အချစ်ဆိုတာ အသံမဲ့ ဘာသာစကား
“ကလင်.... ကလင်....” “ကလင်.... ကလင်....” ဧည့်ခန်းထဲမှ မြည်နေသည့် ဖုန်းမြည်သံသည် နှင်းအတွက် ညည့်နက်သန်းခေါင်မှာ ကြားရသည့် ငှက်ဆိုးထိုးသံ တစ်ခုနှင့်တူပါသည်။ ထိုအသံကြားရလျှင် နှင်းကြေကွဲရသည်။ ထိုဖုန်းသံသည် နှင်းကို လှောင်ပြောင်ပျက်ရယ်ပြုနေသည်ဟုလည်းထင်မိသည်။ ဖြစ်နိုင်လျှင် နှင်း မည်သည့်အသံကိုမျှ မကြားချင်ပါ။ မကြားဝံ့ပါ။ အကြောက်ဆုံးအသံကတော့ လူတစ်ဦးတစ်ယောက် လာရောက်စကားပြောမည့် စကားသံကိုပင် ဖြစ်၏။ ထို့ပြင်ဖုန်းအဝင် ခေါ်ဆိုသံကိုလည်း ကြောက်သည်။ နှင်းအတွက် အရေးတကြီး အရာများထဲမှ ဖုန်းခေါ်ဆိုသံသည် လွန်ခဲ့သည့် တစ်ပါတ်ခန့်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီးပြီ။ ယခုလို အိမ်တွင်မည်သူမှ မရှိသည့်အချိန် ဖုန်းသံမြည်နေခြင်းသည် နှင်းအတွက် စိတ်ဆင်းရဲစရာကောင်းသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။ သည့်ထက်ပို၍ ကြေကွဲစရာကောင်းသည်မှာ ယခုဖုန်းမြည်သံသည် နန္ဒ ခေါ်သည့် ဖုန်းသံဖြစ်သောကြောင့်ပင်။ ဖုန်းနံပါတ်ကို သွားမကြည့်သော်လည်း အဆက်မပြတ်မြည့်နေသည့် ဖုန်းသံသည် နန္ဒခေါ်သည်မှ လွဲ၍ တခြားမဖြစ်နိုင်ကြောင်း နှင်း ကောင်းကောင်းသိသည်။ နန္ဒခေါ်သည့် ဖုန်းမြည်သံကို ငေးကြည့်နေရသည်မှာ နှင်းရင်တွေ ပူလောင်လွန်းလှ၏။ နန္ဒ ဆိုတာ နှင်းသိ