေ့တိုင်းမှာ ခါးပတ်ကြိုးကို ဖြုတ်လိုက် အနီးဆုံးတိုင်တွင် တပ်လိုက်နှင့် လုပ်နေရသဖြင့် အုပ်စိုး အလုပ်မတွင်မှန်း သိပါသည်။ ကြာလာတော့ ကိုယ်နှင့်တွဲလုပ်နေရသော အိမ်ရှင်နိင်ငံသားများထံမှ စိတ်မရှည်သံများ တစ်ချက်တစ်ချက် ထွက်လာသည်။ ဆဲဆိုစပြုလာသည်။ ဝမ်းနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းသည် အုပ်စိုးနှလုံးအိမ်ကို တချက်စီ ရိုက်ခတ်နေတော့သည်။ မြေပြင်ရဲ့အထက် တော်တော်မြင့်သည့်နေရာတွင် အုပ်စိုးရောက်ရှိနေကြောင်းကို အသိတရားက ဝင်သက်ထွက်သက်တိုင်း သတိပေးနေသည်။ မေ့မထားနိင်လေ အုပ်စိုးကြောက်ရွံ့လေဖြစ်သည်။

ငြမ်းအကူးအပြောင်းတိုင်း နီးစပ်ရာကို ခပ်တင်းတင်းဆုပ်ကိုင် မိသဖြင့် အုပ်စိုးလက်ဖဝါးတွေ ကျိန်းစပ်လှပြီ။ ခြေထောက်တွင် အားလျော့နေသလို ဟာတာတာခံစားရသည်။ နားထင်မှ စီးကျလာသော ချွေးစေးများသည် လက်ခုံပေါ် သို့မဟုတ် ငြမ်းပြားပေါ် သို့မဟုတ် ငြမ်းပြားအပေါက်များ ကြားမှ တိုက်အောက်အထိ တစက်ချင်း ကျနေလေတော့သည်။ ငြမ်းတဆင့်ပေါ်မှ နောက်တဆင့်ပေါ်ကို တွယ်တက်တိုင်း ငြမ်းတိုင်များကို လိုအပ်သည်ထက် ပို၍ဖျစ်ညစ် ဆုပ်ကိုင်မိသည်ကို သတိပြုမိသော်လည်း သက်သောင့်သက်သာ ဖြစ်ဖို့အုပ်စိုး အားမထုတ်နိင်ခဲ့။

တကယ်တော့ ဒီအလုပ်ကို စိတ်ကြမ်းလူကြမ်းသမားများသာ လုပ်လေ့ရှိသည်။ လက်ရှိလုပ်နေသူများမှာ နေပူပူတွင် နောက်ကျောပြောင်ဖြင့် ငြမ်းဆင်ရင်း ဘီယာသောက်နိင်ကြသူများဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်ဆဲဆိုရင်း၊ အော်ဟစ်ရင်း လက်မောင်ကြွက်သားများ အပြိုင်းပြိုင်းဖြင့် ဆွဲတင် ၊ တွန်းထိုး ၊ ချိတ်ဆက်နိင်ကြသူများဖြစ်သည်။ ဤအဖွဲ့ထဲတွင် အုပ်စိုးက ခန္ဓာကိုယ်အသေးငယ်ဆုံး နှင့် အသက်ငယ်ဆုံးဖြစ်သည်။ သို့သော် အုပ်စိုးရင်ထဲက အမေ့အတွက် ရေတုံကင်တူးပေးချင်ဇောကတော့ ထိုသူများ၏ စိတ်ဆန္ဒဇောကို ယှဉ်နိင်မည်ထင်ပါသည်။

“ထမင်းစားကြမယ်ဟေ့”

အချိန်တွေ ဘယ်လိုကုန်သွားမှန်းပင် မသိလိုက်ပါ။ အလုပ်သမားခေါင်းဆောင်၏ ဆော်သြသံထွက်လာမှပဲ စိတ်ပေါ့ပါးသွားသည်။ အနီးဆုံးပြတင်းပေါက်မှ ကျော်ဝင်ကာ တိုက်ကြမ်းပြင်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။ နံရံကို မှီထိုင်ရင်း တဆတ်ဆတ်တုန်နေသော ရင်ခုန်သံကို ပြန်ကြားနေရသည်။ ဦးထုတ်ကို ဆွဲချွတ်ကာ လက်နှစ်ဖက်ဖြင့် ဆံပင်တွေထဲ ထိုးသွင်းလိုက်သည်။ ရွဲနစ်နေသော ချွေးစေးများကို စမ်းမိသည်။

ထိုနေ့နေ့လည်ခင်းမှာ အုပ်စိုးထမင်းကောင်းစွာ မစားနိင်။ မောဟိုက်နေသော ရင် နှင့် ကျန်ရှိနေသေးသော ညနေတပိုင်းကို ထပ်မံရင်ဆိုင်ရအုံးမည့် စိုးရိမ်စိတ်တို့ဖြင့် အုပ်စိုး စားမဝင်ခဲ့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခန်း(၃)

ကိုစီကောင်း အလုပ်မလာသည့် တစ်ရက်သာ အပေါ်တက်ရမည် ထင်ခဲ့သော အုပ်စိုးကို သူဌေးက နောက်ရက်များတွင်ပါ ငြမ်းပေါ်တွင်သာ ဆက်လုပ်ခိုင်းခဲ့သည်။

“ တက်စရှိသွားတော့လည်း အိုကေတာပဲ မဟုတ်လား ။ အပေါ်မှာက လူ ပိုပြီးလိုတယ် အုပ်စိုးရ ”

ပထမဆုံးတစ်ရက်မှာ မငြင်းခဲ့တာကြောင့် နောက်ရက်များတွင် ပို၍ ငြင်းရခက်သွားသည်။ ဤသို့ဖြင့် ငြမ်းပေါ်တွင် တုန့်နှေးနှေးရွေ့လျားရင်းဖြင့် သုံးရက်တာ အချိန်ကုန်သွားသည်။ ပထမဆုံးနေ့ကလောက် အမြင့်တက်ရတာ ကြောက်ရွံ့မနေတော့ပေမယ့် အောက်ကိုငုံ့ကြည့်လိုက်တိုင်း အုပ်စိုးအနည်းငယ် အသဲအေးနေဆဲဖြစ်သည်။ ဒီတစ်လသာ ငြမ်းဆင်သည့်အလုပ်လုပ်မည်ဟု အကြိမ်ကြိမ်တွေးနေမိသည်။ မနက်ခင်းသည် နေခြည်နွေးနွေးဖြင့် စတင်နေသည်။

အုပ်စိုးတို့ ငြမ်းဆင်နေသည်မှာ ၁၄ထပ် အမြင့်ထိ ရောက်ရှိနေပြီ။ အနည်းငယ် ကျင့်သားရလာသော်လည်း အမြင့်ကြောက်သည့် စိတ်ကတော့ ဝင်နေဆဲဖြစ်သည်။ ငြမ်းပြားများပေါ်တွင် သွက်သွက်လက်လက် လမ်းမလျှောက်ရဲသေးပါ။ ထို့ကြောင့် အအော် အငေါက်နှင့် အဆဲအဆိုတို့ မကြာမကြာထွက်လာနေခြင်းဖြစ်သည်။ သုံးရက်ကြာသည်အထိ အုပ်စိုး ခြေလှမ်းရွေ့တိုင်း ခါးပတ်ကြိုးချိတ်တုန်း ဖြစ်သည်ကို သူတို့အနေဖြင့် အလုပ်ဖင့်သည်ဟု ယူဆကာ မကြာမကြာ အော်ငေါက် ဆဲဆိုကြခြင်းဖြစ်သည်။ ဆဲဆိုနေသော်လည်း အုပ်စိုး သူတို့ကို အပြစ်မတင်ပါ။ အလေးအပင်ပစ္စည်းများနှင့် အမြင့်တွင် လုပ်ရသည့်အခါ လူတိုင်း တက်ညီလက်ညီနှင့် ဟန်ချက်ညီမှ ဖြစ်မည်ကို သဘောပေါက်ပါသည်။ ထိုအခါ အုပ်စိုး တောင်းပန်ရပြန်ပါသည်။

တောင်းပန်ရသည့် အကြိမ်များလာသောအခါ ကိုယ့်ကိုကိုယ်သာ စိတ်တိုလာမိသည်။ ထို့ကြောင့် ခါးပါတ်ကြိုးကို ကိုယ်တွင် ပြန်ပတ်ကာ အုပ်စိုး ရဲရင့်ဖို့ ကိုယ်ကိုကိုယ် အားထုတ်ရတော့သည်။ တစ်ပေကျော်ခန့် ကျယ်သော ငြမ်းပြားပေါ်တွင် သေသေချာချာရပ်ကာ ငြမ်းပြားကို လက်နှစ်ဖက်ဖြင့် ဆွဲမပြီး ငြမ်းတိုင်၏ ဘယ်ညာတန်းနှစ်ဖက်တွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် ကြက်ခြေခတ်သံပိုက်များ တပ်ဆင်ကာ၊ ဘေးဘက်က ငြမ်းပြားကို လျှောက်သွားလိုက်သည်။ ထို့နောက် တိုင်ထူ၊ ငြမ်းပြားခင်း၊ ဤသို့ဖြင့် ငြမ်းများကို တစ်ခုပြီးတစ်ခု ဆက် ဆက်သွားသည်။ ခါးပတ်ကြိုး မချိတ်တော့တာကြောင့် အလုပ်က သိသိသာသာမြန်လာသည်။ ဆဲဆိုသံများ မထွက်လာတော့။

မနက် ၁၁ နာရီခွဲခန့်အချိန်သည် အုပ်စိုးတို့လုပ်ငန်းခွင်တွင် အလုပ်လုပ်၍ အရှိန်ရနေသော အချိန်ဖြစ်ပါသည်။ မနေ့က နာကျင်ကိုက်ခဲမှုတို့ ပျောက်ပြီး သွေးများပူနွေးစွာ လည်ပတ်စီးဆင်းနေချိန်လည်း ဖြစ်သည်။ ညာသံပေးကာ ငြမ်းတိုင်နှင့်ငြမ်းပြားအစည်းများ ဆွဲတင်ကြသည်။ ခပ်သွက်သွက်ချိတ်ဆက် တပ်ဆင်နေကြသည်။ လူတိုင်း လှုပ်ရှားမှုတို့ မြန်ဆန်နေ၏။ အုပ်စိုးကိုယ်တိုင်ပင် သွက်လက်နေမိသည်။ ငြမ်းတိုင်ထူလိုက် ငြမ်းပြားခင်းလိုက်ဖြင့် လုပ်ငန်းခွင်တွင် အရှိန်ရနေတော့သည်။

“မြန်မြန်လုပ်ကြဟေ့ ထမင်းစားချိန်ရောက်တော့မယ်။ ”

မကြာခင် ထမင်းစားနားချိန်ရောက်တော့မည် ဖြစ်သဖြင့် အလုပ်သမားခေါင်းဆောင်မှ သတိပေးလိုက်သည်။ အနားယူရတော့မည့် အချိန်ရောက်တော့မှာကြောင့် အားလုံးကိုယ်စီ အရှိန်တိုးကာ သွက်သွက်လက်လက် လုပ်နေကြ၏။ အုပ်စိုးကိုယ်တိုင် ငြမ်းများပေါ်တွင် ရဲရင့်စပြုလာခဲ့ပြီ။

ညက အမေ့ကို အိမ်မက်သည်။ အိမ်မက်ထဲတွင် အမေက ပြုံးနေသည်။ သားရေချိုးတော့မလား ဒီတစ်ထမ်းဆို တိုင်ကီပြည့်ပါပြီ ဟု ရေထမ်းပုံး ပုခုံးပေါ်တင်ရင်း လှမ်းပြောသည်ကို မက်ခဲ့သည်။ အုပ်စိုး ရင်ထဲတွင် တိုးတိုးလေး အမေ့ကိုလှမ်းပြောလိုက်သည်။ “မကြာတော့ပါဘူးအမေ။ ကျွန်တော့်ချွေးစက်တွေက ရေကြည်တွေ ဖြစ်လာတော့မှာပါ။ အမေရေထမ်းစရာ မလိုတော့ပါဘူး။” အမေ့ကို တိုင်တည်ညည်းရင်း ငြမ်းတိုင်တစ်ခု ဆွဲယူကာ စိုက်ထူလိုက်သည်။ ထို့နောက် ငြမ်းပြားကို လက်နှစ်ဖက်ဖြင့် ဆွဲမကာ ရှေ့ကို လှမ်းလိုက်ချိန် နောက်တွင်ကျန်ခဲ့သော ငြမ်းတိုင်တွင် ငြမ်းပြားထိပ်မှ သံကောက်က ချိတ်မိသွားတာကြောင့် အုပ်စိုးခန္ဓာကိုယ် တုန့်ခနဲဖြစ်သွားသည်။ ရုတ်ခနဲ ဟန်ချက်ပျက်သွားသဖြင့် ငုပ်လျှိုနေသော ကြောက်ရွံ့စိတ်က ဝုန်းခနဲ ရင်ထဲကိုတိုးဝင်လာသည်။ ကြောက်လန့်တကြားဖြင့် ရှေ့ကငြမ်းတိုင်ကို လက်တဖက်မှ လှမ်းဆွဲလိုက်မိသည်။
ထိုအခါ လက်နှစ်ဖက်ဖြစ် ရွက် မ ထားသော ငြမ်းပြားမှာ အုပ်စိုးကိုယ်ပေါ်ပြုတ်ကျကာ ခြေလှမ်းမှာ ပို၍ဟန်ချက်ပျက် သွားသည်။

“ကောင်လေး သတိထား”

ဘေးဘက်မှ သတိပေးသံ ထွက်ပေါ်လာ၏။ စိတ်ထဲတွင် အေးခနဲဖြစ်သွားရသည်။ အောက်ခြေအခင်းပေါ် နင်းကာ ဟန်ချက်ထိန်းဖို့ ကြိုးစားမိသော်လည်း အုပ်စိုးနင်းမိသည်က လေဟာနယ်သာဖြစ်သည်။

အုပ်စိုးရင်ထဲတွင် အေးခနဲဖြစ်ကာ အသိတရားတို့ ကင်းလွတ်သွားရတော့သည်။ ကမ္ဘာမြေပြင်သည် အုပ်စိုးထံကို အလျင်အမြန်ပြေးကပ်လာနေသည်။ အုပ်စိုး စူးစူးဝါးဝါးအော်မိသလား မသေချာပါ။ လေထုထဲတွင် အချိန်ဘယ်လောက် ကြာခဲ့သည် ဆိုတာလည်း မသိတော့ပါ။ ခန္ဓာကိုယ်တစ်ခုလုံး ပူခနဲဖြစ်သွားချိန်တွင် မြေပြင်ပေါ် ရောက်ရှိနေလေပြီ။ အသိတရား စုစည်းမိချိန် တဒင်္ဂကလေးတွင် အုပ်စိုးငတ်ငတ်မွတ်မွတ် တမ်းတမ်းတတ အော်လိုက်မိပါသည်။

“ အမေ.....”

ထို့နောက် အမှောင်ထုတခုပြေးဝင်လာပြီး အုပ်စိုးကို ဖုံးလွှမ်းသွားတော့သည်။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
ps; ဤပို့စ်ပါ လုပ်ငန်းခွင် အချက်အလက်များကို အကြိမ်ကြိမ် အခါခါ ရှင်းပြသော သူငယ်ချင်းဖြစ်သူကို ကျေးဇူးတင်ရှိပါသည်။

21 comments:

ကိုဇော် said...

အင်း . . . ဒီလို အဖြစ်မျိုးတွေ မြင်ရ ကြားရတာ တယ်လည်း နားမသက်သာပါဘူး။ ကိုယ့်နိုင်ငံမှာ ရှာမရတော့လည်း စွန့်စားကြရတာပဲ မဟုတ်လား။

Anonymous said...

ညီမ ရေ

ဖတ်သွားတယ် စိတ်မကောင်းဖြစ်မိတယ်

ခင်တဲ့
အမရွှေစင်

မိုးခါး said...

း(

ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေတာ မပြည့်ဘူး ...း((

လသာည said...

စိတ်မကောင်းစရာလေးနော် (--)

သတိရလို့ လာလည်သွားတယ် ညီမလေး..။

မျိုးမင်း said...

nice
touch heart!!

sosegado said...

ဘယ်နေရာမှာ ဘာပဲလုပ်လုပ် သတိရှိဘို့လိုပါတယ် ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်

Margaret Joe said...

ရေတုန်ကင်လေး...အမေရပါစေလို့..ဆုတောင်းရင်း
ရင်တထိတ်ထိတ်နဲ့ဖတ်တာ...ခံစားရတယ်ကွယ်
ဒီလိုမျိုးပါပဲ..လူတိုင်းလိုလိုမှာ..မပြည့်စုံဘူးဆိုတဲ့..လိုအပ်ချက်တွေကြောင့်ဒုက္ခတွေခံပြီး..လူပ်ရှားနေကြရတာပါ

ahphyulay said...

အင်း...
တိုင်းပြည်ဆင်းရဲတော့ လည်း..၊
ဒီလိုအဖြစ်မျိုးတွေက ကိုယ်တိုင်လည်း
ကြုံနေရတော့  စာနာစိတ်နဲ့  ဖတ်ခဲ့ ပါတယ်။

ရွှေပြည်သူ said...

လုပ်ငန်းခွင် အချက်အလက်တွေကို သူငယ်ချင်းဆီက သေချာအသေးစိတ်လေ့လာပြီးမှ ရေးခဲ့တယ်ဆိုတာ သိပ်ပေါ်လွင်ပါတယ် ညီမလေးမြတ်ရေ... စာကောင်းတစ်ပုဒ်အတွက် အားထုတ်မှုကို လေးစားမိပါတယ်...

မြစ်ကျိုးအင်း said...

စာကောင်းရင် အထားခံတယ်။
ဘယ်အချိန်ပြန်ဖတ်ဖတ် အရသာ အသစ်လို ခံစားရစေမှာပါပဲ။
သေသေချာချာ ဂရုတစိုက် ရေးတဲ့ အလေ့အကျင့်လေး အမြဲရှိနေဖို့ အားပေးပါတယ်။

သော်ဇင်စိုး said...

မွန်မြတ်တဲ့ စိတ်ဓာတ်ကြောင့် နတ်ပြည်ရောက်မှာတောင် မလိုချင်ပဲ.. ရေတုံကင်လေးပဲ လိုချင်နေမှာပဲ..
ဒီလိုသတင်းဆိုးတွေ ဘယ်အချိန်မှ ကုန်မှလဲ မသိတော့ဘူး.. ဒီလိုအဖြစ်အပျက်တွေကို အရင်က မလေးရှားမှာ အလောင်းတွေကိုတောင် ဖျောက်ပစ်သေးတယ်.. မြန်မာမှာ ရှိတဲ့ ဆွေမျိုးသားချင်းတွေကတော့ ရှင်နေသေးတယ် ထင်နေတာပေါ့.. မွန်မြတ်တဲ့စေတနာတွေလေ.. အသက်နဲ့ ရင်းနေကြရတယ်..

သော်ဇင်စိုး said...

မွန်မြတ်တဲ့ စိတ်ဓာတ်ကြောင့် နတ်ပြည်ရောက်မှာတောင် မလိုချင်ပဲ.. ရေတုံကင်လေးပဲ လိုချင်နေမှာပဲ..
ဒီလိုသတင်းဆိုးတွေ ဘယ်အချိန်မှ ကုန်မှလဲ မသိတော့ဘူး.. ဒီလိုအဖြစ်အပျက်တွေကို အရင်က မလေးရှားမှာ အလောင်းတွေကိုတောင် ဖျောက်ပစ်သေးတယ်.. မြန်မာမှာ ရှိတဲ့ ဆွေမျိုးသားချင်းတွေကတော့ ရှင်နေသေးတယ် ထင်နေတာပေါ့.. မွန်မြတ်တဲ့စေတနာတွေလေ.. အသက်နဲ့ ရင်းနေကြရတယ်..

rose of sharon said...

စိတ်မကောင်းလိုက်တာကွယ်... ဖတ်ပြီးရင်ထဲနင့်သွားတယ်....

blackroze said...

အမွန်

ဖတ်ပြီးစိတ်မကောင်းဖြစ်သွားတယ်..

လင်းခေတ်ဒီနို said...

အရေးအသား အရမ်းတက်လာတယ် ကောင်းလာတယ် အမွန်ရေး)

ခင်မင်တဲ့
ဗညား

လရိပ်အိမ် said...

စိတ်ထဲထင့်တဲ့အတိုင်းဘဲ။ ဖတ်လို့ကောင်းတယ်မြတ်မွန်ရေ။ အမြဲအားပေးနေမယ်။
ခင်တဲ့
လရိပ်အိမ်

အနော် said...

ဖတ်နေရင်း စိတ်ထဲ ကြိုတွက်ထားမိနေရင်းနဲ့တောင် ကယောင်ကတမ်းပြုတ်ကျသွားတယ်.. :(

စိတ်၏ဖြေရာ said...

ညီမလေးရေ
ပြန်လာပါပြီ။ထိုင်ဝမ်သင်္ကြန်ကပျော်စရာကြီးနော်။
ရေကြည်ချမ်းမြကိုဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်။
အကြောင်းအမျိုးမျိုးကြောင့်ပြည်ပမှာဆင်းရဲပင်ပန်းစွာ
အလုပ်လုပ်နေကြရတဲ့သူအားလုံးအန္တရယ်ကင်းဘေးရှင်း
စိတ်အေးချမ်းသာစွာအလုပ်လုပ်နိုင်ကြပါစေလို့ဆုတောင်းမိပါတယ်။

Aung Phyo Thein said...

စိတ်မကောင်းဘူးဗျာ။ကံပဲလို့ တောင်...မပြောရက်ဘူးဗျာ။

sai said...

အရေးအသား ညက်တယ်ဗျာ..မိုက်တယ်...များများရေးနိုင်ပါစေ

အင်ကြင်းသန့် said...

ရင်ထဲမှာ နင့်သွားတယ်....။း(


မွန်စာရေးတာ အရမ်းတော်တယ်။ ဆွဲဆောင်မှုအရမ်းရှိတယ်။ ဆက်ပြီး စာကောင်းတွေအများကြီးရေးနိုင်ပါစေမွန်....။

ချစ်တဲ့
ဂျင်း