ဥပေက္ခာအမှား

ကျွန်တော့်ဘဝတွင် ကြုံခဲ့ဖူးသည့် စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုကို မကြာခဏ ပြန်မြင်နေယောင်မိသည်။ ထိုအဖြစ်အပျက်သည် ကျောင်းမှ အိမ်ပြန်လမ်းတစ်ခုတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ ဘတ်စ်ကား မှတ်တိုင်တွင် ကားစောင့်နေကြသည်။ အိမ်ပြန်ရောက်ချင်စိတ်ကြောင့် ဘတ်စ်ကားလာရာဘက်ကို စောင့်ငေးနေသော ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူက အနားကပ်၍ ခပ်တိုးတိုးပြောသည်။

“ဟေ့ကောင်... အရှေ့က ကောင်မလေးကို ကြည့်လိုက်။ ”

သူ့စကားကြောင့် ညွှန်ပြရာသို့ ကြည့်လိုက်မိသည်။ ဆံပင်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် လှပကျော့ရှင်းသည်ဟု ယူဆရသည့် အမျိုးသမီးလေး တစ်ယောက်နှင့် သူမနံဘေးနားရှိ ပုပုဝဝ ထိပ်ပြောင်ပြောင် အသက် ငါးဆယ်ခန့်ယောကျာ်းကြီး တစ်ယောက်တို့ဖြစ်သည်။ ကားစောင့်နေဟန်တူသည်။ ဘာမှ ထွေထွေထူးထူး မရှိလှ။

“ဟိုစုံတွဲလား...ဘာထူးဆန်းလို့လဲ။ ”
“မင်း မသိမသာ ကြည့်နေ။ ဘေးနားက ဟိုလူကြီး အဲဒီကောင်မလေးကို လက်သရမ်းနေတယ်။ ”


သူငယ်ချင်း၏ စကားကြောင့် သူ၏ လေးလံထိုင်းမှိုင်းနေသည့် စိတ်တို့ အဝေးသို့ လွင့်စင်ကာ ထိုကောင်မလေးကို ဂရုတစိုက် စောင့်ကြည့်နေမိတော့သည်။ ကောင်မလေးသည် ပထမရပ်နေသည့် နေရာမှ အနည်းငယ် ရွေ့ကာ နေရာပြောင်းလိုက်သည်။ ထိုအခါ ထိပ်ပြောင်ပြောင် လူကြီးက ကောင်မလေးရွေ့ရာသို့ တရွေ့ရွေ့ထပ်တိုးသွားကာ သူ၏လက်သည် ကောင်မလေး၏ကြောပြင်ကို တစ်ဖြေးဖြေး ပွတ်သပ်နေပြန်သည်။ ကောင်မလေး၏ ခန္ဒာကိုယ်သည် အနည်းငယ်တွန့်သွားကာ ဘေးပါတ်ဝန်းကျင်ကို လိုက်ကြည့်သည်။ သူတို့၏ အခြေအနေကို ကျွန်တော် သိပ်နားမလည်။ ထိုနှစ်ယောက်သည် အသိမိတ်ဆွေများလည်း ဖြစ်နိုင်သည် ဟု ထင်မိသည်။

“အဲဒါ ဘာဖြစ်လဲ..။ သူတို့နှစ်ယောက်က အသိတွေ နေမှာပေါ့။ ”

“မင်းကလေ တော်တော် တုံးတဲ့ကောင်။ ကောင်မလေးက ဒီလောက် လိုက်ရှောင်နေတာ..ဟိုလူကြီးက သူနောက် တစ်ကောက်ကောက် လိုက်နေတာ မင်းမတွေ့ဘူးလား။ မင်းက ခုမှတွေ့တာ ငါတွေ့တာ ကောင်မလေး နေရာပြောင်းနေတာ ဒါနဲ့ဆို သုံးနေရာရှိပြီ။ ငါတို့ သွား ကူညီသင့်တယ်လို့ မင်းမထင်ဘူးလား။ ”

ကောင်မလေး မျက်နှာတစ်ခုလုံး နီမြန်းနေသည်ကို သတိထားမိတော့သည် ။ လွယ်ထားသည့် စလင်းဘတ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလျှက်ရှိသည်။ ထိုနောက် သူတို့၏ အခြေနေကို အကဲခတ်နေသည့် ကျွန်တော်တို့ နှစ်ယောက်ကို ကောင်မလေးက တစ်ချက်လှမ်းကြည့်သည်။ ထိပ်ပြောင်ပြောင် လူကြီး၏ လက်ကတော့ ကောင်မလေး၏ ကြောပြင်မှ အပေါ်အောက် လှုပ်ရှားနေသည်ကို တွေ့လိုက်၍ ကျွန်တော့်မနေနိင်တော့။

“ဟေ့ကောင် ငါတို့ သွားကူညီရအောင် ဒီလူကြီး တော်တော်လွန်နေပီ။ သားသမီးချင်း ကိုယ်ချင်းမစာဘူး။ ”

ထိုနောက် ရှေ့သို့တိုးသွားကာ ကောင်မလေးနားတွင် ကျွန်တော်တို့ နှစ်ယောက် ရပ်လိုက်သည်။ ထိုလူကြီးကတော့ ရုတ်တရက်အနားတွင် လူရောက်လာသဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်းသွားသည်။ သူလုပ်ရပ်ကို ရိပ်မိသွားသည့်ကျွန်တော့်တို့ နှစ်ယောက်ကြားမှ ထိုလူကြီး ထွက်ခွါသွားတော့သည်။

“ ငါတို့ကား...လာပြီကွ ”

ထိုအချိန်တွင် ကားလာ၍ ကျွန်တော်တို့ ကားပေါ်သို့ ဝမ်းသာအားရ ပြေးတက်ကြသည်။ ကျွန်တော်တို့ တက်သည့်ကားပေါ်တွင် ထိုအမျိုးသမီးလည်း လိုက်ပါလာ၏။ ကျွန်တော့်တို့ရပ်နေသည့်နေရာနှင့် သူမရပ်နေသည့် နေရာသည် လူသုံးလေးယောက်သာ ခြားသည်။ သူမအား ကူညီလိုက်သည့် ကျွန်တော့်တို့ နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နှင့် တစ်ချက်ချက် လှည့်ကြည့်တတ်သော်လည်း ကျေးဇူးတင်ကြောင်း ပြောမလာခဲ့ပါ။

လူတစ်ယောက်ကို ကူညီလိုက်ရ၍ ကျွန်တော့် စိတ်ထဲတွင်တော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေမိသလို ခံစားနေမိသော်လည်း ထိုအမျိုးသမီးထံမှတော့ ကျေးဇူးတင်စကား တစ်ခွန်းမှ မကြားရသည့်အခါ ကျွန်တော့် အနည်းငယ်အောင့်သီးအောင့်သက် ဖြစ်နေမိသည်။ ကားပေါ်က ဆင်းသွားသည် အထိ ကျေးဇူးတင်စကား တစ်ခွန်းတောင် ပြောဖော် မရသည့် ထိုအမျိုးသမီးကို ရုပ်ကလေးကတော့ ချောပါရဲ့ ယဉ်ကျေးမှုမရှိ၊ အလိုက်ကန်းဆိုး နားမလည်သည့် မိန်းမတစ်ယောက်ဟု ကျွန်တော် ကောက်ချက် ချမိသည်။ ကျွန်တော်က ကိုယ်နှင့်မဆိုင်သည့်ကိစ္စများတွင် မသိလိုက်ဘာသာ နေတတ်သူဖြစ်သည်။ ခုတော့ အငြိမ်မနေနိင်ဘဲ ကူညီမိ၍ ယခုလို တုန့်ပြန်မှုကြောင့် စိတ်ထဲစနိုးစနှောင့် ဖြစ်နေရခြင်းဖြစ်သည်။ နောက်ဆိုလျှင် ယခင်အတိုင်း ဘာသိဘာသာ နေသည်က ပိုကောင်းမည်ဟု တွေးနေမိသည်။

ထိုအဖြစ်ပျက်တို့ကို အိမ်ပြန်ရောက်ပြီး အချိန်တော်တော်ကြာသည့်အထိ စိတ်တွင် မကျေမနပ် ဖြစ်နေမိသည်။ အခွင့်ကြုံလို့ နောက်တစ်ကြိမ် ဒီလို အခက်ခဲများ မျက်စိရှေ့တွင် ဖြစ်ပေါ်လာပါက မကူညီဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် ကျွန်တော့် ဆုံးဖြတ်ချက်များ မအောင်မြင်ခဲ့။

နောက်တစ်နေ့ ကျောင်းဆင်းချိန် ကျွန်တော်တစ်ယောက်တည်း ကားစောင့်နေသည်။ ထိုအမျိုးသမီးကို တွေ့လိုတွေ့ငြား ကျွန်တော် ရှာဖွေကြည့်မိသည်။ မှတ်တိုင်တွင် သူမကို မတွေ့မိ။ တွေ့လျှင်လည်း ကျွန်တော် စိတ်ချမ်းသာနိုင်မည် မထင်။ “ ခင်ဗျားကို ကူညီခဲ့တာ နည်းနည်းလောက်တော့ ကျေးဇူးတင်စကား ပြောသင့်တာပေါ့ ” လို့ ကျွန်တော်သွားပြောမိ မည်ထင်သည်။ ကျွန်တော် ဘာတွေ တွေးနေမိပါလိမ့်။ သူမအား သတိရနေခြင်းများလား။ ဒါမှမဟုတ် သူမ၏ ကျေးဇူးတင်စကားကို မျှော်လင့်နေမိခြင်းလား။ ကျွန်တော့်စိတ်တို့ ဝေခွဲမရ။ သေချာသည်ကတော့ မနေ့က အဖြစ်ပျက်တို့ကို မမေ့နိင်သေးခြင်း ဖြစ်မည်။

ဟိုဟိုဒီဒီ တွေးနေချိန်မှာပဲ ကျွန်တော် စီးရမည့် ကား ဆိုက်လာသည်။ ကားတစ်စီးလုံး ချောင်ချိနေသည်မို့ နေရာလွတ်တစ်ခုကို ရှာဖွေကာ ဝင်ထိုင်လိုက်သည်။ ကျွန်တော်ဝင်ထိုင်သည့် ထိုင်ခုံဘေးဘက်က ခုံတွင် မနေ့က အမျိုးသမီး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ကျွန်တော် မမှတ်မိနိုင်စရာ မရှိ။ ဧကန္တ အရှေ့မှတ်တိုင်မှ ကြိုဆီးလာပုံရသည်။ မဘေနားတွင်လည်း မနေ့က လူကြီး ကပ်လျက်ထိုင်နေသည်။ ဒီတစ်ခါလည်း ဒီလူကြီး ဘာလုပ်အုံးမလဲ ဟု ကျွန်တော့် သူမ အတွက်စိုးရိမ် သွားမိပြန်၏။ ကျွန်တော့်စိတ်က ဘယ်လိုပင် တားမြစ်ထားသော်လည်း သူမအား ကျွန်တော် စိတ်မချနိုင်။ သူမအား ကျွန်တော် မကြာမကြာ ကြည့်နေမိ၏။

ကားထွက်လာပြီး မကြာခင်တွင် ထိုလူ၏ အကျင့်တို့ ပေါ်လာပြန်သည်။ အတွင်းဘက်ခုံတွင် ထိုင်နေသည့် သူမအား အပြင်က ပိတ်ထိုင်ထားသော ထိုလူကြီး၏ လက်သည် သူမ ပေါင်ပေါ်သို့ရောက်နေသည်ကို တွေ့လိုက်ရ၍ ကျွန်တော် အံသြတုန်လှုပ်သွားရသည်။ သူမသည် ကျွန်တော့်အား လှည့်ကြည့်ကာ အကူညီတောင်းချင်ပုံရသည်။ မနေ့က အဖြစ်ကို မကျေနပ်စိတ်ကြောင့် သူမ လှည့်ကြည့်သည်ကို မသိဟန် ဆောင်လိုက်ပြီး တစ်ဖက်သို့လှည့်နေလိုက်သည်။ ထိုအခါ သူမက ထိုင်နေရာမှ ထလိုက်သည်။ အဖိုးကြီးက သူမ၏ လက်တစ်ဖက်ကို ဖမ်းဆုပ်ဆောင့်ဆွဲလိုက်၏။ သူမ မျက်လုံးအိမ်ထဲမှ မျက်ရည်များ စီးကျလာသည်။ မိန်းကလေးတစ်ယောက်၏ မျက်ရည်များကို ကျွန်တော့် ကြည့်နိုင်စွမ်း မရှိ။ ဒီတစ်ခါလည်း ကျွန်တော် မမြင်ချင်ယောင် ဆောင်၍ မရတော့။

ကျွန်တော် ထိုလူ့လက်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး ခပ်ကျယ်ကျယ် အော်လိုက်သည်။

“ကားဆရာ။ ဒီမှာ လူကြီးတစ်ယောက် ဒီအမျိုးသမီးတစ်ယောက်ကို လိုက်နှောင့်ယှက်နေလို့။ ရဲစခန်းကို အမြန်ဆုံးမောင်းပါဗျို့။ ”

ထိုအခါ လူကြီးက ဆွဲထားသည့် ကျွန်တော့်လက်ကို ဆောင့်ဖြုတ်ကာ ကားပေါ်မှ ပြေးဆင်းသွားတော့သည်။ ဒီတစ်ခါလည်း သူမကို ကျွန်တော် ကူညီမိပြန်သည်။ သူမသည် ကျွန်တော့်အား မျက်ရည်တွေကြားထဲမှ အားကိုးတကြီး လှမ်းကြည့်သည်။ ထိုနောက် အိတ်ထဲမှ စာရွက်တစ်ခုကို ထုတ်လိုက်ပြီး စာရေးကာ ကျွန်တော်အား လှမ်းထိုးပေးသည်။


“ကျွန်မ ရှင့်ကို ကျေးဇူးအရမ်း တင်မိပါတယ်။
ဟိုနေ့ကတည်းက ကျေးဇူးတင်ကြောင်းပြောချင်နေတာပါ။ ကျွန်မကို ခွင့်လွှတ်ပါ။
ကျွန်မက စကားမပြောတတ်လို့ ရှင့်ကို ကျေးဇူးတင်ကြောင်း မပြောဖြစ်ခဲ့တာပါ။”

ထိုစာကို ဖတ်ပြီးချိန်တွင် ကျွန်တော့် ရင်ခွင်ဘယ်ဘက်အခြမ်းမှ စူးစူးနင့်နင့် ခံစားမိလိုက်သည်။ သူမကို အထင်လွဲမိသည်မှာ ကျွန်တော့် အကြီးအကျယ် မှားသွားခဲ့ပြီ။ သူမ၏ စာရွက်လေးကို ကြည့်ပြီး ကျွန်တော့် ငိုင်နေမိသည်။ ကျွန်တော့်ဆင်းရမည့် ဂိတ်ရောက်သည်ကိုတောင် ကျွန်တော့် သတိမထားမိတော့။ သူမဘေးက ခုံကို ပြောင်းထိုင်လိုက်ပြီးနောက် စကားတစ်ခွန်းကို လှိုက်လှိုက်လှဲလှဲ ပြောလိုက်မိသည်။

“ကျွန်တော် ခင်ဗျားကို အိမ်ရောက်တဲ့အထိ လိုက်ပို့ပေးပါ့မယ်။”

ထိုနေ့က ကျွန်တော်အိမ်ပြန်လမ်းတစ်လျှောက်လုံး တွေးနေမိသည်မှာ ထိုသနားစဖွယ် မိန်းမပျိုလေး အကြောင်းသာဖြစ်သည်။ နောက်ဆိုလျှင် ကျေးဇူးတင်ကြောင်း တုန့်ပြန်ခံရသည်ဖြစ်စေ ၊ မတုန့်ပြန်သည်ဖြစ်စေ မည်သူ့ကိုမဆို ကျွန်တော်ကူညီနိင်သည့် ကိစ္စမှန်သမျှ ဥပေက္ခာ မပြုတော့ဟု တွေးနေမိတော့သည်။

။။။။။။။။။။။။

( တရုတ်ဝဘ်ဆိုဒ် တစ်ခုမှ ဖတ်မိသည့် အကြောင်းအရာလေးကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
အခြားသူ တစ်ဦးဦးမှ ဤစာစုလေးကို ဘာသာပြန်ပြီးပါက တိုက်ဆိုင်မှုတစ်ခုဟု မှတ်ယူကာ နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။)


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

24 comments:

ညိမ်းနိုင် said...

သိပ်ကောင်းတာပဲဗျ...၊လူတွေကိုအကူအညီပေးမိတဲ့အခါ
ကျေးဇူးတင်ကြောင်းလေးမှပြောဖော်မရရင် စိတ်ထဲတစ်မျိုး
ပဲ...၊အင်း....ဒါလဲမကောင်းဘူးဗျနော်....:(

မိုးငွေ့...... said...

ကျေးဇူးတင်တယ် ဆိုတဲ့ စကားကို နှုတ်မှာ အမြဲအာဂုံဆောင်ထားနိုင်တာ အကောင်းဆုံးပေါ့...။ ဒါပေမယ့် ကူညီတဲ့သူကလည်း ကျေးဇူးတင်စကားကြားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကူညီခဲ့တာမဟုတ်လို့.... ကျေးဇူးမတင်လည်း စိတ်ထဲ ကတိကအောက်ဖြစ်စရာမလိုဘူးထင်ပါတယ်...။ ဘာသာပြန်လေးဖတ်လို့ကောင်းတယ်...။

ခင်တဲ့
မိုးငွေ့

blackroze said...

မွန်ရေ...

so good ..
သိပ်ကိုကောင်းတဲ့ပိုစ့်လေးပါ..
သူတပါးကိုကူညီပြီးတာနဲ့
ကျေးဇူးတင်ပါတယ်ဆိုတဲ့..
စကားကိုမကြားရတော့လည်း
စိတ်ထဲတမျိုးဖြစ်ကြတဲ့သူတွေလည်းရှိပါတယ်...
လူဆိုတာကတော့ဒီလိုပါဘဲ..

ချစ်တဲ့ Blackroze

ချယ်ရီမြေ said...

တကယ်ရသမြောက်တဲ့စာလေးပါပဲ.. ကျေးဇူးတင်ခံချင်လို့ ကူညီတာမျိုးမဟုတ်ပဲနဲ့ ရေနစ်နေသူကို ၀ါးကူတဲ့ အနေနဲ့ ကူညီတာဆိုရင်တော့
တုန့်ပြန်မှုအပေါ် ခံစားမှုတစ်စုံတစ်ရာရှိတော့မှာ မဟုတ်ပါဘူးဟု ထင်မိပါတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အနှိုင်းမဲ့ said...

ဖတ်လို့ကောင်းတယ်..အမွန်လေးရေ
ကောင်မလေးခမျာမှာ သနားလေးပါ။

SHWE ZIN U said...

ညီမ မြတ်မွန် ရေ

အတော်ဖတ်ကောင်းပါတယ် လူ့သဘာဝလည်း ပေါ်လွင်တယ် ရသလည်း ပါတယ်

ကျေးဇူး

ကိုကိုမောင်(ပန်းရနံ့) said...

ဘတ်စ်ကားမှတ်တိုင်ဆိုလို့ ရန်ကုန်ကို ပုံဖော်ကြည့်နေတာ။ နောက်ဆုံးမှ ဘာသာပြန်မှန်း သိသွားတယ်။ ဒါမျိုးတွေ မြန်မာမှာလဲ ရှိလောက်တယ်။
သနားပါတယ်။ စကားမပြောတတ်တဲ့ မိန်းခလေးကိုတောင်မှ အလွတ်မပေးကြပါလား။

ခင်မင်လျက်

April said...

ပိုစ့်လေးအရမ်းကောင်းတာပဲ .. မမြတ်မွန်ရေ ..

ရင်ထဲမှာ စူးသွားတာပဲ .. သားသမီးချင်းကိုယ်ချင်းမစာတဲ့ လူကြီးကိုတော့ မုန်းလိုက်တာ

ခင်မင်စွာဖြင့်
April

ကိုဇော် said...

အဲဒီ အဖြစ်အပျက် အတိုင်း မဟုတ်ပေမဲ့ ပုံစံတူလေး ကျနော်နဲ့ ဘေးက အလုပ်က အင်ဒို အဘိုးကြီး ဖြစ်ဖူးတယ်။ တင်ရမှာ အားနာနေတာနဲ့ မတင်ဖြစ်ဘူး ဖြစ်နေတာ. . . တကယ်တော့ ကူညီတယ် ဆိုတာ ကူညီလိုက်တာနဲ့တင် ပြီးသွားပြီပဲလေ။ ဘာမှ မျှော်လင့်နေစရာ မလိုဘူး မဟုတ်လား။

sosegado said...

ကူညီသင့် မကူညီသင့်ဆိုတာ စဉ်းစားရမယ်ဆိုတာနှင့် အထင်အမြင်တစ်ခုထဲနဲ့ ကောက်ချက်မချသင့်ဘူးဆိုတာလည်း ရေးထားတဲ့ဆီမှာပေါ်နေပါတယ်၊
ဖတ်လို့ကောင်းပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတွေဟာ ကျေးဇူးအတင်ခံချင်လို့ ကူညီတတ်ကြတယ်
ကျေးဇူးတင်ရမှန်း မသိတဲ့သူတွေကိုကျတော့ ကူညီပေးဖို့ စိတ်မပါဘဲ ဖြစ်တတ်ကြတယ်နော်
တကယ်တမ်းတော့ ကူညီသူကလဲ ဘာမျှော်လင့်ချက်မှ မပါဘဲ ကူညီတာ ကောင်းသလို ကူညီခံရသူဘက်ကလည်း ကျေးဇူးတင် စကားလေးတော့ မတွန်းမတို ပြောသင့်ပါတယ်။ သို့မဟုတ် အမူအရာနဲု့ဖြစ်စေ ပြသင့်ပါတယ် ဒါဆိုရင် ၂ဦး၂ဘက် ပြေလည်စေတယ်ပေါ့နော်။
တွေးစရာလေးတွေ ပေးတဲ့ ပိုစ့်လေးအတွက်ကျေးဇူးပါ ညီမရေ။..

Congratulations........

san htun said...

ကောင်းလိုက်တဲ့ ပို့ စ်လေး...ကျေးဇူတင် တင် မတင်တင်...ကူညီရမှာပဲလေ...ကျေးဇူးမတင်တဲ့အခါ..မမွန်ရဲ့  ပို့ စ်လေးကို သတိရလိုက်ပါ့မယ်...

မြစ်ကျိုးအင်း said...

ကူညီမှုရဲ့ နောက်ကွယ်က ပီတိလေးနဲ့တင် ကျေနပ်မိတာပါပဲ။ အသိအမှတ်ပြုခံရရင်တော့ အကောင်းဆုံးပေါ့လေ။ ဒါမှ နောက်လည်း ဘယ်သူ့ကို မဆို အမြဲကူညီချင်စိတ်ဖြစ်ရမှာ။
လူ့သဘာဝလေးပုံဖော်ထားတာ ပေါ်လွင်ပါတယ်။
မထင်မှတ်တဲ့ အလှည့်လေးနဲ့ ထိရှအောင် လုပ်သွားတာလည်း သဘောကျမိတယ်။
ရသစာတွေလည်း ထပ်ရေးပါအုံး။

ရွှေပြည်သူ said...

အင်မတန်ချောမွေ့တဲ့ ဘာသာပြန်အရေးအသားကြောင့် ကိုယ်တိုင်ရေးလို့တောင် ထင်လာမိပါတယ်။ ရင်ထဲရောက်သွားတဲ့ အကြောင်းအရာလေးအတွက်လည်း ကျေးဇူးပါ ညီမလေး မြတ်မွန်...

ုမြသွေးနီ said...

မွန်ရေ...
ကူညီတတ်ဖို့ဆိုတာ ကိုယ်တိုင်က စမှ ဖြစ်တာမျိုး။ တစ်ခါတစ်လေ ကူညီချင်ပေမယ့် ကိုယ်တိုင် ချီတုန်ချတုန် ဖြစ်နေခဲ့ဘူးတယ်။ အဆုံးသတ် အလှည့်လေးက လှပတယ်...။

ညီရဲ said...

ကိုယ်က ကူညီနိုင်လို့ ကူညီခဲ့ပြီပဲ ဘာမျှော်လင့်ချက်တွေ ထားနေဖို့ လိုတော့မလဲ။ မျှော်လင့်ချက် ထားနေမယ်ဆိုရင် ဒါဟာ ကူညီတာလို့  ပြောနိုင်ပါဦးမလား။ ကျွန်တော်ကတော့ ကိုယ်ကူညီနိုင်ရင် ကူညီလိုက်တယ် ဘာမျှော်လင့်ချက်မှ ထားမနေတော့ ပါဘူး။

သူငယ်ချင်းရေ...
ကျွန်တော်က ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ ခု ညီရဲသစ် ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင် ဘလော့လေးတစ်ခုလုပ်ထားတယ်။ သူငယ်ချင်းရဲ့ လင့်ကိုလဲ ယူသွားတယ်။ အချိန်ရရင် ကျွန်တော့်ဆီကိုလဲ လှည့်ဝင်လာခဲ့ပါဦးလို့ ....

မဒမ်ကိုး said...

ဖတ်လို့ကောင်းလိုက်တာ ..

တကယ်ကိုမျက်လုံးထဲမှာမြင်ယောင်တယ်

မိုးခါး said...

အင်းးး
ဖတ်ပြီး တခုသွားသတိရတယ်
အကျိုးအကြောင်းသိရင် ခွင့်လွှတ်နိုင်တယ်တဲ့ .. အကြောင်းမသိခင်မှာတော့ အပြစ်တင်မိတတ်တယ်နော် .. သတိထားမှ ...
(စာတွေမျှော်နေပါတယ်နော် .. ဒီပို့စ်ကို ဖတ်ပြီးတာ ကြာပြီ .. ရီဒါကနေလေ .. မမန့်ဖြစ်တာပါ ..း))

အင်ကြင်းသန့် said...

တစ်ဖက်က ကျေးဇူးသိတတ်သည်ဖြစ်စေ၊ မသိတတ်သည် ဖြစ်စေ အကူအညီလိုအပ်နေတဲ့သူကိုတွေ့ရင်တော့ ကိုယ်ကကူညီနိုင်တဲ့အခြေအနေမှာရှိခဲ့ရင် ကူကိုကူညီသင့်ပါတယ်။

နှမသားချင်းမစာနာတတ်တဲ့ လူယုတ်မာတွေကလည်းရှိသေးတယ်....။

ပိုစ့်ကောင်းလေးတစ်ပုဒ်အတွက်ကျေးဇူးပါ မွန်ရေ...

ချစ်တဲ့

ပေါ့ဆိမ့် said...

ဥပေက္ခာအမှားတဲ့ ...
လာသွားတယ် မွန်ရေ..
စိတ်ရှိတိုင်း ကိုယ်မပါတဲ့ရက်တွေများလာလို့ ဘလော့တွေ သိပ်မလည် ဖြစ်ဘူး.. ခုရက်ပိုင်းမှ ပြန်ပြီး ဘလော့တွေလည် စာတွေလိုက်ဖတ်နေမိတယ် ...
ခင်မင်လျက်
ဆင်တဲကဖေး

KO2 said...

ဒီပိုစ့်ကြောင့် ရင်ထဲ အသဲထဲကို ခိုက်သွားတယ်

မိုးမြင့်တိမ် said...

ဘာသာပြန်တာဆိုပေမယ့် တကယ်ကိုဖတ်လို့ ကောင်းအောင် ပြန်ဆိုထားနိုင်တာကို ချီးကျူး ပါတယ်ဗျာ။ လူတော်တော်များများမှာ ရှိနေ တတ်တဲ့ အဇ္ဇျတ္တသဏ္ဍာန်ကို Heart Touching ဖြစ်စေမဲ့ အလှည့်အပြောင်းလေးတွေနဲ့ ဇာတ် လမ်းလေးဆင်ထားတာလေး။ ဘာသာပြန် မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုလင်္ကာ said...

အရမ်းကောင်းတယ်။ ကျနော်ဆိုက်မှာ လင့်လည်း လုပ်ထားခွင့်ပြုပါ။ ဒီပို့စ်လေးကိုလည်း ဖော်ပြခွင့်ပြုပါ။

ကိုလင်္ကာ said...

အရမ်းကောင်းတယ်။ ကျနော်ဆိုက်မှာ လင့်လည်း လုပ်ထားခွင့်ပြုပါ။ ဒီပို့စ်လေးကိုလည်း ဖော်ပြခွင့်ပြုပါ။