ကျွန်တော်က အိပ်မက်ကို လိုက်ရှာနေတဲ့သူ။ ရှာသာရှာနေတာ ခုချိန်ထိ အိပ်မက်ဆိုတာ မတွေ့ဖူးသေးဘူး။ အိပ်မက်က အလုံးလား၊ အဝိုင်းလား၊ အပြားလားလည်း ကျွန်တော်မသိဘူး။ အိပ်မက်ကို သိတဲ့ လူတစ်ချို့ကတော့ ပြောတယ်။ အိပ်မက်ဆိုတဲ့ အရာက တန်းခိုးစွမ်းအင်တွေ ရှိတယ်တဲ့ ။ အဲ့ဒီအိပ်မက်က လူစွမ်းကောင်းတောင်ဖြစ်စေနိုင်တယ်တဲ့။ ဖြစ်ချင်တာကို တောင့်တရုံပဲ အကုန်ဖြစ်စေတယ်ဆိုပဲ။ တောင့်တရုံနဲ့ ဖြစ်စေနိုင်တဲ့ အဲဒီအိပ်မက်ကို ကျွန်တော်မြင်ချင်၊ တွေ့ဖူးချင်တယ်။ တောင့်တရုံနဲ့ လူစွမ်းကောင်းဖြစ်မယ်ဆိုရင် ကျွန်တော်လည်း ဖြစ်ချင်တာပေါ့။ ဘာမှမလုပ်ရပဲ အိပ်မက်ရှိရုံနဲ့ အားလုံးဖြစ်မယ်ဆိုတော့ ဘယ်လို အစွမ်းမျိုးပါလိမ့်။ အိပ်မက်ကိုလိုချင်ရင် အမှောင်ထုထဲမှာ ရှာရမယ်ဆိုတဲ့ သဲလွန်စရတယ်။ ဒါနဲ့ပဲ အိပ်မက်ကို နဖူးတွေ့ဒူးတွေ့ ကြုံချင်တဲ့နေ့ကစပြီး အမှောင်ထုပေါင်းမြောက်မြားစွာကို ကျွန်တော်လျှောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ခုချိန်ထိတော့ မတွေ့သေးဘူး။ အဲဒီလောက် စွမ်းအားရှိတဲ့ အရာကို မရရအောင် ရှာမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပြီးပြီ။

တစ်နေ့တော့ ထုံးစံအတိုင်း အမှောင်ထုတစ်ခုကို တိုးဝင်လိုက်တဲ့ အခါမှာ လမ်းမတစ်ခုထက်ပေါ် ကျွန်တော် ရောက်နေခဲ့တယ်။ လမ်းလေးက မှုန်ပြပြ။ ကျွန်တော်ရှေ့ဆက်လျှောက်လာရင်း လမ်းဆုံလမ်းခွ တစ်ခုကို တွေ့လိုက်ရတယ်။ ကျွန်တော်ဘယ်လမ်းကို လိုက်ရမလဲ။ ညာဘက်လမ်းကို ပထမဦးဆုံးရွေးလိုက်တယ်။ လမ်းထဲဝင်စမှာပဲ ကျွန်တော်မမြင်ဖူးတဲ့ ခေတ်တစ်ခေတ်ကို ရောက်နေသလို ခံစားလိုက်မိတယ်။ လူတွေက စည်စည်ကားကား။ လူတိုင်းက ဝတ်ရုံတွေ ကိုယ်စီနဲ့ ။ လူတိုင်းကိုယ်စီမှာ မှုတ်ဆိတ်မွှေးရှည်ရှည်တွေရှိကြတယ်။ ခန္ဓာကိုယ်တွေက တောင့်တင်းခိုင်မာကြတယ်။ ကြွက်သားလုံးကြီးများနဲ့ ကျန်းမာသန်းစွမ်းကြပုံပေါက်တယ်။ တူညီတာက အားလုံးက တောက်တောက်ပပ။ ထိုလမ်းထဲမှာ စူးစမ်းရင်း လျှောက်လာနေတဲ့ ကျွန်တော့်ကို ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လူတွေကကွက်ကြည့်ကွက်ကြည့်နဲ့ ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင်လို အကဲခတ်နေကြတယ် ။ သူတို့ ကြည့်လည်းကြည့်ချင်စရာပါ။ ကျွန်တော့်ခန္ဓာကိုယ်ဟာ ပိန်လိန်ကျုံးလှီးနေပြီး လူတစ်ယောက်ရဲ့အသွင်တောင် ပျောက်ချင်နေပြီကိုး။ ကျွန်တော့်ကို သွားရင်းလာရင်း ကြည့်သွားရုံသက်သက်ပါပဲ လေ့လာစူးစမ်းနေဖို့ သူတို့မှာ အချိန်မရှိဘူး။ ကျွန်တော် သတိထားမိသလောက် ကလေးတွေက စလို့ လူကြီးလူငယ် အဘိုးကြီး၊အဖွားကြီးကအဆုံး ပတ်ဝန်းကျင်က လူတိုင်းကိုယ်စီ အလုပ်လုပ်နေကြတယ်။ လူတိုင်းနီးပါး မအားမလပ်နဲ့ ဘာတွေ များအလုပ်ရှုပ်နေကြတာလဲ ဆိုတာကို ကျွန်တော် သိချင်လာတယ်။ လူတစ်စု စုဝေးလုပ်ကိုင်နေတဲ့ နေရာကို လျှောက်သွားလိုက်ပြီး မေးလိုက်တယ်။

“ခင်ဗျားတို့ ဘာတွေ အလုပ်ရှုပ်နေကြတာလဲ။ ဘာအတွက်လဲ ”

ကျွန်တော့်မေးခွန်းကို အားလုံးက မအားမလပ်နဲ့မို့ ဘယ်သူမှ ဂရုတစ်စိုက်ပြန်မဖြေကြဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သိချင်နေတယ်။

“ ဟေ့လူတွေ”

ကျွန်တော်ထပ်မေးဖို့ ပြင်တော့ လူတစ်ယောက်က လှည့်ကြည့်ပြီး တိုတိုတုတ်တုတ်ဖြေတယ်။

“ ငါတို့လုပ်နေတာ အနာဂတ်”
“ဘာလဲ အနာဂတ်”
“အနာဂတ်ဆိုတာ အနာဂတ်ပေါ့”
“ခင်ဗျားတို့ အနာဂတ်ကတန်ခိုး ရှိလို့လား”

“အေး ရှိတယ်။ မင်းမှာ အနာဂတ်တစ်ခုရှိလာပြီးရင် မင်းလိုချင်တဲ့ တန်းခိုးတွေလည်း ရှိလာမယ်။ တန်ခိုးတွေရှိလာပြီဆိုရင်တော့ လူစွမ်းကောင်းလည်း ဖြစ်နိုင်တယ်။ မင်းဖြစ်ချင်တာတွေ ဖြစ်နိုင်ပြီပေါ့ကွာ။ အဲတာကြောင့် ငါတို့ အခု လုပ်နေတာ အနာဂတ်အတွက်။ အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်ပေါ့ကွာ။ ”

“ကျွန်တော်သိတာကတော့ အိပ်မက်ပဲ။ အိပ်မက်ကမှ တန်းခိုးရှိတာ။ ခင်ဗျားတို့မှာ အိပ်မက်ရှိရင် ခုလိုပင်ပင်ပန်းပန်းတွေ လုပ်နေစရာတောင် မလိုဘူး။ အဲတာကြောင့် ကျွန်တော်သိထားတဲ့ အိပ်မက်က ပိုတန်းခိုးရှိတယ်။ ”

ကျွန်တော်ရဲ့ ပြောသံကိုကြားတော့ တစ်ချို့က ခေါင်းကို တစ်ပါတ်လည်ကာ ပြန်ကြည့်တယ်။ တစ်ယောက်က ကျွန်တော့် အင်္ကျီကော်လံကိုဆောင့်ဆွဲကာ

"အိပ်မက်ဆိုတာ ဘာလဲ"

ခပ်လှမ်းလှမ်းက တစ်ယောက်က လှမ်းအော်ပြောတယ်။

"အိပ်မက်က အကျိုးမြတ်ရှိလားဗျို့ "

တစ်ချို့က

"အိပ်မက်ကိုတွေ့ရင်ပြောပါ သိချင်လို့"

ဒီလိုမေးပုံထောက်ရင်တော့ သူတို့ဆီမှာ အိပ်မက်မရှိဘူးဆိုတာ သေချာသွားပြီ။ ကျွန်တော်က အိပ်မက်ကို ရှာဖွေနေတဲ့သူ။ သူတို့က အိပ်မက်ကို မသိတဲ့ အနာဂတ်ကို တည်ဆောက်နေတဲ့သူတွေ။ ကျွန်တော် လမ်းမှားဝင်ခဲ့ပုံပဲ။ အိပ်မက်ကို မသိတဲ့ လူတစ်စုကို ကျွန်တော် စွန့်ခွါရင်း လမ်းဆုံလမ်းခွဘက်ကို ပြန်လျှောက်လာချိန် နောက်ဘက်က လှမ်းပြောသံ တစ်သံ ကြားလိုက်ရတယ်။

“မင်းရှာနေတာ မတွေ့ရင် ဒီကို ပြန်လာနိုင်တယ်။ ငါတို့လိုလုပ်နိုင်ရင် မင်းလည်း ငါတို့နဲ့အတူ နေခွင့်ရပါတယ်။”

ကျွန်တော်ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့တယ်။ လောလောဆယ် အိပ်မက်ကိုတွေ့ဖို့ပဲ ကျွန်တော်စိတ်ဝင်စားတယ်။ လမ်းဆုံရောက်တော့ ဒုတိယမြောက်လမ်းထဲဝင်တယ်။ ဒီလမ်းက အိပ်မက်ကိုတွေ့နိုင်တဲ့ လမ်းဆိုတာ သေချာသွားပြီ။ မှောင်မှောင်မဲမဲလမ်းတစ်ခုမို့ စမ်းတစ်ဝါးဝါးနဲ့ အမှောင်ထုတစ်ခုကို ဖြတ်လျှောက်လာခဲ့တယ်။ မှောင်မိုက်ပြီး ဝေဝါးနေတဲ့လမ်းမို့ လျှောက်ရတာ ကြောက်ဖို့တော့ကောင်းတယ်။ အရင်ကလည်းအိပ်မက်ကိုရှာဖွေဖို့ အမှောင်လမ်းတွေကို လျှောက်ခဲ့တာပါပဲ။ ဒါပေမယ့် ဒီလမ်းလောက် မှောင်မိုက်တာမရှိဘူး။ ဒါဆိုရင်တော့ သေချာပြီ။ အိပ်မက်ကိုတွေ့ရတော့မယ့်လမ်းပဲ။ ဒီလမ်းကမှ သူရှာနေတဲ့ အိပ်မက်ကို တွေ့နိုင်မှာ။

ဘယ်လို အိပ်မက်ဘဲ ဖြစ်ဖြစ်အိပ်မက်နဲ့ ကျွန်တော်တွေ့ချင်တယ်။ အိပ်မက်ကို တွေ့အောင်ရှာရမယ်။ အိပ်မက်ကိုပိုင်တဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့ရင် အိပ်မက်နည်းနည်းလောက်တောင်းကြည့်မယ်။ ဒါမှမဟုတ် ငှားသင့်ရင် ငှားကြည့်မယ်။ လမ်းတွေ တစ်ခုပြီး တစ်ခုကိုကျော်ဖြတ်လာပေမယ့် အိမ်စုတ်၊ တဲစုတ်လေးတချို့ကို ကွက်တိကွက်ကြားတွေ့တယ်။ တစ်ချက်တစ်ချက် အမှောင်ထုထဲက ရှိုက်သံသဲ့သဲ့ကိုကြားရပြန်တယ်။ တစ်ချို့နေရာတွေမှာ အရိုးစုတချို့ကို တွေ့ရတယ်။ ဘယ်လိုလမ်းပါလိမ့်။ စုတ်ချာလွန်းလှတယ်။ စောစောကရောက်ခဲ့တဲ့ လမ်းနဲ့တော့ အတော့်ကို ကွားခြားနေတာတော့ အမှန်ပဲ။

ရှေ့ဆက်လျှောက်လာရင်း သစ်ပင်ကြီးအောက်မှာ မီးခိုးငွေ့တစ်ထောင်းထောင်းနဲ့ ဆေးလိပ်ထိုင်ဖွာနေတဲ့ လူတစ်စုကို တွေ့လိုက်တယ်။ ကျွန်တော်ဝမ်းသာအားရ လှမ်းလျှောက်သွားလိုက်တယ်။ ကျွန်တော့်လိုပဲ ပိန်လှီခြောက်ကပ်နေတဲ့ ခန္ဓာကိုယ်တွေနဲ့ လူတစ်စုက ကျွန်တော့်ကိုတွေ့တော့ နှတ်ဆက်ပြုံးပြကြတယ်။ သူတို့ကတော့ ကျွန်တော့်ကို အရေးတယူနှုတ်ဆက်ဖော်ရပါတယ်။ သူတို့ဆီက အိပ်မက်နည်းနည်းတောင်းမှပဲလို့ တွေးထားတဲ့ ကျွန်တော့်အတွေးက သူတို့ကိုကြည့်ပြီး တွေဝေသွားတယ်။ ခွန်အားမရှိပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သူတို့ဆီမှာရော အိပ်မက်ရှိနိုင်ပါ့မလား။ နည်းနည်းတောင်းဖို့ နေနေသာသာ ငှားဖို့တောင်ရှိမယ်မထင်ပါဘူး။

“ခင်ဗျားတို့ ဘာထိုင်လုပ်နေတာလဲ”
“ငါတို့အိပ်မက် ရှာနေတာ။ မောပြီးပင်ပန်းလွန်းလို့ ခဏနားနေတာ”

ကျွန်တော်ထင်တဲ့အတိုင်းပဲ သူတို့လည်း ကျွန်တော့်လို အိပ်မက်ရှာနေတဲ့ လူတွေ။ သူတို့ဘေးနားမှာ ကျွန်တော်လည်း ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်တယ်။ သူတို့လိုပဲကျွန်တော်လည်းရှာရတာ အားကုန်လှပြီ။ ကျွန်တော်ရှာဖွေနေတဲ့ အိပ်မက်က ခုချိန်ထိ မတွေ့သေးဘူး။ အချိန်တွေလည်း တော်တော်ကုန်လာပြီ။ နှစ်ပေါင်းများစွာတောင် ရှိလာပြီထင်ပါရဲ့။ လူတစ်ကိုယ်လုံးလည်း လူရုပ်ပင်မပေါက်ချင်တော့။ ငတ်တစ်လှည့် ပြတ်တစ်လှည့်မို့ ကျွန်တော့်မှာ ခွန်အားတွေ ချိနဲ့စပြုနေတာကို သတိထားမိတယ်။

ဝမ်းထဲက ဆာလောင်မှုက အိပ်မက်ဆိုတာ တစ်ကယ်ရောရှိရဲ့လားလို့ တစ်ဖြေးဖြေး တွေဝေလာစေတယ်။ အာခေါင်းထဲမှာ ခြောက်ကပ်ပြီး လည်းချောင်းထဲမှာ ပူလောင်လာတယ်။ ရှေ့ဆက်သွားဖို့လမ်းတွေကို ခွန်အားမရှိတော့ဘူးလို့ တွေးမိတယ်။ ဒီလိုသာဆိုရင် အိပ်မက်ကို မတွေ့ခင် ကျွန်တော် သေသွားနိုင်တယ်။ လမ်းမှာတွေ့ခဲ့တဲ့ အရိုးစုတွေလိုပဲ အထီးကျန်ဆန်ဆန် လဲလျောင်းသွားရနိုင်တယ်။ ကျွန်တော်ဘက်ဆက်လုပ်ရင် ကောင်းမလဲ။ လက်ကျန်အင်အားနဲ့ အိပ်မက်ကို ရှေ့ဆက်ရှာမလား။ အနာဂတ်ပုံဖော်နေတယ်ဆိုတဲ့ ဟိုလူစုဆီ ပြန်သွားမလား။ ကျွန်တော် ဆုံးဖြတ်ပြီး သစ်ပင်အောက်က ထွက်လာခဲ့တယ်။ အိပ်မက်ဆိုတာကို ခဏမေ့ပြီးခုလက်ရှိရဲ့ ဆာလောင်မှုကို ဖြေရှင်းရမယ်။ လာရာလမ်းကို ပြန်လျှောက်တော့ ကျွန်တော့်စိတ်ထင်လို့လားပဲ မသိဘူး။ လာတုန်းကလောက် မမှောင်တော့သလိုပဲ။ လမ်းတွေက မှောင်ရာကနေ တဖြေးဖြေးလင်းလာတယ်။ မှုန်မှိုင်းရာကနေ တောက်ပလာတယ်။ ကျွန်တော် ဆက်လျှောက်လာတယ်။ နောက်ဆုံးတွေ့တဲ့ အလင်းထဲ တိုးဝင်လိုက်တော့တယ်။

ကျွန်တော်မျက်လုံးပွင့်လာတဲ့အချိန် မြင်ကွင်းက ကျွန်တော့်အိပ်ခန်းဖြစ်နေတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့ လက်ရှိ ကမ္ဘာလောက။ ပြီးတော့ ကျွန်တော့် အခန်းငယ်။ ရှေ့မှာတော့ ဖတ်လက်စ စာအုပ်ကပွင့်လျက်။ ကျွန်တော် စာဖတ်ရင်းငိုက်မြည်းသွားပုံပါပဲ။ ဖတ်လက်စစာအုပ်ကို ဘေးတွန်းဖယ်လိုက်တယ်။ စာအုပ်နာမည်က “အိပ်မက်ကမ္ဘာငယ်”။ အိပ်မက်ထဲမှာ အိပ်မက်အကြောင်းကို သိခွင့်ရခဲ့ပြီ။ အိပ်မက်နဲ့ အနာဂတ် ဘယ်ဟာလိုက်ရှာသင့်လည်း သိခဲ့ရပြီ။ အိပ်မက်ထဲမှာ ကျွန်တော့်ကို လှမ်းပြောလိုက်တဲ့စကားကို ဖြတ်ခနဲပြန်ကြားတယ်။ “အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်” တဲ့။ ဟုတ်တာပေါ့။ ဆန္ဒတွေအကောင်အထည်ပေါ်ဖို့အတွက် တကယ်လိုအပ်တာက အနာဂတ်ကို ထုဆစ်ခြင်းပါပဲ။


~~~~~~~~~~~~~~~~~~~~~~~~
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

16 comments:

သတိုး said...

ပို့စ်အသစ် စောင့်နေတာ ကြာပေါ့ မမွန်ရာ..။ အလုပ်တွေ ရှုပ်နေလား။ အိပ်မက်တွေကို လိုက်မရှာနေတော့ပဲ အနာဂတ်ကို လက်တွေ့ကိုယ်တိုင် ထုဆစ်ဖို့ သတိပေးထားတဲ့ ဒီအက်ဆေးလေးက တန်ဘိုးရှိပါတယ်။
ပျော်ရွှင်ပါစေ။
ခင်မင်သော သတိုး

ချစ်စံအိမ် said...

“အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်” တဲ့
ကြိုက်တယ်မမရေ.........

sosegado said...

ဒိုင်လေးကိုကြိုက်ပါသည်
ခုတလော အိမ်မက်တွေ ထူးဆန်းနေတယ်၊

ရောင်နီလင်း said...

အားပေးသွားပါတယ်ခင်ဗျာ

မြသွေးနီ said...

မွန်ရေ...
အိပ်မက်တွေကနေ အနာဂတ်အတွက် ရောင်ခြည်တွေ ထုတ်ပေးနေကြတယ်နော်။
အင်း... အိပ်မက်ကောင်းကောင်း မမက်တာတောင် ကြာနေပြီ...။
နှစ်သက်စရာ အက်ဆေးလေးပါ ညီမရေ..။

san htun said...

အိမ်မက်တွေကို လိုက်ရှာရင်း...

ရွှေပြည်သူ (ShwePyiThu) said...

ပေးသွားတဲ့ Message က သိပ်ကိုကောင်းပါတယ် ညီမလေးရေ။ "အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်" ဆိုတဲ့ စကားကို သိပ်သဘောကျမိတယ်။

ခရစ္စတလ် said...

အနာဂတ်ကိုလည်း မမျှော်ချင်သေးဘူး ပျင်းလို့ ပစ္စပ္ပန်မှာပဲ နေအုံးမယ်နော်း)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အနာဂတ်ကိုမှန်းဆပုံဖော်ရတာ ခက်ခဲလွန်းတယ်

ဒါထက်မေးစရာရှိလို့
လှေကားပေါ်ကနေ ဖင်ထိုင်ရက်လဲကျပြီးခန်းမထဲအလိုလျောက်ရောက်သွားဖူးတယ်ဆိုး) အဲဒါမှန်ရင် မျက်စိထဲမြင်ယောင်ပြီး ခွက်ထိုးခွက်လန် ခွက်မှောက်ခုံ ခွက်ဇောက်ထိုးခွက်မိုးမျှော် ဟားတိုက်ရယ်သွားတယ် ဟားဟားဟား ဟီးဟီး
သူများလဲကျရင် လှောင်ပြောင်ရယ်မောတတ်သူ
ပုံ
မောင်ဘချိုင် အဲ ကြိုင်

မြတ်မွန် said...

ဘယ်သူချော်လဲတာလဲ ကိုဘကြိုင်....
ဖုန်းမှားဆက်သလိုပြောရရင်တော့ လူကြီးမင်းဖုန်းမှားနေပါတယ်။

ငြိမ်းစိုးဦး said...

အနာဂတ် အိပ်မက်ကို လှလှပပ လွမ်းခွင့်ရခဲ့ပါတယ် ...

crossing said...

ိလည် လာ ဒယ်....း((

crossing said...

မမွန်..ကျွန်တော်ဇာနည်ဗျ...ကလိကြည့်နေတာ..စိတ်မဆိုးနဲ့ နော်ဗျ...

minthat thitsar said...

လိုက်လာတယ် ကြိုက်လို့ 
မြတ်မွန်ရဲ့ အရေးအသားစိတ်ကူစိတ်သန်းကို

ကျေးဇူးပါ။

ထရီဆာ said...

အတွေးစလေးတွေ ကျန်ခဲ့ပါတယ် အမ မြတ်မွန် ..း)

lwannaung said...

အိပ်မက်ထဲ လမ်းလျှောက်ခဲ့ပါကြောင်း