အချစ်ဆိုတာ အသံမဲ့ ဘာသာစကား

“ကလင်.... ကလင်....”
“ကလင်.... ကလင်....”

ဧည့်ခန်းထဲမှ မြည်နေသည့် ဖုန်းမြည်သံသည် နှင်းအတွက် ညည့်နက်သန်းခေါင်မှာ ကြားရသည့် ငှက်ဆိုးထိုးသံ တစ်ခုနှင့်တူပါသည်။ ထိုအသံကြားရလျှင် နှင်းကြေကွဲရသည်။ ထိုဖုန်းသံသည် နှင်းကို လှောင်ပြောင်ပျက်ရယ်ပြုနေသည်ဟုလည်းထင်မိသည်။ ဖြစ်နိုင်လျှင် နှင်း မည်သည့်အသံကိုမျှ မကြားချင်ပါ။ မကြားဝံ့ပါ။ အကြောက်ဆုံးအသံကတော့ လူတစ်ဦးတစ်ယောက် လာရောက်စကားပြောမည့် စကားသံကိုပင် ဖြစ်၏။ ထို့ပြင်ဖုန်းအဝင် ခေါ်ဆိုသံကိုလည်း ကြောက်သည်။ နှင်းအတွက် အရေးတကြီး အရာများထဲမှ ဖုန်းခေါ်ဆိုသံသည် လွန်ခဲ့သည့် တစ်ပါတ်ခန့်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီးပြီ။
ယခုလို အိမ်တွင်မည်သူမှ မရှိသည့်အချိန် ဖုန်းသံမြည်နေခြင်းသည် နှင်းအတွက် စိတ်ဆင်းရဲစရာကောင်းသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။ သည့်ထက်ပို၍ ကြေကွဲစရာကောင်းသည်မှာ ယခုဖုန်းမြည်သံသည် နန္ဒ ခေါ်သည့် ဖုန်းသံဖြစ်သောကြောင့်ပင်။ ဖုန်းနံပါတ်ကို သွားမကြည့်သော်လည်း အဆက်မပြတ်မြည့်နေသည့် ဖုန်းသံသည် နန္ဒခေါ်သည်မှ လွဲ၍ တခြားမဖြစ်နိုင်ကြောင်း နှင်း ကောင်းကောင်းသိသည်။ နန္ဒခေါ်သည့် ဖုန်းမြည်သံကို ငေးကြည့်နေရသည်မှာ နှင်းရင်တွေ ပူလောင်လွန်းလှ၏။ နန္ဒ ဆိုတာ နှင်းသိပ်ချစ်ရသည့် ချစ်သူဖြစ်သည်။

တော်ပါတော့။ မလာပါနဲ့တော့။ တောင်းပန်ပါတယ် ဆက်မမြည်ပါနဲ့တော့...။
ဖုန်းမြည်သံနှင့်အပြိုင် နှင်း ဆုတောင်းနေမိသည်။ ထို့နောက်ခဏအကြာတွင် ဖုန်းမြည်သံရပ်တန့်သွားသည်။ ထို့နောက် မျက်နှာပြင်ပေါ်တွင် ပူပူနွေးနွေး အရည်ကြည်တစ်ခု၏ အထိအတွေ့ကြောင့် နှင်းမျက်နှာပြင်တွင် စီကျနေသော မျက်ရည်တစ်ချို့ကို ပွတ်သပ်ဖယ်ရှားလိုက်သည်။ ဖြစ်နိုင်လျှင် တစ်ချို့သော အတိတ်တွေကိုလည်း ပွတ်သပ်ဖယ်ရှားလို့ရလျှင် ဖယ်ရှားလိုက်ချင်ပါ၏။

။.......................။

နှင်းတစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နာကျင်လျှက်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံး သစ်ရွက်တစ်ရွက်လို လေထဲတွင် လွင့်ပျံနေသလို ခံစားမိသည်။ လက်နှစ်ဘက်ကို အားပြု၍လှုပ်ကြည့်သည်။ လက်နှစ်ဘက်လုံးက အင်အားချိနဲ့စွာဖြင့် လှုပ်ရှား၍ မရမှန်းသတိပြုမိသည်။ ထို့နောက် မျက်စိကိုအားယူကာ ဖွင့်ဖို့ ကြိုးစားကြည့်မိပြန်သည်။ ခပ်စူးစူး အလင်းတန်းတစ်ခု မျက်စိထဲကို တိုးဝင်လာတာကြောင့် ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွား၏။ မျက်လုံးကို ချက်ချင်း ပြန်ပိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်အခြေအနေကို နားစွံ့နေမိသည်။ စက်ပစ္စည်းတစ်ခုခု၏ တီ တီ တီဆိုသည့် အသံက နာရီသံလို စည်းချက်ညီစွာ တစ်ချက်ခြင်းမြည်နေသည်။ နှင်းဘယ်ကိုရောက်နေတာပါလိမ့်ဟုလည်း အဖြေရှာသော်လည်း စဉ်းစား၍မရသေးပါ။ ထို့နောက် တံခါး ဖွင့်သံနှင့်အတူ ဝင်လာသည့် ခြေသံတစ်ခုကိုကြားရတာကြောင့် နှင်းပါးစပ်က အကူအညီတောင်းဖို့ ကြိုးစားသည်။ နှတ်ခမ်းကို အားယူကာ ဖွင့်ဟပြောလိုက်သော်လည်း မည်သည့် အသံမျှ ထွက်မလာသည်ကို သတိပြုမိလိုက်သည်။ ထိုခြေသံပိုင်ရှင်သည် နှင်းအနားသို့ ရောက်လာ၏။

“သမီး ..သမီး..သတိရပြီလား။ ”
“.....”
“သမီးလေး ငြိမ်ငြိမ်လေးနေ..ဘာမှမပြောနဲ့။ မေမေ..မေမေလေ မေမေ အနားမှာရှိတယ်။ ”
မေမေ့ အသံ။ မေမေရေ မေမေလို့ ခေါ်နေပေမယ့် နှင်းထံမှ စကားသံများမထွက်လာဘဲ မေမေ့စကားသံတစ်ခုကိုသာ ကြားနေရသည်။

ဒုတိယအကြိမ် မျက်လုံးအစုံကို ဖွင့်ဖို့ကြိုးစားကြည့်သည်။ ဒီတစ်ကြိမ်တော့ အလင်းတန်းတစ်ခုက ဆီးကြိုမနေတော့။ အပေါ်ဆီးမှ ငုံ့ကြည့်နေသည့် မေမေ့မျက်နှာ၊ ထို့နောက်အဖြူရောင်မျက်နှာကျက်၊ ဘေးနားတွင် စက်ပစ္စည်းပေါင်းများစွာ ရှိနေသည့် အခန်းထဲမှ ကုတင်တစ်ခုပေါ်တွင် ရောက်ရှိနေခြင်းဖြစ်သည်။

“ သမီး..သမီး ဒါဏ်ရာတွေ ရထားတယ်။ ငြိမ်ငြိမ်လေးနေနော်။ သမီးရယ် ဖြစ်ရလေကွယ်။ ”

မေမေသည် ဝမ်းနည်းကြေကွဲစွာ ရှိုက်ကြီးတစ်ငင်ငိုကြွေးနေသည်။ ပါးစပ်ကလည်း သမီး သမီးဟု ရေရွတ်လျှက် ငိုကြွေးနေသော မေမေ့ကိုကြည့်ပြီး နှင်းသနားမိသည်။ မေမေဒီလောက်ငိုနေပုံထောက်ရင်တော့ နှင်းအကြီးအကျယ် ဒါဏ်ရာရထားပြီလို့ထင်မိသည်။ နှင်းရှေ့တွင်မခံစားနိုင်လွန်းသည့်မေမေသည် အခန်းအပြင်ဘက်သို့ ပြေးထွက်သွားသည်။

နှင်းဘာကြောင့်ဒီကိုရောက်နေတာလဲ၊ နောက်ဆုံးဘယ်မှာ ရှိနေတာလဲ ဆိုသည်ကို အပြင်းအထန် ပြန်စဉ်းစားသည်။ နှင်းမှတ်မိသည်မှာ သင်ဇာနှင့် နှင်းတို့ ကားတစ်စီးပေါ်တွင် နောက်ဆုံးအတူရှိခဲ့သည်ကိုသာ မှတ်မိသည်။

ထိုနေ့က သင်္ကြန်အကျနေ့ဖြစ်သည်။ သင်ဇာနှင့် နှင်းတို့ ရေပက်ခံထွက်ကြရင်း ထမင်းစားနားချိန်ရောက်တော့ နှင်း ကိုယ်ပူချင်သလိုလို ဖြစ်လာ၍ တက္ကစီတစ်စီးကို လှမ်းတားပြီး အိမ်ကိုစောစော ပြန်လာခဲ့သည်။ ကားထဲကိုဝင်ဝင်ချင်း ပြင်းရှရှအနံ့တစ်ခုကို ရသဖြင့် မှန်တံခါးလေးကို ချထားပြီး ပြင်ပလေအေးလေးတွေကို ရှူရှိုက်နေရသည်။ မျက်လုံးကို မှိတ်ကာ မှိန်းပြီး လိုက်လာစဉ် ကားသမားဦးလေးကြီး၏ ထိတ်လန့်တကြား အော်သံကို ကြားလိုက်ရ၏။ နှင်း မျက်လုံးဖွင့်ကြည့်စဉ် သင်္ကြန်ကားတစ်စီးသည် နှင်းတို့စီးလာသည့် ကားဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လာသည်ကိုသာ နောက်ဆုံးမှတ်မိလိုက်သည်။ ထို့နောက် နှင်းဘာမှမသိတော့။

။.......................။

ဆရာဝန်၏ ဆေးစစ်ချက်အရ ပြင်းထန်သည့် ကားတိုက်မှုကြောင့် နှင်းဦးနှောင့်ကို ထိခိုက်သွားသည်ဟုဆိုသည်။ ဆေးရုံပေါ်တွင် ရက်ပေါင်းများစွာ ကုသပြီးနောက် နောက်ဆုံးရလဒ်မှာ နှင်း သည်တစ်သက်လုံး စကားပြောနိုင်တော့မည်မဟုတ်။ နှင်းဆွံ့အသွားခဲ့ရပြီ။ နှင်းအဖြစ်ကြောင့် တစ်မိသားစုလုံး နှင်းအတွက်ကြေကွဲ ဝမ်းနည်းကြရသည်။ ဖေဖေနှင့်မေမေက နှင်းအနားတွင် မခွာတမ်းနေရင်း နှင်းကို အားပေးရှာသည်။ နှင်းကတော့ ဆရာဝန်၏ ဆေးစစ်ချက်ကို မယုံကြည်နိုင်လွန်းသဖြင့် ခေါင်းတွေကိုသာ အဆက်မပျက်ခါယမ်းရင်း အော်ဟစ်ငိုကြွေးနေမိသည်။

“သမီးလေး အားမငယ်နဲ့။ ဖေဖေတို့ သမီးကို တစ်သက်လုံးစောင့်ရှောက်မယ်။ ”
“လောလောဆယ် သမီးပြောချင်တာကို စာနဲ့ရေးပြော။ ဖြစ်ချင်တာတွေပြောနော်။ ဖေဖေတို့ အကုန်ဖြည့်ဆည်းပေးမယ်”
ဖေဖေ့က နှင်းဘေးနားတွင် အချိန်ပြည့်အားပေးလျှက်ရှိသည်။ နှင်းကတော့ဖေဖေ့၏ အားပေးမှုကြားက ချစ်သူနန္ဒကို အပြင်းအထန်သတိရနေမိသည်။ နှင်းနှင့်နန္ဒတို့ထားခဲ့သည့် ကတိတွေအတွက် နန္ဒကို ဘယ်လို ရင်ဆိုင်ရမလဲ။
ထိုသို့ဖြင့် နှင်းဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်လာချိန် အရာရာက နှင်းအတွက် အရင်အတိုင်းပင်။ အိမ်ကို ပြန်ရောက်သည့် အချိန်မှစ၍ နှင်း အိမ်ထဲမှ အိမ်ပြင်မထွက်တော့။ သူငယ်ချင်းများနှင့် ပြောဆိုရမည့် ဒုက္ခမှ ဝေးသွားသော်လည်း နှင်းကို နှိပ်စက်နေသည့် အရာမှာ ဖုန်းသံဖြစ်သည်။ ဖုန်းသံကြားလျှင် နန္ဒကို ပြေးမြင်မိသည်။ နှင်းဆေးရုံတက်နေသည့် သည်ရက်ပိုင်းအတွင်း နှင်းကို ဆက်သွယ်မရ၍ နန္ဒတစ်ယောက် စိတ်ပူနေလိမ့်မည်လို့ ထင်သည်။
တရက်တော့ မြည်နေသည့် ဖုန်းကို နှင်းနာကျင်စွာ ကောက်ကိုင်လိုက်ပါသည်။
“ ဟယ်လို ဟယ်လို ဟယ်လို နှင်းလား နှင်းလား နှင်း..နှင်း ။ နှင်းကို ကိုယ်အရမ်းစိတ်ပူနေတယ်။ နှင်းနေမကောင်းဘူးလား။ နှင်းကိုယ့်ကို စကားပြန်ပြောပါအုံးကွာ။ နှင်း ကိုယ်ပြောနေတာကို ကြားလား။ ဟယ်လို ဟယ်လို ....နှင်း..နှင်း..”
နန္ဒ၏ အသံသည် တစ်ခုခုကို စိတ်ပူပြီး ယောက်ယက်ခက်နေသည့်လေသံမျိုးဖြစ်သည်။ တစ်ရက်မှ ဖုန်းပြောမပျက်ခဲ့သည့် နှင်းတို့ချစ်သူ နှစ်ဦးတွင် သည်တစ်လအတွင်း နှင်းကို ဆက်သွယ်မရသည့်အခါ နှင်းကို စိတ်ပူပြီး မည်မျှအထိ နေမထိထိုင်မသာဖြစ်နေမလဲ နှင်းတွေးမြင်ကြည့်နိုင်ပါသည်။ နှင်းဘာကြောင့် သူ့ကို အဆက်အသွယ်ဖြတ်ထားရတာလဲဆိုတာလည်း သူအပြင်းအထန် တွေးနေလိမ့်မည်။ ဒါမှမဟုတ် နှင်းအိမ်မှာ အိမ်တွင်းရေး ကိစ္စတစ်ခုခုဖြစ်နေလို့များလား၊ နှင်းဆီကို နေ့တိုင်းဖုန်းဆက်နေတာကို နှင်းမိဘတွေက မကြိုက်လို့ ဖုန်းကို သိမ်းထားလိုက်သလားဟု သူတွေးကောင်းတွေးနေမည်။ သူနိုင်ငံခြားသွားခါနီး သူပြန်လာလျှင် နှင်းကိုလက်ထပ်မည်ဟု ခွင့်တောင်းခဲ့သည်။ နှင်းဘက်ကလည်း သဘောတူခဲ့သည်။ ယခုတော့ နှင်းဘက်မှပေးထားခဲ့သည့် ကတိတွေကို သစ္စာဖောက်ဖျက်ပြီဟု ထင်နေနိုင်သည်။ အဆိုးဆုံးအနေနှင့် နှင်း ချစ်သူအသစ်တွေ့ပြီဟုလည်း တွေးထင်နာကျင်နေနိုင်သည်။ ထိုအရာတွေ တစ်ခုမျှ မဟုတ်ကြောင်း နှင်း ရှင်းပြနှစ်သိမ့်ပေးချင်သော်လည်း နှင်းဘက်မှ ထွက်လာမည့် စကားသံဟု မည်သို့မှ မခေါ်ဆိုနိင်သည့် လုံးလုံးထွေးထွေး အသံကို ချစ်သူနန္ဒ မကြားစေချင်ပါ။ တစ်ဘက်မှ နန္ဒ၏ တစ်ဆာဆာ အော်ခေါ်နေသည့်အသံကို ကြားနေရသည်။ ထိုအသံကို နှင်းဆက်လက်ကြားနိုင်စွမ်းမရှိတော့ သဖြင့် ဖုန်းခွက်ကို အသာအယာ ပြန်ချလိုက်ရသည်။ ထို့နောက် ရှိုက်ကြီးတငင်ငိုကြွေးမိသည်။
နန္ဒရေ နှင်းကိုခွင့်လွတ်ပါ...။
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် မေမေက နှင်း၏ နောက်ကျောကို ပွပ်သတ်ပေးပြီး နှစ်သိမ့်တော့မှ မေမေရောက်နေမှန်း သတိထားမိတာ့သည်။ နှင်းကြေကွဲဝမ်းနည်းနေနေရတာကို မြင်တိုင်း မေမေတို့လည်းစိတ်ဒုက္ခရောက်ကြမည်။ နှင်းမိဘတွေကို စိတ်ဒုက္ခရောက်စေမည့် အဖြစ်မျိုးမဖြစ်စေချင်ပါ။
“မောင်နန္ဒလား သမီး။ သမီးအကြောင်း မောင်နန္ဒကို ပြောပြလိုက်ရမလား။ ဒါမှမဟုတ် မေမေဘာပြောပေးရမလဲ ”
နှင်းခေါင်းတွေကိုသာ ခါယမ်းနေမိသည်။ နှင်းသည်လို ဒုက္ခိတဘဝကို ရောက်သွားခြင်းကို နန္ဒမသိစေရပါ။ နှင်းလို ချို့ယွင်းချက်ရှိသွားသည့် လူတစ်ယောက်အတွက် နှင်းတို့နှစ်ယောက်ထားခဲ့သည့် ကတိသစ္စာများနှင့် ချီနှောင်မထားချင်တော့။ သူ့လို နိုင်ငံခြားမှာ ပညာသွားသင်ပြီး တက်လမ်းရှိသည့် လူတစ်ယောက်၏ ချစ်သူသည် စွံ့အနေသူတစ်ယောက်ဆိုပြီး ပတ်ဝန်းကျင်က ဝေဖန်သံတွေ သူ့ကို မကြားစေချင်ပါ။ မခံစားစေချင်ပါ။ မထိုက်တန်တော့ပါ။ ထို့နောက်နှင်းဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပါသည်။

။.......................။

နှင်းကိုယ်တိုင် သူ့ကို အဆက်အသွယ်ဖြတ်သည့်စာတစ်စောင်ကိုရေးသည်။ နှင်း၏အခြေအနေကို နန္ဒကိုမပြောရန် နှင်း၏ မိဘများနှင့် သူငယ်ချင်းများကို တောင်းဆိုထားသည်။ နှင်းကြောင့် နန္ဒကို အချိန်တွေမကုန်စေချင်ပါ။ နန္ဒရဲ့ဘဝလေးကို သာယာလှပစေချင်သည်။ နှင်းကိုကြည့်ပြီး နန္ဒကြေကွဲရမယ့်အဖြစ်ကို မဖြစ်စေချင်ပါ။
နှင်းပို့လိုက်သည့် စာကို နန္ဒလက်ခံရရှိပြီးနောက် နန္ဒကနှင်းဆီကို စာတွေတစ်စောင်ပြီးတစ်စောင်ပုံမှန်ပို့ပေးခဲ့သည်။ အစပိုင်းလာသည့် စာတွေကို နှင်းဖတ်ဖြစ်သည်။ နှင်းကိုအကြာကြီးခွဲထားသဖြင့် သူ့ကို နှင်းစိတ်ဆိုးနေသည်ဟု ထင်နေတုန်း။ နှင်းဘက်က ဖြစ်နေသည့် စိတ်ခံစားချက်နှင့်အခြေအနေကို သူ့ကို ပြောပြပေးရန် တောင်းဆိုသည့် စာများသာ ဆက်တိုက်ရောက်လာသည်။ နောက်တစ်နှစ်ဆိုလျှင် သူကျောင်းပြီး၍ ဘွဲ့ရတော့မည်ဖြစ်သဖြင့် အားလုံးပြီးသည်နှင့် နှင်းဆီကို အပြေးပြန်လာမည်ဆိုသည့် စာများ အဆက်မပျက် ပို့ပေးခဲ့သည်။ နှင်းမကိုင်မှန်းသိသိနှင့် ညစဉ်ဖုန်းဆက်နေဆဲ။ စာတွေမြင်တိုင်း၊ဖုန်းသံမြည်တိုင်း နှင်းတုန့်ပြန်နိုင်သည်က ရင်ထဲမှနာကျင်မှုနှင့် မျက်ရည်များသာ။ နှင်းအတွက်ဝမ်းနည်းတိုင်း အဖော်ပြုစရာမျက်ရည်များသာရှိသည်။

ထို့နောက် ဖေဖေက နှင်းစိတ်ဆင်းရဲနေသည်ကို မကြည့်ရက်တော့သဖြင့် ပတ်ဝန်းကျင်အသစ်တွင် အတိတ်ကိုမေ့ပျောက်ပြီး နှင်းပျော်ရွှင်လာစေရန် အိမ်ပြောင်းဖို့စီစဉ်ပါတော့သည်။ နှင်းကိုပတ်ဝန်းကျင်သစ်၊ စိတ်သစ်၊ လူသစ်ဖြင့် ဘဝသစ်ကိုရစေချင်သည်။ နှင်းဘက်က နန္ဒကို လက်မတွဲတော့ရန် ဆုံးဖြတ်ထားသည်ဆိုပါက မေ့ပစ်ဖို့ ကြိုးစားပါဟု တိုက်တွန်းကြသည်။
အိမ်မပြောင်းခင် တစ်ပါတ်လောက်က နှင်းအိမ်ပြောင်းတော့မည်ဖြစ်သဖြင့် နှင်းဆီကို စာမရေးတော့ရန် နောက်ဆုံးအကြိမ်အဖြစ် စာတစ်စောင်ရေးပို့လိုက်သည်။ ဖုန်းနံပါတ်ပါပြောင်းထားပြီး အိမ်လိပ်စာ မပေးထားသဖြင့် အိမ်အသစ်ရောက်ပြီးနောက်ပိုင်း နန္ဒနှင့်အဆက်အသွယ် ပြတ်တောက်သွားသည်။ ဖုန်းမြည်သံများနှင့် နန္ဒဆီက စာများ မမြင်၊မတွေ့ရတော့သဖြင့် နှင်းစိတ်တွေ သက်သာရာရလာသည်။ အတိတ်ကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်စပြုလာကာ လက်ရှိဘဝတွင် နေသားတကျဖြစ်လာသည်။
အိမ်တွင်လည်း ဆွံ့အနားမကြားသူများ အသုံးပြုသည့် လက်ဖြင့်ပြောသည့် လက်ဘာသာစကားကို ဆရာမခေါ်ပြီး နှင်းတို့တစ်မိသားစုလုံးသင်ကြသည်။ တစ်မိသားစုလုံး လက်ဖြင့်ဘာသာစကားကို တတ်မြောက်လာပြီးနောက် အိမ်တွင်းဆက်သွက်မှု အဓိက ဘာသာစကားဖြစ်လာတော့သည်။ မိသားစု၏အားပေးမှုကြောင့်ပဲ ပတ်ဝန်းကျင်သစ်တွင်ပျော်ရွှင်စပြုလာသည်။ တစ်ခါတစ်ရံမှာတော့ နန္ဒကိုအိပ်မက်မက်ပြီး လန့်နိုးလာရသည်။ ထိုအချိန်မျိုးတွင် နန္ဒကို မြင်တွေ့ချင်လွန်းလှ၏။

။.......................။

တစ်နေ့ သင်ဇာတစ်ယောက် နှင်းနေထိုင်သည့် အိမ်အသစ်လေးသို့လာရောက်လည်ပတ်သည်။ နှင်းတို့ မတွေ့ဖြစ်ကြသည်မှာ ကြာပြီဖြစ်သောကြောင့် ပြောစရာ မကုန်နိုင်။ သင်ဇာပြောသမျှကို နှင်းက နားထောင်းပေးပြီး နှင်းပြောချင်တာကိုတော့ စာရွက်လွတ်လေးတစ်ခုနှင့် ချရေးပြရင်း နှင်းနှင့်သင်ဇာတို့ စကားတွေဖောင်ဖွဲ့ကြ၏ ။
“နှင်း နင်မကြားချင်လည်း နင့်ကိုပြောဖို့ လိုမယ်ထင်လို့ နန္ဒအကြောင်းပြောပြမယ်ဟာ။ သူအခု ပြန်ရောက်လာပြီသိလား။ နင့်ကို အသည်းအသန်လိုက်ရှာနေတယ်။ ပြီးတော့ ငါ့ကိုလည်း လာလာမေးတယ်။ ငါမသိဘူးဘဲ ဖြေထားတယ် ”
သင်ဇာကရုတ်တရက် နန္ဒအကြောင်းပြောတော့ နှင်းရင်တွေ နွေးသွားသည်။ မေ့ဖို့ရန်ကြိုးစားနေလျှက် မေ့လို့မရသေးပဲ ရင်ထဲတွင် အမြဲသတိရနေမိသည့် ချစ်သူ ပြန်လာပြီဆိုသည့် အသိသည် တည်ငြိမ်နေသည့်နှင်းစိတ်တွေကိုလှုပ်ရှားသွားစေသည်။ ဘာကြောင့် ပြန်လာရတာလဲဆိုသည့် အတွေးများကိုလည်း တဆက်တည်း အဖြေရှာနေမိသည်။ ကျောင်းပြီးရန် တစ်နှစ်သာ ကျန်တော့သည်ဟုနန္ဒရေးခဲ့သည့်စာကို နှင်းအမှတ်ရသွား၏။ ချက်ချင်းပဲ စာရွက်ပေါ်တွင် သိချင်သည့် မေးခွန်းတစ်ချို့ကို အမြန်ရေးခြစ်လိုက်ပြီး သင်ဇာရှေ့သို့ထိုးပေးလိုက်သည်။
“ ဘာလို့ပြန်လာရတာလဲ ။ သူကျောင်းက ဘယ်လိုလုပ်မလဲ။”
“အေး။ ကျောင်းဆက်မတက်တော့ဘူးလို့ပြောတယ်။ သူပြန်ပြန်ရောက်ရောက်ချင်းနေ့ကလည်း ငါ့ကိုလာရှာတယ်။ နင့်အိမ်လိပ်စာကိုတောင်းတယ် ”
အိမ်လိပ်စာဆိုသည့် စကားကြောင့် စာရွက်ပေါ်တွင် စာကြောင်းတစ်ချို့ကို ထပ်မံရေးခြစ်လိုက်ပြန်သည် ။ လက်နှစ်ဘက်ကိုခါယမ်းလျှက် နှင်းတောင်းဆိုမိပါသည်။
“မပေးနဲ့နော်။ ခုချိန်က သူသွေးပူနေတုန်းအချိန်မို့လို့။ ကြာရင်တော့ သူငါ့ကိုမေ့သွားမှာပါ ။ ”
“အေးပါ။ ငါမပြောပါဘူး။ ဒါပေမယ့် ငါနင်တို့နှစ်ယောက်လုံးကို သနားတယ်ဟာ။ ”
သင်ဇာက နှင်းကို သနားတယ်လို့ပြောသည့် စကားကို နှင်း ခါခါးသီးသီး ငြင်းမိသည်။ ဖြစ်နိုင်လျှင် ဘယ်သူသနားတာကိုမှ မလိုချင်ပါ။ အထူးသဖြင့် နန္ဒက နှင်းကို သနားပြီ လက်ထပ်မှာကို ပို၍တောင် လက်မခံချင်။
နှင်းအိမ်သစ်ကိုပြောင်းလာသည်မှာ နှစ်လရှိပြီ။ နှင်းတို့ အိမ်မပြောင်းခင်ကတည်းက နှင်းအကြောင်း ဘာတစ်ခုမှ နန္ဒကို မပြောဖို့ သင်ဇာကို တားမြစ်ခဲ့သည်။ ယခုလည်း ထပ်မံသတိပေးလိုက်သည့်အပြင် နန္ဒ နှင်းကိုမေ့အောင်လည်း သင်ဇာကိုတိုက်တွန်းစေခဲ့သည်။ သင်ဇာကတော့ အပြစ်မရှိသည့် နန္ဒကိုရှောင်နေသည့်အတွက် နှင်းကို မကျေနပ်ချင်။ သင်ဇာပြန်သွားပြီးနောက် နှင်းစိတ်တွေ မကြည်လင်တော့။ နန္ဒပြန်လာပြီ၊ မြန်မာပြည်တွင် နန္ဒရှိနေသည်ဆိုသည့် အသိတွေက နှင်းကို ပြန်နှိပ်စက်လာပြန်ပါသည်။ နန္ဒကိုတွေ့လျှင် ကျောင်းပြန်တက်ရန် သင်ဇာကတစ်ဆင့်ပြောချင်နေမိသည်။
မကြာခဏ နှင်းနှင့်သင်ဇာတွေ့ဖြစ်ကြသည့်အချိန်တွင် နန္ဒအကြောင်းမေးမိသည်။ သင်ဇာက နန္ဒနှင့်သူအဆက်အသွယ်မရှိတော့ဟုဆိုသည်။ သည်နောက်ပိုင်း နှင်းလည်းမမေးမိတော့။ သင်ဇာလည်း အလာနည်းသွားသည်။ နန္ဒနှင့်ပတ်သက်ပြီး နှင်းကို သင်ဇာစိတ်ဆိုးနေပြီလားဟုလည်း တွေးထင်နေမိသည်။ ယခုဆိုလျှင်သင်ဇာရောက်မလာတော့သည်မှာ လေးငါးလတောင်ရှိပြီ။ သင်ဇာမလာသဖြင့် နှင်းလည်း နန္ဒအကြောင်း မသိရတော့ သဖြင့် တခါတရံသတိရလွမ်းဆွတ်မိ၊ စိတ်ပူမိသည်။ သင်ဇာလာမှသာ နန္ဒအကြောင်းကို နှင်းသိရမှာဖြစ်သည်။ နန္ဒဘာလုပ်နေလဲဆိုသည့် သတင်းလေးတွေ နှင်းမက်မက်မောမော ကြားချင်နေမိသည်။ သင်ဇာကို ဖုန်းဆက်ဖို့ရန် နှင်းဘက်က မဖြစ်နိုင်။ အိမ်လိုက်သွားဖို့ဆိုတာလည်း နှင်းအိမ်ပြင် မထွက်တာကြာပြီ။ ဘာမှမတတ်နိုင်သည့်အဆုံး နှင်းလုပ်နိုင်သည်မှာ သင်ဇာတစ်ယောက် နှင်းအိမ်ဘက်ကို လာပါစေ ဟုသာ ဆုတောင်းနေမိသည်။

။.......................။

တစ်နေ့တွင် သင်ဇာတစ်ယောက်နှင်းဆီကိုရောက်လာသည်။ နှင်းဝမ်းသာလွန်းသဖြင့် သင်ဇာကိုပြေးဖက်မိသည်။ အကြာကြီးရှိပြီ ဘာလို့မလာတာလဲ နှင်းလက်ဟန်ခြေဟန်ဖြင့်သာ သင်ဇာကို မနားတမ်းမေးနေမိသည်။
“အေးပါ အေးပါ ထားပါတော့။ ငါမအားလို့ပါဟယ်။ ခွင့်လွတ်ပါ သူငယ်ချင်းလေးရယ်။ အဲတာတွေထားအုံး ဒီမှာ အရေးကြီးတာပြမလို့။ ရော့....”
သင်ဇာက လက်ထဲမှ စာအိတ်တစ်ခုကို ကိုင်လျှက် နှင်းကိုလှမ်းပေးသည် ။ ဖိတ်စာတစ်ခုမှန်းခန့်မှန်းမိသည့်နှင်းက နားမလည်စွာ တစ်ချက်ကြည့်မိသည်။ ထိုဖိတ်စာဖြင့် သင်ဇာကို ထိုးပြသည်။ နင့်မင်္ဂလာဆောင်လား ဆိုသည့် ဆိုလိုဟန်ကို နားလည်၍ သင်ဇာက ဟက်ဟက်ပက်ပက်ရီသည်။

“ငါ့ဟာ မဟုတ်ဘူး။ နန္ဒဖိတ်စာ ”

မမျှော်လင့်မ
ထင်မှတ်ထားမိသည့် စကားတစ်ခွန်ကို သင်ဇာက ရုတ်တရက် ဖွင့်ပြောချလိုက်တော့ နှင်း၏ လက်ဖျားခြေဖျားများ ချက်ချင်းအေးစက်သွားရသည်။ အဖြူရောင် ဖိတ်စာလေးက ရက်စက်စွာ လှပလွန်းပါသည်။ နှင်းကို နန္ဒ တော်တော်စိတ်နာသွားပြီထင်ပါ၏။ နန္ဒပြန်လာသည်မှာ ခြောက်လပင် မရှိသေး။ မင်္ဂလာဖိတ်စာ နှင်းလက်ထဲကိုရောက်လာပြီ။ ဘာပဲဖြစ်ဖြစ် နန္ဒရွေးချယ်လိုက်သည့်လမ်းက မှန်သည်ဟုလည်း နှင်းယူဆမိပါသည်။ သင်ဇာက ဖွင့်ကြည့်ပါဆိုသည့် အမူအရာဖြင့် မေးဆတ်ပြသည်။ ကြေကွဲစွာဖြင့် နန္ဒ၏မင်္ဂလာဖိတ်စာကို တစ်ဖြေးဖြေးဖွင့်ဟကြည့်မိသည်။ မျှော်လင့်ထားလျှက်နှင့် သတို့သားနေရာတွင် နန္ဒနာမည်ကို မြင်တော့ နှင်းရင်ထဲစူးခနဲ နာကျင်သွားရသည်။ ခုတော့ တသက်တာဝေးရပြီပေါ့လေ။
သတို့သမီးနာမည်ကို မြင်တော့ နှင့် ကိုယ့်မျက်လုံးများကိုပင် ကိုယ်မယုံနိုင်။ နှင်းဘာကိုမှ နားမလည်တော့။ သင်ဇာကိုတစ်ချက်ကြည့်လိုက်သည်။ သင်ဇာကနှင်းကို ဝမ်းသာအားရ တင်းကျပ်စွာ ဖက်လာ၏။ သတို့သမီးနာမည်နေရာမှာ ရှိသည်က နှင်း ၏ နာမည်ဖြစ်နေသည်။
“အဲတာတွေ အားလုံး နန္ဒစီစဉ်တာ။ နန္ဒပါလာတယ်။ ဟိုမှာ”
သင်ဇာညွန်ပြသည့်နေရာကို နှင်းလှမ်းကြည့်မိသည်။ နှင်း၏အိမ်ထဲသို့ မဝင်လာပဲ တံခါးဝတွင် ရပ်နေသည့် နန္ဒကိုတွေ့လိုက်ရသည်။ လက်ထဲတွင် ပန်းစည်းတစ်စည်းကို ပိုက်ထားသေး၏။ နှစ်နှစ်နီးပါးခွဲနေရသည့် ချစ်သူကို နှင်းအားရဝမ်းသာစွာပြေးကြိုချင်မိပါသည်။ နန္ဒက အံသြစွာကြည့်နေသည့် နှင်းဆီကို တည်တည်ငြိမ်ငြိမ်မျက်နှာထားဖြင့် လျှောက်လာသည်။ မျက်နှာချင်းဆိုင်အနေအထားရောက်တော့ နှင်းကို သေသေချာချာကြည့်သည်။ အဲဒီနောက် နှင်းဆံပင်တွေကို ခပ်ဖွဖွလေး ပွတ်သတ်ပေးသည်။ လက်ဟန်ဖြင့် နှင်းကို စကားစပြောသည်။ ပါးစပ်ကနေ စကားလုံး တစ်ခွန်းမှ မဆိုပဲ လက်ဘာသာစကားဖြင့်သာ ပြောဆိုနေသည်ကို နှင်းတွေ့ရသဖြင့် နှင်းတုန်လှုပ်သွားမိသည်။

“နှင်း နေ ကောင်း လား”
“နှင်းပိန်သွားလိုက်တာ ။ ခုနှင်းအနားကို ကိုယ်ပြန်ရောက်လာပြီ။ ”
“နှင်း ဘယ်ကိုပဲ ရှောင်ပုန်းပုန်း ကိုယ်ရအောင် လိုက်ရှာမှာပဲ ”
“ကိုယ့်ကိုလက်ထပ်ခွင့်ပေးမယ်မဟုတ်လား။ ”
လက်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေသည့် သူ့လက်ချောင်းတွေက နှင်းကို အံ့အားသင့်လွန်းစေသည်။ အို.. သူ ဒီဘာသာစကားကို ဘယ်အချိန်က တတ်သွားပါလိမ့်။ နှင်းရင်ခုန်သံတွေ တဒိန်းဒိန်းမြည်ဟီးနေ၏။ ဝမ်းသာလွန်း၍ မျက်ဝန်းတစ်ခုလုံး မျက်ရည်များ လိမ့်ဆင်းလာသည်။ နှင်းရဲ့ လက်ချောင်လေးများ လှုပ်ရှားလာကာ ပြန်မေးလိုက်သည်။
“ဘယ်အချိန်က သင်လိုက်တာလဲဟင်”
ဒီတခါတော့ နန္ဒက လက်ဖြင့်မဖြေတော့။ နှင်းမေးခွန်းကို နှုတ်ကပြန်ဖြေသည်။
“နှင်းအဆက်အသွယ်ဖြတ်သွားတော့ ကိုယ်ကျောင်းတက်တာကို ရပ်ခဲ့ပြီး ဒီကို ပြန်လာခဲ့တယ်။ သင်ဇာကို မရမက မေးလို့ နှင်းရဲ့ အဖြစ်အပျက်နဲ့ နှင်းကိုယ့်ကို ရှောင်နေတဲ့ အကြောင်းတွေ သိခဲ့ရတယ်လေ။ နှင်းက ကိုယ်နဲ့ အခြေအနေမတူလို့ အတွေ့မခံချင်တော့တာကို ကိုယ်သိလိုက်ရတော့ ကိုယ် ဒီ လက်ဘာသာစကားကို သွားသင်ရတာပေါ့။ ခုဆို ကိုယ်ကျွမ်းကျွမ်းကျင်ကျင် တတ်ခဲ့ပြီလေ။ နှင်းနဲ့ ပြောဆို ဆက်သွယ်ဖို့ အဆင်ပြေပြီမဟုတ်လား”
နှင်း မျက်ရည်များဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ တစ်ယောက်ကတစ်ယောက်ကို မြတ်နိုးတယ်ဆိုတာ စကားသံတွေနဲ့ ဖော်ပြနေဖို့တစ်ခုထဲ မဟုတ်ပါဘူးနှင်းရယ်။ တစ်ယောက်ရင်ထဲ တစ်ယောက်မြင်နိင်အောင် ကြည့်ဖို့အဓိကပါ။ နှင်းဆီက စကားသံတွေ ကြားဖို့ထက် နှင်းကိုယ့်အနားမှာ ရှိဖို့ပဲ ကိုယ်ပိုလိုအပ်တာပါ။ ကိုယ်ပြောတာ နားလည်တယ်နော်”

ဒီတခါတော့ နှင်း ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ နှင်း အပေါ် ဒီလောက် ချစ်တတ်လွန်းသူကို နှင်းကိုယ်တိုင်လည်း အဆုံးရှုံးမခံနိုင်တော့ပါ။ နန္ဒပြောသလို နှင်း ပြောချင်သမျှကို သူနားလည်ပြီဆိုရင် နှင်းတို့ကြားမှာ ခြားနားခြင်းတွေ သိပ်မရှိတော့ဟု ထင်ပါသည်။
နန္ဒက လက်ဘာသာ စကားဖြင့် လှမ်းပြောသည်။ သူပြောသည့် အဓိပ္ပါယ်က နှင်းကို ရင်ခုန်ရစေလွန်းပါသည်။ နှင်းလည်း သူ့မေးခွန်းကို ဖြေလိုက်၏။ နှင်းအဖြေကို မြင်တော့ နန္ဒ ပျော်ရွှင်စွာဖြင့် နှင်းကို ပွေ့ချီ၏။ သင်ဇာက နားမလည်နိင်သေး။
“ ဘာတွေပြောကြတာလဲ။ ငါ့ကိုလည်း ပြောပြကြအုံးလေ”
နန္ဒက နှင်းကို ပွေ့ချီလျက်နှင့်ပင် ပြန်ဖြေသည်။
“ငါက သူ့ကို မေးလိုက်တယ်။ နှင်းကို ငါလက်ထပ်ပါရစေလို့။ အဲဒီတော့ သူကလည်း ပြန်ဖြေတယ်လေ။ သဘောတူပါတယ်တဲ့။ ”
ခုမှ အကြောင်းစုံ နားလည်သွားသည့် သင်ဇာက ဝမ်းသာလွန်းစွာဖြင့် နှင်းလက်နှစ်ဘက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
“ဝမ်းသာလိုက်တာဟယ်။ ဒီလောက်ချစ်ကြတဲ့ ချစ်သူတွေ မဝေးကြရတော့ဘူး။ ငါ အရမ်း ဝမ်းသာတာပဲ။”
နှင်းကိုယ်တိုင်လည်း မယုံနိင်လောက်အောင် ဝမ်းသာပျော်ရွှင်လွန်းပါသည်။ ဒီတစ်ကြိမ်တော့ နှင်းတို့ အမှန်တကယ် ပေါင်းစည်းရတော့မည်။ နန္ဒပြောသည့် စကားလေးကို သိပ်သဘောကျပါသည်။ သိပ်မှန်သည်ဟုလည်း ထင်ပါသည်။
တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးတယ်ဆိုတာ စကားသံတွေနဲ့ ဖော်ပြနေဖို့တစ်ခုထဲ မဟုတ်ပါဘူး။ တစ်ယောက်ရင်ထဲ တစ်ယောက်မြင်နိင်အောင် ကြည့်ဖို့အဓိကပါ .. တဲ့လေ။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

21 comments:

ချစ်စံအိမ် said...

ဖတ်ပြီ မျက်ရည်ဝဲမိပါတယ်
ချစ်တတ်လိုက်ကြတာ အားကျတဲ့ဇာတ်လမ်းထဲက
အချစ်မျိုး :)

blackroze said...

အမွန်ရေးထားတဲ့ ဝတ္ထုထဲကအချစ်မျိုးကိုအားကျလိုက်တာလေ..

Anonymous said...

ကြည်နှုးအားကျစရာပါလား

မောင်ဘကြိုင်

Anonymous said...

အရမ်း ဖတ်လို့ကောင်းပါတယ်။ ပထမဆုံးအကြိမ် လာဖတ်ဖူးတာပါ။ နင့်နေအောင် ဆွဲခေါ်သွားပြီး အဆုံးပိုင်းလေးမှာ စိတ်ချမ်းသာမှုကို ဖန်တီးထားပေးတဲ့ စိတ်အာဟာရဖြည့်ဝတ္ထုလေး တစ်ပုဒ်ပါ။

Anonymous said...

အရမ်း ဖတ်လို့ကောင်းပါတယ်။ ပထမဆုံးအကြိမ် လာဖတ်ဖူးတာပါ။ နင့်နေအောင် ဆွဲခေါ်သွားပြီး အဆုံးပိုင်းလေးမှာ စိတ်ချမ်းသာမှုကို ဖန်တီးထားပေးတဲ့ စိတ်အာဟာရဖြည့်ဝတ္ထုလေး တစ်ပုဒ်ပါ။

Anonymous said...

အရမ်း ဖတ်လို့ကောင်းပါတယ်။ ပထမဆုံးအကြိမ် လာဖတ်ဖူးတာပါ။ နင့်နေအောင် ဆွဲခေါ်သွားပြီး အဆုံးပိုင်းလေးမှာ စိတ်ချမ်းသာမှုကို ဖန်တီးထားပေးတဲ့ စိတ်အာဟာရဖြည့်ဝတ္ထုလေး တစ်ပုဒ်ပါ။

Anonymous said...

အရမ်း ဖတ်လို့ကောင်းပါတယ်။ ပထမဆုံးအကြိမ် လာဖတ်ဖူးတာပါ။ နင့်နေအောင် ဆွဲခေါ်သွားပြီး အဆုံးပိုင်းလေးမှာ စိတ်ချမ်းသာမှုကို ဖန်တီးထားပေးတဲ့ စိတ်အာဟာရဖြည့်ဝတ္ထုလေး တစ်ပုဒ်ပါ။

sosegado said...

ပျော်ရွှင်စရာဇာတ်လမ်းလေးပါပဲ၊ နှင်းအတွက်တော့ ခံစားရတယ်၊

sosegado said...

ပျော်ရွှင်စရာဇာတ်လမ်းလေးပါပဲ၊ နှင်းအတွက်တော့ ခံစားရတယ်၊

san htun said...

ကြည်နူးဖို့ အရမ်းကောင်းတယ်..အားကျတယ်ဗျား

ခရစ္စတလ် said...

အချစ်စစ်စစ်များ :)

မြစ်ကျိုးအင်း said...

လှိုက်မောမှုတွေ ဒုက္ခတွေကြားထဲက အမိအရ လာဆုပ်ကိုင်တဲ့ လက်နဲ့ ချစ်သူကို မနစ်မွန်းစေချင်သူရဲ့ လက် နှစ်ဖက် ပိုင်နိင်ဆုပ်ကိုင်သွားနိင်တာ ကြည်နူးစရာပါပဲ။
Happy Ending လေးပါ။ ဖတ်ရသူ စိတ်ကြည်နူးစေတယ်။

Anonymous said...

မွန်ရေ
စာလာဖတ်ပါတယ်နော်
ဘာသာပြန်လား
ရှားပါးတဲ့မေတ္တာနဲ့ယှဉ်တဲ့အချစ်ကြောင်းလေးနော်

ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

P.S အလုပ်အဆင်ပြေတယ်ပဲဆိုရမလား အဆင်ပြေအောင်လုပ်နေတာဆိုပိုမှန်ပါလိမ့်မယ်။
အလုပ်နဲ့အိမ်ဝေးလို့ တအားပန်းတယ် မွန်ရဲ့ သတင်းမေးတာကျေးဇူးနော်

သစ်နက်ဆူး said...

ညီမမွန်...
နဲနဲလေး....ပျော့ နေသလိုဘဲ
(စိတ်တော့မဆိုးလိုက်ပါနဲ့ )
ကိုယ်ကလဲ...လူကြီးစိတ်နဲ့  ဖတ်မိတာလဲ
ပါ..ပါတယ်လေ..။

မြတ်မွန် said...

ဟုတ်အကို
စိတ်မဆိုးပါဘူး..
အမှန်တိုင်းဝေဖန်တာပဲနော်..
ခုလို ပြောပြတဲ့အတွက်ကျေးဇူးပါအကို..။

rose of sharon said...

ဇတ်လမ်းလေးက အဆန်းလေး... အိုင်ဒီယာကောင်းတယ်...

မြသွေးနီ said...

ခိုင်မြဲတဲ့အချစ်ကို သက်သေပြသွားတာ..
ချစ်စရာ ဇာတ်သိမ်းလေး..

သိ င်္ဂါ ရ said...

စာတွေ မဖတ်ဖြစ်တာ အရမ်းကြာသွားတယ် ...။

အရသာ ရှိတဲ့ စာတစ်ပုဒ်ကို ဖတ်ရလို့ ...

ကျေးဇူးပါ မမြတ်မွန်

s.thetnaing said...

အရမ်းကောင်းတယ်

s.thetnaing said...

အမရဲ့ဝတ္ထုတိုလေးကဖက်ရင်းနဲ့မျက်ရည်တောင်ဝဲလာတယ် ဆက်ကြိုးစားပါ..စိတ်ကူးကောင်းလေးတွေနဲ့ အမတယောက်အောင်မြင်သော ကလောင်ရှင်တဦး ဖြစ်နိုင်ပါစေ~~~

pay kat kat kaungmalay said...

တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးတယ်ဆိုတာ စကားသံတွေနဲ့ ဖော်ပြနေဖို့တစ်ခုထဲ မဟုတ်ပါဘူး။ တစ်ယောက်ရင်ထဲ တစ်ယောက်မြင်နိင်အောင် ကြည့်ဖို့အဓိကပါ .. တဲ့လေ။